BREAKING
February 15, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

February 15, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၉ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အထိ  

စစ်ခေါင်းဆောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၂၅ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်

Photo – AFP

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပါအဝင် စစ်တပ်အရာရှိ ၂၃ဦး၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ် ပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ရာမှာ ပါဝင်တယ်ဆိုပြီး အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့ တရားရုံးက ဖေဖော်ဝါရီလ ၁၃ ရက်မှာ ဝရမ်းထုတ်ခဲ့တာပါ။ အဲဒီအမှုကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စတာကင်တားနားရဲ့ ကိုယ်စားပြုမှုနဲ့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK) က ၂၀၁၉ ခုနှစ်မှာ အာဂျင်တီးနားတရားရုံးကို လျှောက်ထားခဲ့တာပါ။

အခုလို ဝရမ်းထုတ်လိုက်တာဟာ ရိုဟင်ဂျာတွေ လူမျိုးတုန်းသတ်ဖြတ်ခံရမှုအတွက် အရေးယူနိုင်ဖို့ သမိုင်းဝင်ခြေလှမ်း ဖြစ် တယ်လို့ BROUK အဖွဲ့က ထုတ်ပြန်ပါတယ်။ အခု ဝရမ်းထုတ်မှုကို နိုင်ငံတကာရဲတပ်ဖွဲ့-အင်တာပို၊ ကုလသမဂ္ဂ၊ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့-OIC၊ ဥရောပသမဂ္ဂ၊ အာဆီယံဥက္ကဋ္ဌ စတာတွေကို ပို့ပြီး စစ်ခေါင်းဆောင် တွေ ဘယ်နိုင်ငံရောက်ရောက် ဖမ်းဆီးနိုင်အောင် လုပ်မယ်လို့လည်း ဆိုပါတယ်။

ဝရမ်းထုတ်ခံရရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ ပါတယ်လို့ BROUK အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က သတင်းမီဒီယာတချို့မှာ အတည်ပြုပြောဆိုထားပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ ICC ရှေ့နေချုပ်ကလည်း ICC မှာ လျှောက်ထားခဲ့ပြီး အဲဒီအမှုဟာလည်း စိစစ်နေဆဲဖြစ်ပါတယ်။

……………………………………..

ဗိုလ်မှူးကြီးစောချစ်သူကို ထိုင်းက ဝရမ်းထုတ်ဖို့ပြင်ပြီးနောက် ကျားဖြန့်လုပ်ငန်းတွေကို BGF ဝင်ဖမ်း

ပုံစာ – ရွှေကုက္ကိုက တရုတ်ကျားဖြန့်လုပ်ငန်းတွေကို BGF က ဖေဖော်ဝါရီလ ၁၄ရက်မှာ ဝင်ရောက်စစ်ဆေးနေချိန်။ Photo – GBF

ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူအပါအဝင်သုံးဦးကို ထိုင်းနိုင်ငံက ဖမ်းဝရမ်း ထုတ်ဖို့ပြင်ပြီးနောက်မှာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုက တရုတ်ကျားဖြန့်လုပ်ငန်းတွေကို BGF က အပူတပြင်းဝင်ရောက်စစ်ဆေး ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။

အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းတွေနဲ့ လူမှောင်ခိုနှိမ်နှင်းရေး အထူးအဖွဲ့ ဖွဲ့ပြီး ဖေဖော်ဝါရီလ ၁၄ ရက်မှာ ဝင်ရောက် စစ်ဆေး ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာပါ။ ဟိုတယ်၊ စားသောက်ဆိုင်၊ ကာရာအိုကေ အပါအဝင် တရုတ်လုပ်ငန်းတွေ၊ အထပ်မြင့်အဆောက်အအုံတွေ၊ ခြံဝန်းတွေကို ဝင်ရောက် စစ်ဆေးနေပါတယ်။

လူကုန်ကူးမှုနဲ့ ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် BGF ထိပ်ပိုင်းခေါင်းဆောင်သုံးဦးကို ဝရမ်းထုတ်နိုင်ဖို့ ထိုင်းအထူးစုံစမ်း စစ်ဆေးရေးဌာန (DSI) က ပြင်ဆင်နေတဲ့အကြောင်း ထိုင်းအစိုးရဘက်ကပြောဆိုလာပြီးနောက်မှာ BGF က ကျားဖြန့်နှိမ်နင်း ရေး ဖိလုပ်လာတာပါ။ တရုတ်အစိုးရကလည်း ကျားဖြန့်လုပ်ငန်းတွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့ သတိပေးထား ပါတယ်။

ဒီလိုအခြေအနေတွေဖြစ်နေချိန်မှာပဲ BGF ဘက်ကလည်း ကျားဖြန့်လုပ်ငန်းတွေမှာ သူတို့ ပါဝင်ပတ်သက်တာ မရှိဘူးလို့ ငြင်းဆိုသလို ကျားဖြန့်လုပ်ငန်းတွေကို ပြတ်ပြတ်သားသား အရေးယူမယ်လို့ ပြောဆိုလာပါတယ်။ ကျားဖြန့်လုပ်ငန်းတွေမှာ ခိုင်းစေခံရသူတွေကို BGF က ထိုင်းဘက်သို့ ပြန်လည်လွှဲပေးတာတွေ လုပ်ဆောင်နေပါတယ်။

နောက်ထပ် လက်နက်အဖွဲ့တစ်ခုဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ကလည်း ကျားဖြန့် လုပ်ငန်းမှာ ခိုင်းစေခံရသူ ၂၆၀ ကျော်ကို ထိုင်းဘက်သို့ လွှဲပေးခဲ့ပါတယ်။ ဒါ့အပြင် သူတို့ထိန်းချုပ်ထားတဲ့ ဘုရားသုံးဆူမြို့ကနေ ကျားဖြန့်လုပ်တဲ့ တရုတ်နိုင်ငံသားတွေ ထွက်ခွာသွားဖို့လည်း သတိပေးထားပါတယ်။

……………………………………..

လူသုံး၊ အိမ်သုံးကုန်အချို့ကို တင်ပို့ခွင့် ထိုင်းအစိုးရပိတ်

ပုံစာ – ယခုသီတင်းပတ်အတွင်း မြဝတီမှာ စက်သုံးဆီ တန်းစီဝယ်နေကြတာပါ။ Photo – ဘီဝမ်း

မိုဘိုင်းဖုန်းနဲ့ လျှပ်စစ်ပစ္စည်းတွေကို ထိုင်း-မြန်မာနယ်စပ် မြဝတီနဲ့ တာချီလိတ်မြို့တွေကို တင်ပို့ခွင့် ထိုင်းအစိုးရက ပိတ်ပင်လိုက်ပါတယ်။

မိုဘိုင်းဖုန်း၊ မီးစက်၊ ဆိုလာ၊ ဘတ္တရီ၊ အင်ဗာတာ၊ ကေဘလ်ကြိုး စတာတွေအပြင် ဆော့ဝဲလ်တွေလည်း ပိတ်ပင်ခံရမှာ ပါဝင်တယ်လို့ နယ်စပ်က ကုန်သည်တွေကို မေးမြန်းပြီး ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။ ကျားဖြန့်လုပ်ငန်းတွေမှာ အသုံးပြုနိုင်တာကြောင့် အခုလို ပိတ်ပင်လိုက်တာလို့လည်း ဆိုပါတယ်။

ထိုင်းအစိုးရက မြဝတီ၊ တာချီလိတ်၊ ဘုရားသုံးဆူ စတဲ့မြို့တွေကို လျှပ်စစ်ဓာတ်အား၊ စက်သုံးဆီတွေ ဖြတ်တောက်ထား တာကြောင့် စက်သုံးဆီတွေ စျေးတက်တာ၊ ပြတ်လပ်တာတွေကြောင့် ပြည်သူတွေ အခက်အခဲများစွာ ကြုံနေရပါတယ်။

……………………………………..

တစ်ရက်အတွင်း ပုဂံအပါအဝင် မြို့နယ်ခုနစ်ခု လေကြောင်းတိုက်ခိုက်ခံရ

ပုံစာ – ဘီးလင်းမြို့နယ် တဂေးလောင်းချောင်းဖျားရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး နှစ်လုံးချ တိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းဆောင်တစ်ခုနဲ့ နေအိမ် ၁၇လုံး ပျက်စီးခဲ့ပါတယ်။ Photo – KNU

ကမ္ဘာ့အမွေအနစ်စာရင်းဝင် ပုဂံဒေသအပါအဝင် မြို့နယ် ခုနစ်ခုထက်မနည်းဟာ ဖေဖော်ဝါရီလ ၁၃ ရက်မှာ လေကြောင်းကနေ တိုက်ခိုက်ခံရပြီး အရပ်သားပြည်သူ ဆယ်နဲ့ချီသေဆုံးခဲ့ပါတယ်။

ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဟာ ပုဂံဒေသ ကျောက်ပြင်ကန်ရွာအနီးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ မွန်ပြည်နယ် သထုံနဲ့ ဘီးလင်းမြို့နယ်ထဲက ကျေးရွာသုံးရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ လေးကြိမ်ထက်မနည်း ဗုံးကြဲခဲ့တာကြောင့် အရပ်သား သုံးဦးသေဆုံးပြီး ၁၀ဦးထက် မနည်းဒဏ်ရာတဲ့အပြင် ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီး ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် ကျိန္တလီမြို့ကိုလည်း ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၃နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူ သေဆုံး ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၈ရက်နဲ့ ၁၂ရက်တွေမှာလည်း ဗုံးကြဲခံရတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာ၊ ရေဦးနဲ့ ဆားလင်းကြီးမြို့နယ်တွေမှာလည်း ပြည်ထောင်စုနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၂ရက်ညနဲ့ ၁၃ ရက် မနက်ပိုင်းတွေမှာ လေကြောင်းကနေတိုက်ခိုက်ခံရလို့ ကလေးငယ်တွေအပါအဝင် လူ ၁၀ကျော် သေဆုံးပြီး ၂၀ကျော် ဒဏ်ရာ ရတယ်လို့ ပြည်တွင်းသတင်းဌာနတချို့က ဖော်ပြပါတယ်။ တအာင်းတပ်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့နယ်က ကျောက်လုပ် ကွက်ကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ရက်မှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူငါးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

……………………………………..

ထိုင်းသို့ အလုပ်သမား တရားဝင်ပို့ခွင့် ဆိုင်းငံ့

ပုံစာ – ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများကို တရားဝင် ပို့ဆောင်မှုမြင်ကွင်း (ပုံဟောင်း) Photo – အလုပ်သမားသံအရာရှိရုံး

ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားတွေ တရားဝင် ပို့ဆောင်ခွင့် ဖေဖော်ဝါရီလ ၁၄ရက်မှာ စတင်ဆိုင်းငံ့ခံထားရတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ အသိုင်းအဝိုင်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ပြည်တွင်းသတင်းဌာနတချို့မှာ ဖော်ပြပါတယ်။

အေဂျင်စီ လေးခုကနေ ထိုင်းသို့ပို့တဲ့ အလုပ်သမား ၁၄၀ ကျော် လေဆိပ်မှာ စေလွှတ်ခွင့်ပြုမိန့် အချိန်မီမတင်ပြနိုင်ရာကနေ ပြဿနာ ပေါ်ပေါက်ရာကနေ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားပို့ဆောင်ခွင့် ဆိုင်းငံ့ကြောင်းကို နှုတ်အမိန့်နဲ့ ညွှန်ကြားလာတာလို့ ဆိုပါတယ်။

ရုတ်တရက် ဆိုင်းငံ့လိုက်သဖြင့် ထိုင်းနိုင်ငံဘက်နှင့် ကတိပျက်သလို သွားရောက်ဖို့ စီစဉ်ထားတဲ့ အလုပ်သမားတွေမှာလည်း နစ်နာမှုတွေရှိတယ်လို့ ပြေဆိုကြပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်အမျိုးသားတွေကို ပြည်ပ ထွက်ခွင့် နည်းမျိုးစုံနဲ့ တင်းကျင်နေပါတယ်။ အခုလို တရားဝင် သွားရောက်ခွင့်ကို ပိတ်ပင်လိုက်တဲ့အတွက် တရားမဝင် သွားရောက်မှု ပိုမိုမြင့်တက်လာဖို့ ရှိတယ်လို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

……………………………………..

တော်လှန်ရေးရန်ပုံငွေထည့်ဝင်သူတွေကိုသာ မင်းတပ်မြို့ မှာ ပြန်နေခွင့်ပြု

ပုံစာ –  မင်းတပ်မြို့တွင်းတစ်နေရာမှာ မိုင်းသတိပေးချက်ဆိုင်းဘုတ်ကပ်ထားတာကို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက တွေ့ရတာပါ။ Photo – HKL Mindat

ချင်းကာကွယ်ရေးတပ်တွေ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၁ရက်မှာ သိမ်းယူထိန်းချုပ်ထားတဲ့ မင်းတပ်မြို့မှာ ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုနေပြီဖြစ်ပါတယ်။

ပြန်လည်ဝင်ရောက်နေထိုင်လိုသူတွေဟာ တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ထားဖို့လိုပါတယ်။ မထည့်ဝင်ရသေးသူတွေကို ဆိုရင် မြို့အဝင်ဂိတ်တွေမှာ တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်စေပြီး အဲဒီဖြတ်ပိုင်းနဲ့ ဝင်ခွင့်ရမယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၉ရက်မှာ ထုတ်ပြန်ပါတယ်။

မြို့သိမ်းတိုက်ပွဲကြောင့် မြို့ကိုစွန့်ခွာခဲ့ရပြီး အခက်အခဲများစွာဖြင့် နေထိုင်ခဲ့ရတဲ့ ပြည်သူတွေ အိမ်ပြန်ချိန်မှာ တော်လှန်ရေး ရန်ပုံငွေထည့်မှ ဝင်ခွင့်ပြုမယ်ဆိုတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။ မင်းတပ် ပအဖ ပြောရေးဆိုခွင့် ရှိသူကတော့ မြို့သိမ်း တိုက်ပွဲကာလအတွင်း ခက်ခဲတာချင်းအတူတူ အများစုက ရန်ပုံငွေထည့်ပြီး တချို့ကျ မထည့်ဘဲ နေလို့ရတာဆိုမျိုး လုပ်လို့ မရဘူးလို့ ဘီဘီစီမြန်မာပိုင်း သတင်းတစ်ရပ်မှာ ဖြေကြားထားပါတယ်။

……………………………………..