ပုလောမြို့နယ်၊ ရှပ်ပုံရွာတွင် ဖေဖော်ဝါရီလ ၁၄ရက်က စာသင်ကျောင်းတွင် အထိုင်ချထားသည် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံး နေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေး အင်အားစုများထံမှ သိရသည် ။
ရှပ်ပုံရွာ၊ စံပြရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး နေအိမ်အတွင်းရှိနေသည့် ဇနီးမောင်နှံ နှစ်ဦးအနက် ခင်ပွန်းဖြစ်သူ သေဆုံးကာ ဇနီးဖြစ်သူတွင် လက်၌ ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။
“ထမင်းချက်နေတုန်း အိမ်အပေါ် လက်နက်ကြီးကျပြီး အမျိုးသားက ဆုံးသွားတယ်။ အမျိုးသမီးက လက်မှာထိတယ်” ဟု ရွာသားတစ်ဦးက ပြောသည် ။
ဖေဖော်ဝါရီလ ၁၃ရက်တွင် ရှပ်ပုံရွာသုသာန်အနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရွာအတွင်း လက်နက်ကြီးကျည်ကျသည့် ဖေဖော်ဝါရီလ ၁၄ရက်တွင် ထိတွေ့ပစ်ခတ်မှုမရှိဘဲ ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင် တပ်ရင်း (၁) ၏ ပြန်ကြားရေးတာဝန်ခံ ကပြောသည်။
“စစ်ကြောင်းရော၊ ရေတပ်သင်္ဘောရော ရှပ်ပုံကို ရောက်နေတယ်။ တိုက်ပွဲကတော့ ၁၃ ရက်နေ့ ပြီးကတည်းက ထပ်မဖြစ်သေးဘူး” ဟု ၎င်းက ပြောဆိုသည်။
စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ရေတပ်သင်္ဘော ရှပ်ပုံရွာအနီး ရောက်ရှိနေသည့်အပြင် ဖေဖော်ဝါရီလ ၁၄ ရက် ညနေပိုင်း တွင် လေယာဥ်ဖြင့် ဗုံးတစ်ကြိမ် ကြဲချခဲ့သည်ဟုသိရပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိမရှိကို စုံစမ်းနေဆဲဖြစ်ကြောင်း အထက်ပါ တာဝန်ခံက ဆိုသည်။
ရှပ်ပုံရွာ၊ ဆီတောင်ဘက်ခြမ်းရှိ ဥယျာဥ်ခြံများဘက်သို့ လေယာဥ်ဖြင့် ဖေဖော်ဝါရီလ ၁၄ ရက် ညနေပိုင်းက ဗုံးကြဲခဲ့ကြောင်း ရှပ်ပုံရွာသားတစ်ဦးကပြောသည်။
ရှပ်ပုံရွာသည် အိမ်ခြေ ၂၅၀၀ ကျော်ရှိသည့် ပုလောမြို့အနီးရှိ ရွာကြီးတစ်ရွာဖြစ်သည်။