အာဏာသိမ်းကာလ လေးနှစ်ကျော်လာချိန်တွင် စစ်အာဏာရှင် တော်လှန်ရေးအားကောင်းလာပြီး နိုင်ငံတစ်ဝန်းရှိ မြို့ ၉၀ကျော် အပါအဝင် နယ်မြေအများအပြားကို တော်လှန်ရေးအင်အားစုတွေ သိမ်းယူထိန်းချုပ်ထားနိုင်ခဲ့သည်။
လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာသော်လည်း စုစည်းညီညွတ်မှုအားနည်းခြင်း၊ ဘုံသဘောတူညီချက်များ ချမှတ်နိုင်မှုအားနည်းခြင်း စသဖြင့် တော်လှန်ရေးခရီးမှာ မျှော်မှန်းထားသလောက် မရွေ့ဟု အားမလိုအားမရအသံများ ညံလာသည်။
အချို့နေရာများတွက် တစ်နယ်တစ်ဗိုလ် ပုံစံဖြစ်နေပြီး အာဏာရှင်အသေးစားများသဖွယ်ပင် ဖြစ်လာသည်ဟု ဝေဖန်သံများ ထွက်လာပြီး တော်လှန်ရေး လမ်းကြောင်း သွေဖည်လာကြောင်းလည်း လူထုအောင့်လုံးများ ပေါက်ထွက်နေကြသည်။
ထို့ကြောင့် တော်လှန်ရေးအရွေ့ မည်သို့ရှိနေသည်၊ တော်လှန်ရေး ခရီးပေါက်ရန် မည်သည့်အရေးအရာတို့ကို အရေးတကြီး ပြုပြင်ရမည် စသည်တို့နှင့်ပတ်သက်၍ အာဏာရှင်တော်လှန်ရေးခရီးအတွင်း လက်နက်ကိုင်တော်လှန်ရေး၊ နိုင်ငံရေး၊ ထောက်ပို့၊ စစ်ဘေးရှောင်ကူညီရေး၊ လူထုလှုပ်ရှားမှုစသည့် ကျရာကဏ္ဍတွင် ပါဝင်ထမ်းဆောင်နေကြသည့် ပုဂ္ဂိုလ်များကို မေးမြန်းထားသည်။
ယခုသီတင်းပတ်တွင် စစ်ဘေးရှောင်ကူညီရေးအဖွဲ့၊ နိုင်ငံရေးစိတ်ဝင်စားသည့် ပြည်သူတစ်ဦးနှင့် တော်လှန်ရေး ထောက်ပို့အဖွဲ့ တာဝန်ရှိသူတို့ကို မေးမြန်းကာ တနင်္သာရီ အပတ်စဉ်ပုံရိပ်အစီအစဉ်အဖြစ် တင်ဆက်လိုက်သည်။
“လေးနှစ်သားတော်လှန်ရေးခရီး လမ်းမှန်လျှောက်နေဆဲလား” ပုံရိပ်ကို အပိုင်းလိုက် ဆက်လက်တင်ဆက်သွားပါမည်။
“အာဏာရှင်လက်သစ်လေးတွေ ပေါ်လာကြတယ်”
ယောနသံ၊ ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့။
DW ။ စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးအနေနဲ့ဆိုရင် လက်ရှိတော်လှန်ရေးအရွေ့အပေါ် ဘယ်လိုမြင်လဲ။
ဖြေ ။ လက်ရှိတော်လှန်ရေးအရွေ့အပေါ်ဘယ်လိုမြင်လဲဆိုရင် တိုးတက်အားရစရာတွေ ရှိသလိုမျိုး ဆုတ်ယုတ် စိတ်ပျက်ဖို့ ကောင်းတာတွေလည်း အများကြီးတွေ့ရတယ်။ မြို့ပေါင်း ၉၀ ကျော်ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီဆိုသော်လည်း အဲဒီ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေ ဒေသတွေမှာ အုပ်ချုပ်ရေးယန္တရား မထူထောင်နိုင်တာတွေ၊ မူးယစ်ဆေးဝါးနဲ့ လောင်းကစားမှုတွေကို မထိန်းချုပ်နိုင်တာတွေ တော်လှန်ရေးတပ်တွေက အာဏာရှင်လက်သစ်ဖြစ်လာ ကြတာတွေ၊ စစ်တပ်ထိန်းချုပ်ရာဒေသတွေမှာလည်း စစ်တပ်ကပြည်သူလူထုတွေကို နည်းမျိုးစုံနဲ့ဖိနှိပ်တာ၊ အခုဆိုရင် စစ်မှုထမ်းဥပဒေတွေနဲ့ လူငယ်တွေကို စစ်ထဲအတင်းသွင်းနေတာတွေကို ကြည့်လိုက် ပြန်ရင်လည်း ကျုပ်တို့နိုင်ငံကြီးက သူတစ်လူငါတစ်မင်း တစ်နယ်တစ်ဗိုလ်ကြီးစိုးပြီး အပိုင်စားလုပ်နေတာတွေကို တွေ့နိုင်ပါတယ်။
လွန်ခဲ့တဲ့လေးနှစ်လောက်ကို ပြန်ငဲ့ကြည့်လိုက်မယ်ဆိုရင်တော့ လက်ရှိဖြစ်ပေါ်တိုးတက်နေတာတွေက အများကြီး ခရီးရောက်လာပြီလို့ပြောလို့ရပေမယ့် တော်လှန်ရေးကိုပိုပြီး အကျိုးဖြစ်ထွန်းစေဖို့အတွက်ဆိုရင် ကျွန်တော်တို့ ပြုပြင်ထိန်းကွပ်ရမယ့်ကိစ္စတွေ၊ အပြောင်းအလဲတွေကို ရဲရဲရင့်ရင့်လုပ်နိုင်ဖို့ ပြောင်းလဲပစ်နိုင်ဖို့ လိုအပ်နေသေးတယ်လို့ မြင်ပါတယ်။ ဒါမှလည်း တော်လှန်ရေးက ပိုပြီးခရီးတွင်လိမ့်မယ်လို့လည်း မြင်မိပါတယ်။
DW ။ အစ်ကိုအနေနဲ့ မျှော်လင့်ထားတာနဲ့ လက်ရှိသွားနေတဲ့တော်လှန်ရေးအရွေ့က ကွာခြားမှုရှိလား။ ဘာတွေကွာခြားနေတယ်လို့ထင်လဲ။ ဘာကြောင့်လဲ။
ဖြေ ။ ကိုယ်မျှော်လင့်ထားတဲ့တော်လှန်ရေးအရွေ့နဲ့ လက်ရှိသွားနေတဲ့တော်လှန်ရေးအရွေ့က အများကြီးတော့ ကွာခြားမှု ရှိတာပေါ့။ ကျွန်တော်ထင်ပါတယ် ကျွန်တော်အပါအဝင် တော်လှန်တဲ့ လူငယ်အများစုက စစ်တပ်ဆီက ကိုယ်လိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက်ကို တောင်းယူလို့မရတဲ့အခါ တိုက်ယူမယ်၊ ကိုယ်နိုင်တဲ့တာဝန်အသီးသီးထမ်းဆောင်ပြီး လူထုအားနဲ့ တော်လှန်ကြမယ်ဆိုရင် စစ်တပ်ဟာ ခဏလေးအတွင်းမှာပဲ ပြိုကျသွားလိမ့်မယ်လို့ ယူဆခဲ့ကြမယ်ထင်ပါတယ်။
ဒါပေမဲ့ လေးနှစ်ကျော်လာတဲ့ ဒီနေ့ဒီအချိန်ရဲ့ လက်တွေ့အခင်းအကျင်းမှာ နိုင်ငံရေးအရ၊ စစ်ရေးအရ ဒီလောက်အထိ မရိုးရှင်း တာတွေ ရှိလာတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဟိုးယခင်ကတည်းကရှိနေတဲ့ လူမျိုးရေး၊ နယ်မြေခွဲဝေမှုနဲ့ ယခင်ကတည်းက ရှိခဲ့ တဲ့ နိုင်ငံရေးတောင်းဆိုမှုတွေအပြင် အခုကာလမှာဆိုရင်လည်း အသစ်အသစ်သော နိုင်ငံရေးတောင်းဆိုမှုတွေ ရှိလာတယ်။ သေနတ်ပြောင်းဝကထွက်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ ကိုယ်ကျိုးစီးပွားဖက်တာတွေရှိလာတယ်။ အာဏာရှင်လက်သစ်လေးတွေ ပေါ်လာကြတယ်။ ဘာကြောင့်ဒီလိုတွေဖြစ်နေတာလဲဆိုတဲ့အပေါ်မှာ ကျွန်တော့်အမြင် ကတော့ လက်ရှိဆင်နွှဲနေတဲ့ လက်နက်ကိုင်တော်လှန်ရေးသည် နိုင်ငံရေးခံယူချက်၊ ဝါဒတစ်ရပ်အပေါ်မှာ ယုံယုံကြည်ကြည်နဲ့ အခြေခံပြီး စခဲ့တဲ့လက်နက်ကိုင်တော်လှန်ရေး မဟုတ်ဘူးဗျ။ အများစုက မခံချင်စိတ်နဲ့ လက်နက်ကိုင်ခဲ့ကြတာ။ နိုင်ငံရေး အရ၊ သဘောတရားရေးရာအရ ထိန်းကွပ်မှုက နောက်မှလိုက်နေရပြီး သဘောတရားရေးရာနဲ့ လက်နက်ကိုင် ရဲဘော်တွေကို ထိန်းကွပ်နိုင်တာမျိုး မရှိပြန်ဘူး။ သဘောတရားရေးရာအရ မထိန်းကွပ်နိုင်တာကလည်း သဘောတရား၊ ဝါဒတစ်ခုတည်းကို စွဲကိုင်ပြီးတော့ ထိန်းကျောင်းနေတာမျိုး မဟုတ်ဘဲ အမျိုးမျိုးဖြစ်နေတော့ ရဲဘော်တစ်ဦးချင်းစီက လက်နက်ကိုင်ခြင်းနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်အသိတရားရှိဖို့ လိုအပ်တယ်။ အချုပ်ပြောရရင်တော့ဗျာ တော်လှန်ရေးအစက ကျွန်တော်တို့ စိတ်ကူးယဥ်ခဲ့သလောက် တကယ့်တကယ် တော်လှန်ရေးတစ်ရပ်နဲ့ နဖူးတွေ့ဒူးတွေ့ကြုံတွေ့လာရတဲ့အခါ တာဝန်တွေ ထမ်းဆောင်ရတဲ့အခါ လွယ်ကူမနေဘူး၊ တူညီမနေဘူး။ ကွာခြားမှုတွေအများကြီးနဲ့ ကျွန်တော်တို့ ပြုပြင်ရမှာတွေ ရေရှည်ခရီးအတွက် သက်လုံကောင်းဖို့ အများကြီးလေ့ကျင့်ပြင်ဆင်ရဦးမယ် ဆိုတာပါပဲ။
DW ။ တော်လှန်ရေးအဖွဲ့တွေ လက်ရှိသွားနေတဲ့ပုံစံအရဆိုရင် လမ်းကြောင်းမှန်ပေါ်မှာပဲ ဆက်ရှိနေတယ်လို့ ထင်လား၊ သွေဖည်သွားတယ်လို့ ခံစားရလား။
ဖြေ ။ တော်လှန်ရေးအဖွဲ့တွေ လက်ရှိသွားနေတဲ့ပုံစံအရဆိုရင် လမ်းကြောင်းမှန်ပေါ် မှာပဲ ဆက်ရှိနေသေးလား သွေဖယ်သွား လားဆိုတာကတော့ ပြောဖို့ခက်မယ်ထင်ပါတယ်။ လမ်းကြောင်းအမှန်ပေါ်မှာပဲရှိနေတာတွေရှိသလို တော်လှန်ရေးနဲ့ သွေဖည် သွားတဲ့ လုပ်ရပ်တွေ အပြုအမူတွေလည်း အများကြီးပါပဲ။ လုပ်ပိုင်ခွင့်တွေရလာတဲ့အခါ လက်နက်တွေရလာတဲ့အခါ နယ်မြေ စိုးမိုးမှုတွေရလာတဲ့အခါ အဲဒီအရာတွေအပေါ်မှာ ယစ်မူးပြီးတော့ တော်လှန်ရေးနဲ့ သွေဖည်သွားသူတွေ အများကြီးရှိလာ တယ်။ တော်လှန်ရေးအကြောင်းပြုပြီး ဗန်းပြပြီး ကိုယ်ကျိုးစီးပွားအတွက်အသုံးချတာတွေ၊ အာဏာရှင်လက်သစ် လေးတွေ ဖြစ်လာပြီး ပြည်သူလူထုအပေါ်မှာ အနိုင်ကျင့်ဗိုလ်ကျတာတွေ အများကြီးရှိလာတယ်။
ဘာကြောင့်လဲဆိုတာကတော့ ရှင်းပါတယ်။ တော်လှန်ရေးလမ်းကြောင်းအပေါ်မှာ ဆက်ရှိနေသေးရင် သေချာပါတယ် ဒါကတော်လှန်ရေးအပေါ်မှာထားတဲ့သန္ဓေမှန်ပြီး ပြည်သူလူထုကို တကယ်မျက်နှာမူလို့ ဖြစ်သလို တော်လှန်ရေးနဲ့ သွေဖည် သွားခဲ့တယ်ဆိုရင်လည်း ဒါဟာ ပြည်သူလူထုထက် ကိုယ့်အုပ်စုအကျိုး၊ ကိုယ်ကျိုးစီးပွား၊ သေနတ်ရှိရင် ဘာမဆိုလုပ်လို့ ရတယ်ဆိုတဲ့ လက်နက်အပေါ်မှာ ယစ်မူးမှုတွေ၊ ကိုယ်စတင်ရပ်တည်ခဲ့တဲ့ တော်လှန်ရေးသဘောထားဟာ မခိုင်မြဲလို့သာလျှင် ဖြစ်ပါလိမ့်မယ်။ ကိုယ်ယုံကြည်ထားတဲ့ ကိုင်စွဲထားတဲ့တော်လှန်ရေးသဘောထားသာ သန္ဓေမှန်ရင် ထမင်းငတ်ရုံမကလို့ လျှာပေါ်မြက်ပေါက်လည်း တော်လှန်ရေးမှာ လမ်းကြောင်းလွဲသွားစရာ မရှိပါဘူး။
DW ။ တော်လှန်ရေးမြန်မြန်ပြီးနိုင်ဖို့ဆိုရင် ဘယ်အချက်တွေကို အရေးတကြီးနဲ့ မြန်မြန်ဆန်ဆန် ပြုပြင်သင့်တယ်လို့ ထင်လဲ။
ဖြေ ။ အဓိက ကျွန်တော်မြင်မိတာကတော့ လက်ရှိတော်လှန်ရေးမှာ အဓိကကျတဲ့ Key Players တော်လှန်ရေး အင်အားစုကြီး တွေ ဖြစ်တဲ့ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်တွေကြားမှာ နိုင်ငံရေးအရ ဘုံသဘောထား ရပ်တည်ချက်တွေ ရရှိလာအောင်လုပ်ပြီးတော့ အဲဒီနိုင်ငံရေးသဘောတရားနဲ့ လက်နက်ကိုင်တော်လှန်ရေးကို မောင်းနှင်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါက ခက်ခဲမယ်ဆိုတာသေချာပေမယ့် ဒီလိုမလုပ်နိုင်ရင်တော့ တော်လှန်ရေးက ပိုပြီးကြန့်ကြာမှာ ဖြစ်သလို တစ်နယ်တစ်ဗိုလ်အပိုင်စားတဲ့ စနစ်ကလည်း ကြီးထွားလာနေဦးမှာဖြစ်တယ်။
အခုရက်ပိုင်းမှာဆိုရင်လည်း တိုင်းရင်းသားတော်လှန်ရေးတပ်တွေ၊ NUG၊ NLD စတဲ့တော်လှန်ရေး အင်အားစုကြီးတွေက ဖက်ဒရယ်ယူနစ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးဆိုတဲ့ Bottom-up federalism ဆိုတာနဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်လို့ ထုတ်ဖော်ပြောဆိုလာတာတွေရှိတယ်။ Bottom-up federalism နဲ့ တည်ဆောက်မယ်ဆိုရင် ပအဖ၊ ပကဖ၊ ပလဖဆိုတဲ့ ပသုံးလုံးယန္တရားက လုံးဝဖျက်သိမ်းဖို့ လိုအပ်တယ်။ Bottom-up federalismနဲ့ မတည်ဆောက်လည်း တော်လှန်ရေးမြန်မြန်ပြီးနိုင်ဖို့ဆိုရင် ပသုံးလုံးယန္တရားကို ဖျက်သိမ်းပြီး ပြည်နယ်ဒေသတွေနဲ့ လျော်ညီတဲ့ အုပ်ချုပ်ရေး၊ ပြည်သူ့ရေးရာ လုံခြုံရေး စတဲ့ယန္တရားအသစ်တွေနဲ့ အစားထိုးမောင်းနှင်နိုင်ဖို့လိုအပ်ပါတယ်။
ပြီးတော့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ ပြည်နယ်/လူမျိုးကိုယ်စားပြု ဖက်ဒရယ်ကောင်စီတွေအနေနဲ့လည်း “ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ (AFTA) ကို စတင်ရေးဆွဲနေပြီလို့ ထုတ်ပြောလာတာ ရှိတယ်။ ဒါတွေဟာ တော်လှန်ရေးအမြန်ပြီးနိုင်ဖို့ အထောက်အပံ့တွေ ဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
DW ။ ဘယ်သူတွေက ဦးဆောင်ပြီး ပြုပြင်သင့်တယ်လို့ မြင်လဲ။ ဒီလိုပြုပြင်ဖို့အတွက်ဆိုရင် ဘယ်အချက်တွေက အဓိကအဟန့်အတားဖြစ်နေနိုင်လဲ။
ဖြေ ။ ဘယ်သူတွေက ဦးဆောင်ပြုပြင်သင့်လဲဆိုတာက NUG အပါအဝင်၊ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေ အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတိုင်းလိုလိုပဲ ဖြစ်ပါတယ်။ ပိုပြီးအဓိက ကျတာကတော့ တော်လှန်ရေးမှာ Key Players တွေဖြစ်တဲ့ အင်အားစုတွေဖြစ်တယ်လို့မြင်ပါတယ်။ ဒီအင်အားစုတွေသာ ပြုပြင်နိုင်ပြီဆိုရင် အခြားသော တော်လှန်ရေး အင်အားစုတွေကိုလည်း အများကြီးထိန်းကျောင်းနိုင်သွားမှာ ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အဓိကအဟန့်အတားဖြစ်နေတာကတော့ နိုင်ငံရေးတောင်းဆိုမှု မတူညီတာတွေကြောင့် တော်လှန်ရေး အင်အားစုတွေကြားမှာ ပြည်နယ်ဒေသတွေနဲ့ပတ်သက်တဲ့ အနာဂတ်နိုင်ငံရေးမျှော်ရည်ချက်တွေကို ဘုံသဘော တူ လက်ခံလာနိုင်အောင် ညှိလို့မရနိုင်သေးတာတွေ၊ နယ်မြေခွဲဝေမှုပြဿနာတွေ၊ ကိုယ်ကျိုးစီးပွား၊ အုပ်စုအကျိုးစီးပွားနဲ့ ငြိစွန်းနေတာတွေ၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လက်နက်နဲ့ ဟန့်တားခံရပြီး ပြုပြင်ပြောင်းလဲမှုတွေကို လက်သင့်မခံတာ တွေ စတာတွေက အဓိက အရင်းခံဖြစ်ပါလိမ့်မယ်။ ဒီလိုအဟန့်အတားတွေထဲမှာ အချို့သော အဟန့်အတားတွေက အခုချိန်မှာ ခေတ္တဆိုင်းငံ့ထားပြီး စစ်တပ်ကိုဖြိုချနိုင်ပြီးတော့မှ စားပွဲဝိုင်းမှာအဖြေရှာရမှာတွေရှိသလို တော်လှန်ရေးနဲ့အတူ တိုက်စားဖြိုချပစ်ဖို့ လိုအပ်နေတာတွေလည်း ရှိပါတယ်။
DW ။ ဒီလို ပြုပြင်သင့်တာတွေ မပြုပြင်ဘဲ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် နွေဦးတော်လှန်ရေးက ဘာဆက်ဖြစ်လာ နိုင်မယ်လို့ ထင်လဲ။
ဖြေ ။ ပြုပြင်သင့်တာတွေ မပြုပြင်ပဲ ဒီအတိုင်းပဲ ရေစုန်မျောပြီးဆက်သွားနေမယ်ဆိုရင် နွေဦးတော်လှန်ရေးက အာဏာရှင် လက်သစ်လေးတွေကို မွေးထုတ်ပေးနေသလိုသာဖြစ်သွားပါလိမ့်မယ်။ ပြီးတော့ တော်လှန်ရေးက ပိုပြီးကြန့်ကြာနိုင်သလို အဆိုးဆုံးအနေနဲ့ဆိုရင် ကျရှုံးသွားတဲ့အထိဖြစ်နိုင်ပါတယ်။ တော်လှန်ရေးဆိုတာကလည်း ရေဆန်ကို ဆန်တက်ရတာ ဖြစ်ပါတယ်။ ရေစုန်ကိုမျှောပြီး အသာတကြည်လိုက်ပါနေဖို့ မဟုတ်ပါဘူး။ ရေဆန်ကို ဆန်တက်ရတယ်ဆိုတာကလည်း ကန့်လန့်တိုက်နေဖို့ ဆိုလိုတာတော့မဟုတ်ဘူး။ လုပ်သင့်လုပ်ထိုက်တာတွေကို ရဲရဲရင့်ရင့်လုပ်ပြီး ပြုပြင်ပြောင်းလဲသင့် တာတွေကိုလည်း ရဲရဲရင့်ရင့် ပြုပြင်ပြောင်းလဲရဲဖို့လိုပါတယ်။
DW ။ တခြားဖြည့်စွက်ပြောချင်တာရှိလား။
ဖြေ ။ တော်လှန်ရေးမှာ ကျွန်တော်တို့ အစကတည်းက ကိုင်စွဲခဲ့တာသည် Bottom-up federalism ပဲ ဖြစ်ပါတယ်။ အခုချိန်မှာ ဆိုရင်လည်း အချို့သော Key Players တွေဖြစ်တဲ့ တော်လှန်ရေးအင်အားစုကြီးတွေကလည်း Bottom-up federalismနဲ့ ပြည်ထောင်စုကိုတည်ဆောက်မယ်လို့ ထုတ်ပြောလာတာသည် ဝမ်းသာစရာကိစ္စဖြစ်ပါတယ်။ ဒီတော့ ဒီလိုမျိုး ကိုယ့်ဒေသ၊ ကိုယ်ပြည်နယ်နဲ့ကိုက်ညီတဲ့ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့အရေးကိစ္စအရပ်ရပ်ကို စုပေါင်းပြီးဝိုင်းဝန်းတည် ဆောက် ကြရအောင်ပါ။ ပြည်မကို အားကိုးတာ၊ ဗဟိုကိုအားပြုတာ၊ ဗဟိုကခွင့်ပြုမှ ဗဟိုကစီစဥ်ပေးလိမ့်မယ်ဆိုတဲ့ မင်းလောင်း မျှော်တာတွေကို ရပ်နားပြီး ကိုယ့်ဒေသ ကိုယ့်ပြည်နယ်နဲ့ ကိုက်ညီတဲ့ပုံစံတွေကို ဝိုင်းဝန်းအဖြေရှာရင်း အကောင် အထည်ဖော်ကြရအောင်လို့ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးကို သတင်းစကားပါးလိုပါတယ်။ ပေးဆပ်ဆုံးရှုံးမှုတွေများစွာ နဲ့ အချိန်တွေလည်း အများကြီးနှောင်းလာနေပြီဖြစ်တာမို့ ဒီထက်ပိုမဆုံးရှုံးသင့်တော့သလို အချိန်လည်းမနှောင်းသင့်တော့ ပါဘူး။
DW ။ ကျေးဇူးတင်ပါတယ်။
“စကစ က တဖြည်းဖြည်းနဲ့ ပြိုကျနေတာမှန်ပေမယ့် တော်လှန်ရေးဘက်တော်သားတွေရဲ့ ဦးဆောင်မှုအကွဲအပြဲတွေက တော်လှန်ရေးခရီးပိုကြာအောင် ဆွဲဆန့်နေသလိုဖြစ်နေပါတယ်”
ကိုငယ် (လောင်းလုံးမြို့နယ်က နိုင်ငံရေးလေ့လာသူ ပြည်သူတစ်ဦး)
DW ။ အစ်ကိုအနေနဲ့ တော်လှန်ရေးအပေါ် ဘယ်လိုမျှော်လင့်ခဲ့လဲ။ လက်ရှိတော်လှန်ရေးအရွေ့က ဘယ်အခြေအနေကို ရောက်နေပြီလို့ ထင်လဲ။
ဖြေ ။ အစပိုင်းမှာ လူထုတော်လှန်ရေးက အရှိန်အဟုန်နဲ့ အုံကြွတော်လှန်ခဲ့ကြတယ်ဆိုတော့ ၁ နှစ် ၂နှစ်အတွင်း ပြည်သူ့အောင်ပွဲကို နွှဲရလိမ့်မယ်လို့ ထင်မြင်ခဲ့တယ်။ ဒါပေမဲ့လည်း ပြည်တွင်းအုံကြွမှုအားကောင်းသလောက် ပြည်ပ ထောက်ခံမှုက ထင်သလောက်မရခဲ့တော့ တော်လှန်ရေးခရီးက ရှည်ကြာနေဦးမယ်ဆိုတာ ရိပ်စားမိပါတယ်။
လက်ရှိမှာ စကစ က တဖြည်းဖြည်းနဲ့ပြိုကျနေတယ်ဆိုတာမှန်ပေမယ့် တော်လှန်ရေးဘက်တော်သားတွေရဲ့ ဦးဆောင်မှု အကွဲအပြဲတွေက တော်လှန်ရေးခရီးပိုကြာအောင် ဆွဲဆန့်နေသလိုဖြစ်နေပါတယ်။
DW ။ တော်လှန်ရေးအဖွဲ့တွေ လက်ရှိသွားနေတဲ့ပုံစံအရဆိုရင် လမ်းကြောင်းမှန်ပေါ် မှာပဲ ဆက်ရှိနေတယ်လို့ ထင်လား။ သွေဖည်နေတယ်လို့ ခံစားရလား။
ဖြေ ။ တော်လှန်ရေးလုပ်နေတဲ့အဖွဲတွေ အားလုံးနီးပါးက စကစ ပြိုကျရေးကိုပဲ ဘေးတိုက်တော်လှန်နေကြပြီး စနစ်ပြောင်း တော်လှန်ရေးအတွက် သူ့နည်းသူ့ဟန်နဲ့ လမ်းစရှာနေတုန်းအဆင့်မှာပဲ ရှိသေးတယ်လို့မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်တော်လှန်ရေးတစ်ရပ်မှာ ကိုယ်တိုင်က အရပ်သားတွေအပေါ်မှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်မှု ရှိမနေဘူးဆိုတဲ့အချက်ကို သက်သေထူနေရတဲ့ကာလက အလိုလိုရှိလာမှာဖြစ်ပြီး အဲဒီအချက်ပေါ် နိုင်ငံတကာက အသိအမှတ်ပြုခံရမှ တော်လှန်ရေးလမ်းကြောင်းအမှန်ပေါ် ရောက်တယ်လို့ဆိုနိုင်မှာပါ။
DW ။ တော်လှန်ရေးမြန်မြန်ပြီးနိုင်ဖို့ဆိုရင် ဘယ်အချက်တွေကို အရေးတကြီးမြန်မြန်ဆန်ဆန် ပြုပြင်သင့်တယ်လို့ ထင်လဲ။ ဘယ်သူတွေက ဦးဆောင်ပြီး ပြုပြင်သင့်လဲ။
ဖြေ ။ တော်လှန်ရေး မြန်မြန်ပြီးဖို့ဆိုတာထက် ဘယ်လိုပုံစံနဲ့ ပြီးမလဲဆိုတာက ပိုအရေးကြီးမယ်ထင်ပါတယ်။ ဥပမာ စကစ နိဂုံးချုပ်သွားရုံနဲ့ တလရ ပြီးသွားပြီလို့ မဆိုနိုင်ဘူး။ ပြည်သူတွေလိုလားတောင့်တနေတဲ့ စနစ်တခုကို အမှန်တကယ် ပြည်သူ တွေ လက်ထဲရောက်မှ တော်လှန်ရေးတကယ်ပြီးတယ်လို့ဆိုနိုင်မှာပါ။ လက်နက်ကိုင် စကစ မရှိတော့တဲ့ နောက်ပိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ဆက်ရှိနေဦးမှာပဲ။ အဲဒီအခါကျရင် သူတို့က အသာတကြည် လက်နက်စွန့်ပြီး ပြည်သူ့ အာဏာတည်ဆောက်ခဲ့မယ်ဆိုရင်တော့ ကောင်းတာပေါ့။ အခုချိန်အထိတော့ ဘယ်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့မှ စကစ ပြိုတာနဲ့ ပြည်သူအစိုးရထံမှာ လက်နက်အပ်ပြီး အိမ်တန်းပြန်မယ်လို့ ကတိလက်မှတ်ထိုးတဲ့အဖွဲ့တွေ ရှိတယ်လို့ မကြားဖူးသေးပါ။ တော်လှန်ရေးမှာ ဦးဆောင်နိုင်သူတွေ အားလုံးပါဝင်ပြီး ဦးဆောင်သင့်ပါတယ်။ နယ်မြဒေသအသီးသီးမှာ အဲဒီလို လူတွေရှိကြပါတယ်။ အကောင်းဆုံးက အောက်ခြေက ကိုယ်စားပြုမှုရှိဖို့တော့ လိုပါလိမ့်မယ်။
DW ။ အရေးတကြီးပြုပြင်ဖို့အတွက်ဆိုရင် ဘယ်လိုအရာတွေက အဓိက အဟန့်အတားဖြစ်နေတယ်လို့ မြင်လဲ။
ဖြေ ။ လက်ရှိမှာတော်လှန်ရေး ဦးဆောင်နေသူအများစုက ဗဟိုချုပ်ကိုင်မှုနည်းနာတွေနဲ့ပဲ အသားကျနေပုံရတယ်။
Bottom up federalism စနစ်နဲ့ ဆက်သွားမယ်ပြောနေပေမယ့် အခုထိတော့ အဲဒီလိုစနစ်အတိုင်း အကောင်အထည် ဖော်နေတာဆိုလို့ မြေပြင်မှာ ဘယ်နေရာမှာမှ မတွေ့ဖူးသေးဘူး။ တချို့တိုင်းရင်းသား ဒေသတွေမှာ ရှိကောင်းရှိနိုင် ပါတယ်။ ကဏ္ဍအားလုံးမှာ အဲဒီစနစ်ကို မြန်မြန်အကောင်အထည်ဖော်နိုင်ရင်တော့ တော်လှန်ရေးခရီး မြန်မြန် ရောက်နိုင်မှာပါ။ အဲဒီစနစ်ကို အကောင်အထည်ဖော်ဖို့ဆိုတာလည်း ဦးဆောင်သူတွေကိုယ်စီက ပါတီစွဲ၊ လူမျိုးစွဲ၊ သူရဲကောင်းဝါဒစွဲ စတဲ့ အစွဲမျိုးမျိုးကို အရင်ချွတ်ချဖို့လိုပါလိမ့်မယ်။
DW ။ ပြုပြင်သင့်တာတွေ မပြုပြင်ဘဲ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် နွေဦးတော်လှန်ရေးက ဘာဆက်ဖြစ်လာ နိုင်မယ်လို့ ထင်လဲ။
ဖြေ ။ ပေါင်းစည်းရမှာကို မပေါင်းစည်းဘဲနေမယ်။ ပြုပြင်ရမှာကို မပြုပြင်ဘဲ တော်လှန်ရေးဆိုပြီး ဆက်သွားနေရင် စကစ ပြိုကျသွားသည့်တိုင် ပြည်သူ့တော်လှန်ရေးဆိုတာ ခုတ်ရာတစ်ထစ် ရှာရာတခြား လိုရာပန်းတိုင် မရောက်ဘဲ ဖြစ်သွားမှာပဲ။
DW ။ တခြားဘာများ ဖြည့်စွက်ပြောချင်လဲ။
ဖြေ ။ တော်လှန်ရေးဆိုတာ ပြည်သူမပါဘဲ အောင်နိုင်ရိုးထုံးစံမရှိတာမို့ တော်လှန်ရေး ဦးဆောင်သူတွေအနေနဲ့ ပြည်သူကို လက်ရှိအခြေအနေထက်ပိုပြီး စိတ်ပျက်အောင် မလုပ်စေချင်ပါ။
DW ။ ကျေးဇူးတင်ပါတယ်။
“အချိန်ပိုကြာလေလေ ကျွန်တော်တို့ထောက်ပို့တွေ အားနည်းလာလေလေဖြစ်မယ်။ ထောက်ပို့တွေ အားနည်းလာပြီဆိုရင် တော်လှန်ရေးခရီးက ရှေ့ဆက်ရပိုပြီးအခက်အခဲဖြစ်မယ်”
ဦးဆောင်ကော်မတီဝင်တစ်ဦး၊ အဝေးရောက်သွေးချင်းများကွန်ရက်။
DW ။ တော်လှန်ရေးထောက်ပို့အဖွဲ့ ဦးဆောင်သူတစ်ဦးအနေနဲ့ဆိုရင် လက်ရှိတော်လှန်ရေးအရွေ့အပေါ် ဘယ်လိုမြင်လဲ။
ဖြေ ။ ကျွန်တော် ထောက်ပို့ပြည်သူတစ်ဦးအနေနဲ့ လက်ဗလာနဲ့ အစပြုခဲ့တဲ့ တော်လှန်ရေးခရီးဟာ ပြည်သူတွေရဲ့ ပူးပေါင်းမှုကြောင့် အရင်နှစ်တွေထက် လက်ရှိအခြေအနေတွေက ပိုပြီးကောင်းလာတယ်လို့ မြင်ပါတယ်ဗျ။ စုပေါင်းမှုတွေ များလာတယ်။ တော်လှန်ရေးရဲဘော်တွေလည်း အရည်အသွေးတော်တော် တက်လာတယ်။ ဒီထက်ပိုပြီး ပူးပေါင်းမှုတွေ ရှိလာမယ်ဆိုရင် ကျွန်တော်တို့ မျှော်လင့်နေတဲ့ခရီးက မဝေးတော့ဘူးလို့ မြင်ပါတယ်။ ကျေနပ်အားရမှု ရှိပါတယ်ဗျ။
DW ။ အစ်ကိုမျှော်လင့်ထားတာနဲ့ လက်ရှိသွားနေတဲ့တော်လှန်ရေးအရွေ့က ကွာခြားမှုရှိလား။ ဘာတွေ ကွာခြားနေတယ်လို့ထင်လဲ။ ဘာကြောင့်လဲ။
ဖြေ ။ ကွာခြားမှုကတော့ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ပြည်သူ့ရဲဘော်တွေကို လက်နက်တွေကို တပ်ဆင်ပေးလာ နိုင်တယ်။ ရဲဘော်တွေရဲ့ ကြိုးစားမှုတွေကြောင့် နေရာတော်တော်များများကို ထိန်းချုပ်ရလာတယ်။ အုပ်ချုပ်မှုစနစ် ကောင်းကောင်း ရှေ့ဆက်လုပ်သွားရင်တော့ ကျွန်တော်တို့ တော်လှန်ရေးခရီးက ကျေနပ်အားရစရာ ပိုကောင်းလာမှာပါ။
DW ။ တော်လှန်ရေးအဖွဲ့တွေ လက်ရှိသွားနေတဲ့ပုံစံအရဆိုရင် လမ်းကြောင်းမှန်ပေါ်မှာပဲ ဆက်ရှိနေတယ်လို့ ထင်လား။ သွေဖည်သွားတယ်လို့ ခံစားရလား။
ဖြေ ။ တော်လှန်ရေးအဖွဲ့တွေ လက်ရှိသွားနေတဲ့ပုံစံတွေက ကျွန်တော်တို့ ထောက်ပို့တွေဆန္ဒကတော့ လမ်းကြောင်း ပေါ်မှာပဲ ဆက်ရှိနေစေချင်တော့ အမှန်ပါ။ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ ပြည်သူတစ်ယောက်ချင်းစီတိုင်းမှာ အားသာချက် အားနည်းချက်တွေတော့ ရှိနေမှာပဲလေ။ လမ်းကြောင်းလွဲရင် ပြန်တည့်ပေးမယ့် အစုအဖွဲ့တွေလည်း လက်ရှိအခြေအနေမှာ ရှိလာနေပါပြီ။ တော်လှန်ရေးအဖွဲ့တွေပဲဖြစ်ဖြစ် ကျွန်တော်တို့ထောက်ပို့တွေပဲဖြစ်ဖြစ် လမ်းကြောင်းကို သွေဖည်လို့ မရဘူးလို့ ထင်ပါတယ်။ အပြန်အလှန်နားလည်မှုတွေနဲ့ ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင်တော့ အရောက်သွားဖို့တော့ တိုက်တွန်းချင် ပါတယ်ဗျ။
DW ။ တော်လှန်ရေးမြန်မြန်အောင်နိုင်ဖို့ဆိုရင် ဘယ်အချက်တွေကို အရေးတကြီးနဲ့ မြန်မြန်ဆန်ဆန် ပြုပြင်သင့်တယ်လို့ ထင်လဲ။ ဘာကြောင့်လဲ။
ဖြေ ။ တော်လှန်ရေးမြန်မြန် အောင်မြင်စေချင်ရင်တော့ ကျွန်တော်တို့ ထောက်ပို့ပြည်သူတွေကလည်း ကိုယ်ပါဝင်နေတဲ့ တော်လှန်ရေးခရီးမှာ တာဝန်ကျေစေဖို့နဲ့ တော်လှန်နေတဲ့ ပြည်သူရဲဘော်တွေကလည်း မိမိတို့ကျရာ တာဝန်နေရာ အသီးသီးမှာ တာဝန်ကျေမှသာ တော်လှန်ရေးခရီးက ပိုပြီးမြန်မြန်အောင်မြင်သွားမှာပါ။ ကျွန်တော်တို့ ကိုယ်တိုင် စည်းလုံး နိုင်မယ့် အတွေးအမြင်တွေ ရှိနေဖို့လိုမယ်။ ကျွန်တော်တို့ညီညွတ်မှ တော်လှန်ရေးအဖွဲ့တွေလည်း ပိုပြီးစည်းလုံးသွား နိုင်မယ်။ အပြန်အလှန်လေးစားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ထောက်ပို့တွေ စုစည်းလိုက်နိုင်မယ် ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးခရီး အောင်မြင်နိုင်ပါပြီ။
DW ။ ဘယ်သူတွေက ဦးဆောင်ပြီး ပြုပြင်သင့်တယ်လို့ မြင်လဲ။ ဒီလိုပြုပြင်ဖို့အတွက်ဆိုရင် ဘယ်အချက်တွေက အဓိကအဟန့်အတားဖြစ်နေနိုင်လဲ။
ဖြေ ။ ဘယ်သူတွေက ဦးဆောင်ပြီး ပြုပြင်သင့်တယ်လို့ပြောရင် ကျွန်တော်တို့ကအစ ပြုပြင်ရပါမယ်ဗျ။ ကျွန်တော်တို့ အရှေ့မှာဦးဆောင်ပြီး အလုပ်လုပ်နေတဲ့သူတွေကို အပြန်အလှန်သံသယကင်းအောင် ယုံကြည်မှုတွေ ခွန်အားတွေ ပေးရမယ်။ မြေပြင်က တာဝန်ယူထားတဲ့ တစ်ဖွဲ့ချင်းစီတိုင်းမှာ ဦးဆောင်နေကြတဲ့ လူတွေနဲ့အချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိမှာပါ။ ပူးပေါင်းမှု မရှိဘူးဆိုရင်တော့ အဓိက အဟန့်အတား ဖြစ်စေမှာ အမှန်ပါဗျ။
DW ။ ဒီလို ပြုပြင်သင့်တာတွေ မပြုပြင်ဘူးဆိုရင် တော်လှန်ရေးက ဘယ်လိုဖြစ်လာနိုင်မလဲ။ ထောက်ပို့အပိုင်းမှာရော ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာနိုင်လဲ။
ဖြေ ။ ဒီလို ပြုပြင်သင့်တာတွေ မပြုပြင်ဘူးဆိုရင် ကျွန်တော်တို့ကြား ယုံကြည်မှုတွေ အားနည်းလာမယ်။ တော်လှန်ရေး အချိန်တွေ ပိုကြာမယ်။ ထောက်ပို့တွေလည်း အခက်ခဲတွေကြားက ထောက်ပို့ပေးနေရတာ အားလုံးအသိဖြစ်ပါတယ်။ အချိန်ပိုကြာလေလေ ကျွန်တော်တို့ ထောက်ပို့တွေ အားနည်းလာလေလေဖြစ်မယ်။ ထောက်ပို့တွေ အားနည်း လာပြီဆိုရင် တော်လှန်ရေးခရီးက ရှေ့ဆက်ရပိုပြီး အခက်အခဲဖြစ်မယ်။ နောက်ပြီး ထောက်ပို့ပြည်သူတွေရဲ ယုံကြည်မှုကလည်း ကျဆင်းမယ်။ အချုပ်ပြောရမယ်ဆို ကျွန်တော်တို့ ပန်းတိုင်ပျောက်မယ်ပေါ့လေ။ ဒါကြောင့် အားလုံးပူးပေါင်း ဆောင်ရွက်ကြဖို့ ထောက်ပို့ပြည်သူတစ်ယောက်အနေဖြင့် လေးနက်စွာ တောင်းဆိုချင်ပါတယ်။
DW ။ တခြားဖြည့်စွက်ပြောချင်တာရှိလား။
ဖြေ ။ ကျွန်တော်တို့ တောင်းဆိုချင်တာက ဘယ်သူမှ ကိုယ့်မြေကိုယ်ဒေသကနေ စွန့်ခွာပြီး မနေချင်ကြသူတွေချည်းပဲဆိုတာ အားလုံးမမေ့ကြဖို့နဲ့။ အမြန်ဆုံးအိမ်ပြန်နိုင်အောင် မိမိတို့နိုင်ရာကနေ ပူးပေါင်း လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်ဗျ။ ကျွန်တော်တို့ အိမ်ပြန်ချင်ပါပြီ။
DW ။ ကျေးဇူးတင်ပါတယ်။