ကရင်နီ (ကယား) ပြည်နယ်၊ ရှားတောမြို့ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူလိုက်ပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီးအဆင့်အပါအဝင် ၁၆၀ ကျော် သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်သည်။
ရှားတောမြို့နှင့် ပတ်ဝန်းကျင်အား အခိုင်အမာတပ်ချထားသည့် စစ်ကောင်စီ၏ စခန်းကုန်းများနှင့် ဗျူဟာကုန်းတို့အား KA၊ KNDF နှင့် Loikaw PDF တို့ ပူးပေါင်း၍ တစ်လနီးပါးကြာ တိုက်ခိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် သိမ်းယူရရှိခြင်း ဖြစ်ကြောင်း ဖော်ပြသည်။
မြို့အဝင် စေတီကုန်းပေါ်တွင် စစ်ကောင်စီ၏ ခမရ (၄၈၂) တပ်က ရှေ့တန်းအထိုင်ချ၍ တပ်စွဲထားသော ဗျူဟာကုန်း စခန်းအား ဝန်းရံထားသည့် အရေးပါသော ကာကင်းစခန်းကုန်းများဖြစ်သည့် အန္တရာယ်ကွေ့စခန်းကုန်း (၂) ကုန်းအား ဇန်နဝါရီလ ၁၇ရက်တွင် သိမ်းယူနိုင်ခဲ့ကြောင်း ဆိုသည်။
အဆိုပါဗျူဟာကုန်းအရှေ့ရှိ ကာကင်းများကိုလည်း ဆက်လက်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၁ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ကာ ဗျူဟာကုန်းစခန်းအား ဝန်းရံပိတ်ဆို့ထား နိုင်ခဲ့ကြောင်း ဖော်ပြသည်။
ယင်းသို့ ပိတ်ဆို့ထားသည့်ကာလတွင် ဘက်ပြောင်းခိုလှုံရန်၊ လက်နက်ချရန် အကြိမ်များစွာ ကမ်းလှမ်းဖိတ်ခေါ်ခဲ့သော်လည်း စစ်ကောင်စီဘက်က တင်းခံနေခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။








ဖေဖော်ဝါရီလ ၄ရက်တွင် ခလရ ၂၄၉ တပ်ရင်းက အင်အား ၇၀ ကျော်ကို ရဟတ်ယာဉ်သုံးစင်းဖြင့် ယင်းဗျူဟာကုန်းသို့ စစ်ကူပို့ခဲ့ပြီး ယင်းစစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း ဆိုသည်။
ယင်းနောက် ဖေဖော်ဝါရီလ ၁၂ ရက်နံနက်ပိုင်းတွင် ဗျူဟာကုန်းစခန်းကို အပြီးသတ်သိမ်းယူကာ ရှားတောမြို့ကို အလုံးစုံထိန်းချုပ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း KNDF က ဖော်ပြသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က တိုက်လေယာဉ်၊ ဂျက်ဖိုက်တာ၊ Y12 Drop များ အသုံးပြုပြီး လေကြောင်းပစ်ကူ အကြိမ်နှစ်ရာကျော် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရှားတောရှိ စစ်ကောင်စီတပ်ကို ဇန်နဝါရီလ ၁၅ရက်မှစတင်ကာ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒုရဲမှူးများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၁၆၀ ကျော် သေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကိုလည်း ဖမ်းဆီးရရှိထားကြောင်း KNDF က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် ၁၂၈ လက်၊ လက်နက်ကြီးအစုံ ၁၈ လက်၊ Smoke Gun သုံးလက်၊ Jammer Gun တစ်လက်နှင့် ဆက်သွယ်ရေးစက်များ၊ ခဲယမ်းကျည်ဆံများ၊ အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိကြောင်း ဆိုသည်။
ရှားတောမြို့သိမ်းတိုက်ပွဲများအတွင်း KNDF ရဲဘော် သုံးဦးနှင့် အခြားတပ်ဖွဲ့က ရဲဘော်အချို့ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။