BREAKING
October 19, 2024

ထိုင်းတွင် မြန်မာလုပ်သားများအတွက် CI စခန်းများ လာမည့်အပတ်တွင် စဖွင့်မည်

February 15, 2024

နိုင်ငံကူးလက်မှတ်မရှိသေးသော ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ထုတ်ပေးမည့် စခန်းများကို လာမည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စ၍ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း  7-Eleven စတိုးဆိုင်များမှ စုံစမ်းသိရှိရသည်။

အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ရန် အမည်စာရင်းတင်သွင်းထားသော မြန်မာအလုပ်သမားများ နိုင်ငံကူးလက်မှတ်မရှိပါက အခြေခံအလုပ်သမားဗီဇာ (NON L-A) ကို ထည့်သွင်းအသုံးပြုရန် CI စာအုပ်ကို မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်သည်။

CI စာအုပ်ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံတဝန်းရှိ 7-Eleven စတိုးဆိုင်များတွင် ပထမ ရက်ချိန်း ရယူရမည်ဖြစ်ပြီး ဝန်ဆောင်ခ ၁၃၁၀ ဘတ် ကနဦးကုန်ကျမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

7-Eleven စတိုးဆိုင်များတွင် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်မှစတင်ကာ CI လုပ်ရန် ရက်ချိန်းတိုကင် စတင်ရယူနိုင်ပြီဖြစ်သည်။ 

7-Eleven စတိုးဆိုင်များတွင် ရက်ချိန်းရယူရန်အတွက် လက်ဗွေနှိပ်ပြီးရထားသည့် စာရွက်စာတမ်း (ဘိုင်အနုမတ်)၊ မြန်မာမှတ်ပုံတင် ရှေ့/နောက် (မိတ္တူ)၊ အိမ်ထောင်စုစာရင်း (မိတ္တူ)၊ ဓါတ်ပုံတစ်ပုံ (ကိုယ်တစ်ပိုင်းပုံ) ကိုယူဆောင်သွားရမည်ဖြစ်ကြောင်း အကျိုးဆောင်များထံမှသိရသည်။

သို့သော်လည်း ရက်ချိန်းရယူရန် 7-Eleven စတိုးဆိုင်ပေါ်မူတည်၍ ကွာခြားနိုင်သည်။

7-Eleven မှရယူခဲ့သော ရက်ချိန်းအတွင်း သတ်မှတ်ထားသော CI စခန်းများတွင် မဖြစ်မနေ သွားရောက်ပြုလုပ်ရမည်ဖြစ်သည်။

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI) ထုတ်ပေးရေးစခန်း ၅ ခုကို စမွတ်စခွန်၊ စမွတ်ပရကန်၊ ချွန်ဘူရီ၊ ပထုံဌာနီနှင့် စူရတ်ဌာနီခရိုင်များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

နောက်ထပ် Mobile Unit ၃ ခုကိုလည်း ချင်းမိုင်၊ နခွန်စဝမ်နှင့် စွန်ခရာခရိုင်များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခင်နှစ် ဇူလိုင်လမှစ၍ ပန်းရောက်ကတ်ပြုလုပ်ရန်အတွက် အမည်စာရင်းတင်သွင်းထားသူများကို ဘတ်အသစ်သမားများဟု အလွယ်ခေါ်ဆိုကြပြီး ယခုဒီဇင်ဘာလတွင် ကျန်းမာရေးအာမခံအတွက် သွေးစစ်ခြင်း၊ လဝက ရုံးတွင် လက်ဗွေနှိပ်ခြင်း လုပ်ငန်းစဉ်များကို စတင်လုပ်ဆောင်နေခဲ့ပြီဖြစ်သည်။

လက်ဗွေနှိပ်ပြီးနောက် ရရှိလာမည့် work permit ဗီဇာကို နိုင်ငံကူးလက်မှတ်နှင့် CI စာအုပ်များသို့ ထည့်သွင်း၍ ထိုင်းနိုင်ငံတဝန်း နေထိုင်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။

CI အစိမ်းရောင်စာအုပ်ကို မှတ်ပုံတင်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပြုလုပ်နိုင်ပြီး ပြုလုပ်သည့်ရက်မှစ၍ စာအုပ်သက်တမ်း ၄ နှစ်ရရှိမည်ဖြစ်သည်။

ယခု CI စာအုပ်ထပ်မံလုပ်ဆောင်ပေးရမည့် မြန်မာအလုပ်သမားအရေအတွက်သည် ၈ သိန်းကျော် ရှိနေကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။