BREAKING
January 19, 2025

ထားဝယ်ဒေသတွင် ဓနိထွက်စားသောက်ကုန် ဈေးကောင်းရနေ

February 15, 2023

ထားဝယ်ဒေသတွင် ဓနိထွက် စားသောက်ကုန်များ ယခုနှစ်တွင် ဈေးကောင်းရနေကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ဒေသထွက် စားသောက်ကုန်တစ်မျိုးဖြစ်သည့် ဓနိပွင့်ယို တစ်ပိဿာလျှင် ယမန်နှစ်က ကျပ်သုံးထောင်ခန့်သာရှိရာမှ ယခုနှစ်တွင် တစ်ပိဿာကျပ် ငါးထောင်ဝန်းကျင်ခန့်အထိ ဈေးရနေကြောင်း ဓနိတောင်သူများထံမှ သိရသည်။

“ဈေးထဲမှာတစ်ပိဿာကို ငါးထောင်လောက်ရတယ်” ဟု ဓနိတောင်သူတစ်ဦးက ပြောသည်။

အွန်လိုင်းဈေးကွက်တွင်ဆိုလျှင် ရှစ်ထောင်ဝန်းကျင်အထိ ဈေးရသည်ဟုဆိုသည်။

ထားဝယ်ဒေသတွင် ယခင်က ဓနိပွင့်ယိုကို လက်ဆောင်ပေးခြင်းနှင့် စားသောက်ရန်သာ ကျိုချက်လေ့ရှိကြသော်လည်း ယခုအခါ အွန်လိုင်းကပင် ရောင်းချနေရကြောင်း အွန်လိုင်းကနေရောင်းချသည် အမျိုးသမီးတစ်ဦးက ဆိုသည်။

“ကျွန်မ စရောင်းတုန်း (တစ်နှစ်ကျော်လောက်က) က တစ်ပိဿာမှ ငါးထောင်ဝန်းကျင်ပဲရတယ်။ အခုက ဈေးပိုရလာတယ်။ တစ်ပိဿာ ကျပ်ရှစ်ထောင်လောက် ထိရတယ်” ဟု ၎င်းက ပြောဆိုသည်။

ဓနိပွင့်ယိုကို ဒေသအတွင်း စားသုံးသူများသလို နိုင်ငံခြားက စားသုံးသူများကပါ အွန်လိုင်းမှ မှာယူကြကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။

ယင်းအပြင် ဓနိဖူးခြောက်ကိုလည်း မှာယူသူများပြားနေပြီး တစ်ပိဿာ သုံးသောင်းကျပ်အထိ ဈေးပေါက်နေကြောင်း ၎င်းက ပြောသည်။

ဓနိဖူးခြောက်ကို ကျန်းမာရေးကောင်းသည်ဟုဆိုကာ ရေနွေးခပ်၍ သောက်လေ့ရှိကြသည်။

ဓနိပင်သည် ထားဝယ်မြစ်ကမ်းတစ်လျှောက်တွင် အများဆုံးတွေ့ရပြီး ထားဝယ်ဒေသခံအနည်းစုမှာ ဓနိပင်ကနေ ဓနိသကြား၊ ဓနိဖက်၊ ပုအုန်းရည်များထုတ်ယူပြီး အသက်မွေးဝမ်းကြောင်းပြုကြသည်။

ဓနိပွင့်ယိုပြုလုပ်ရာတွင် ဓနိပန်းကိုခူးပြီး အခြောက်လှန်းကာ ဓနိဦးရည်ဖြင့် ကျိုချက်ကြခြင်းဖြစ်သည်။