Princes in The Darkness 1990s
အခန်း(၁၆)
“ရပြီ…မြောက်ဥက္ကလာအဝိုင်းနားမှာ ဆလွန်းကားအဖြူရောင်နဲ့ ကျုပ် တပည့်စောင့်နေလိမ့်မယ်…သူ့ဆီမှာ သိန်းနှစ်ရာပါလာတယ်…ကျုပ်ကို သူ့ဆီပို့ပေးတာနဲ့….ခင်ဗျားတို့တောင်းတဲ့.ငွေရမယ်”
သားငယ်က ဖုန်းဆက်ပြီးနောက် အသံတုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။
ဗေဒါက သားငယ်၏ မျက်လုံများကို စူးစူးစိုက်စိုက်ကြည့်လိုက်၏။
သားငယ်ပုံစံက လိမ်ညာသည့်ဟန်မရှိ။
“ဟုတ်ပြီလေ..ဒါဆိုလည်း”
ဗေဒါက အပြင်တွင်ရပ်နေသော ကျားရွှင်တို့ကို အကျိုးအကြောင်းပြောပြလိုက်၏။
ကျားရွှင်တို့ကားပေါ်တွင် သားငယ်ကို တင်ပေးလိုက်ပြီး ဗေဒါက သူ့ကားဖြင့် ရှေ့မှ သွားသည်။
မြောက်ဥက္ကလာအဝိုင်းနားအရောက်တွင် သားငယ်ပြောသည့်အတိုင်း ဆလွန်းအဖြူရောင်ကားက အချက်ပြမီးကို ဖွင့်ကာရပ်ထား၏။
သိန်းနှစ်ရာလက်ထဲရပြီးသည်နှင့် သားငယ်ကို ကားပေါ်မှ ဆင်းခိုင်းကာ သူတို့ပြန်လာခဲ့ကြသည်။
ဗေဒါ့အတွက် မစ္စတာလု ခိုင်းသောအလုပ်တစ်ခု ပြီးမြောက်သွားခဲ့သဖြင့် ရင်ထဲ အပူတစ်ခုတော့ ကျသွား၏။
သို့သော်…သူနှလုံးသားမှ အပူကတော့ မကျသေး။
ဂျာနူးပေးသည့်အပူ။
ဗေဒါက ဉီးတည်ရာမဲ့စွာ ကားကို လျှောက်မောင်းနေမိ၏။
သန်လျင်တံတားကိုကျော်ပြီး ကျောက်တန်းဘက်သွားသည့် ကားလမ်းပေါ်အထိ သူရောက်လာကြောင်း သတိထားမိသည်။
ဗေဒါက လမ်းဘေးသင်္ချိုင်းလေးတစ်ခုဘေးတွင် ကားကို ရပ်လိုက်၏။
ထို့နောက် ကားပေါ်မှဆင်းကာ စီးကရက်ကို မီးညှိ့လိုက်သည်။
နံနက် သုံးနာရီပင် ထိုးနေခဲ့ပြီ။
သင်္ချိုင်းထဲမှ အုတ်ဂူတစ်ခုပေါ်တွင် အဓိပ္ပါယ်မဲ့စွာ ထိုင်နေမိလိုက်သည်။
သိင်္ဂီလင်းနှင့်တုန်းကလည်း အကြောင်းမသိခြင်းကြောင့် သူအသဲကွဲနာကြင်ခဲ့ရသည်။
ယခု ဂျာနူးနှင့်ကျ။ သူကိုယ်တိုင်… သိပါလျက်နှင့်။
သူ့ဘဝထဲ ဂျာနူးရောက်လာကတည်းက သူ့ခေါင်းထဲတွင် ရေးရေးပေါ်လာခဲ့သော အနာဂတ်အစီအစဉ်များအားလုံးလည်း ရေစုန်မျောတော့မည်ပေါ့။
အချိန်မည်မျှကြာသွားသည်မသိ။
အနီးအနားမှ အလုပ်သွားသူများက မနက်စောစောစီးစီး အုတ်ဂူပေါ်တွင် ငုတ်တုတ်ထိုင်နေသော သူ့ကို အထူးအဆန်းလို ကြည့်သွားကြမှ ဗေဒါ သတိပြန်ဝင်လာသည်။
ကားကို ရန်ကုန်မြို့ထဲသို့ သာ ပြန်မောင်းဝင်လာခဲ့လိုက်တော့၏။
……………………………….
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ဗေဒါက အသံမြည်နေသော ဖုန်းကို ကောက်ကိုင်လိုက်သည်။
“ဘဲကြီး…မနေ့က ကတည်းက ပျောက်နေလို့…စိတ်ပူတာနဲ့…မမရီတာ ဖုန်းကို ခဏငှားပြီး…ဆက်လိုက်တာ”
မေယုကြေးမုံ၏ အသံစာစာလေး။
“အင်း..ပြော..ဘာကိစ္စလဲ”
“အသံကြီးကလည်း..ဒီအချိန်အထိ အိပ်နေတာလား..နာရီလည်းကြည့်ပါဉီး..ဘဲကြီးရဲ့…ညနေ ခြောက်နာရီခွဲနေပြီ”
ဗေဒါက ခေါင်းအုံးဘေးမှ လက်ပတ်နာရီကို တချက်ကြည့်လိုက်သည်။
အပြင်ဘက်တွင် မှောင်ချေပင် သန်းနေပြီ။ မနက်က သူအခန်းသို့ ပြန်ရောက်ပြီးကတည်းက အိပ်ပျော်သွားသည်ပဲ။
“ဒီည မေယုလက်ရာ ဝက်လက်စွပ်ပြုတ်လုပ်စားကြတယ်..အဲ့ဒါ..ဘဲကြီးကို ခေါ်ကျွေးချင်လို့”
ထိုအခါမှ တနေ့ခင်းလုံး သူဘာမှမစားရသေးသည်ကို ဗေဒါ သတိရသွား၏။
ဗိုက်ထဲကလည်း ဂွီခနဲ။
“ရီတာ တို့အိမ်မှာလား”
“အင်းလေ..မေယုက အဲ့ဒီအိမ်မှာနေတာပဲကို…အတိတ်မေ့နေပြီလား”
မေယုကြေးမုံကို ဧရာကိစ္စလည်း ပြောရန်ရှိသေးသဖြင့် သွားရန် ဗေဒါ ဆုံးဖြတ်လိုက်သည်။
သို့သော်..မစ္စတာလုက ရီတာတို့အိမ်ဝင်ထွက်နေသည့်အတွက် သူ့အား အမြင်မကြည်ဖြစ်နေသည်ကိုလည်း ဗေဒါ တွေးမိသွား၏။
အမှန်အတိုင်းဆိုလျှင် ဒီကိစ္စသည် ဗေဒါ၏ ကိုယ်ရေးကိုယ်တာကိစ္စ။ မစ္စတာလု၏ အလုပ်ကိစ္စနှင့်ဘာမှ မပတ်သက်။
သို့သော်…မေယုကြေးမုံရှိနေသော ရီတာတို့အိမ်သို့ သွားရုံမျှပင်..ဗေဒါသည် သူ့အပေါ်သစ္စာဖောက်တော့မည်ဟု မစ္စတာလု က ထင်နေသည်။
ဂျာနူးစိတ်ကြေနပ်အောင် မစ္စတာလုအား သေချာရှင်းပြလိုက်မည်ဟု ပြောခဲ့သော်လည်း..တကယ်တမ်းကျ ဗေဒါ မရှင်းပြချင်။
ကိုယ်ဘက်က မှန်နေသဖြင့် ရှင်းပြရန်လည်း မလိုအပ်ဟု ဆုံးဖြတ်လိုက်သည်။
ဗေဒါ ကားမောင်းပြီး ရီတာတို့အိမ်ရှိရာသို့ ထွက်လာခဲ့လိုက်၏။
……………………………….
ခြံဝန်းကျယ်ကြီး။
စစ်ထောက်လှမ်းရေးတွင် ဒုတိယအကြီးဆုံးဗိုလ်ချုပ်၏ ဘယ်နှစ်ယောက်မြောက်မှန်းမသိသည့် ကြင်ယာတော့် ဂေဟာ။
“ကြွတော်မူပါရှင်”
မေယုကြေးမုံက ကလေးလေးတစ်ယောက်လို သွက်လက်စွာ တံခါးဖွင့်ပေး၏။
“အားလုံးစုစည်းနေရင်..ဘာမှမဖြစ်…ဒီမယ်..မင်းနာမည်ကိုပြောရင်..ငါ့နာမည်လည်း ပြောမယ်…နိုက်ထရစ်နေရာက ငါ..ဇေယျာသော်….”
ထူးထူးဆန်းဆန်း ဂီတသံစဉ်တစ်ခုကြောင့် ဗေဒါ ခေတ္တမျှ ရပ်သွားသည်။
ဆက်တီခုံပေါ်တွင် ထိုင်နေသည့် ရီတာက ကက်ဆက်ကို အသံသွားလျော့လိုက်၏။
ဗေဒါက ရီတာ၏ ရှေ့တွင် ဝင်ထိုင်လိုက်သည်။
“ဘာလဲ..သီချင်းသံက ဆန်းနေလို့လား”
“ဟုတ်တယ်”
“Hip Hop Music လို့ခေါ်တယ်တဲ့….သူငယ်ချင်းရဲ့မောင်လေးတစ်ယောက်က လက်ဆောင်ပေးထားတဲ့ အခွေကြမ်းလေးပါ…..မကြာခင် သူတို့ အဖွဲ့လည်း အခွေထွက်လာတော့မယ်ပြောတယ်..နည်းနည်းတော့ ဆူတယ်နော်..ပြီးတော့ စကားပြောသလိုလို ရန်ဖြစ်နေသလိုလိုကြီး”
“ဒါပေမယ့်..မိုက်ပါတယ်..မရီတာရဲ့..လူငယ်တွေ ရဲ့ ခေတ်တခေတ်ဆီကို ဉီးတည်နေတဲ့ အသံပေါ့”
“ကိုဗေဒါက သီချင်းတွေလည်း ကြိုက်တာပဲလား”
“ကျွန်တော်လည်း အနုပညာနဲ့ မဝေးပါဘူး”
ထိုအချိန်တွင် မေယုကြေးမုံက ဝက်စွပ်ပြုတ်ပန်းကန်နှင့် အချည်ပန်းကန်ကို လာချပေး၏။
“ကဲ..စားကြည့်ဉီး..ဆရာကြီး..လာအိုစတိုင်လ်ချက်ထားတာ”
ဗေဒါက စွပ်ပြုတ်ကို တစ်ဇွန်းမြည်းကြည့်လိုက်သည်။ မဆိုး။
“အော်..မေ့နေတာ..ကိုဗေဒါ..ဒီအချိန်က မင်္ဂလာအချိန်ပဲ..ဘာသောက်မလဲ..ဝီစကီလား..ဘရန်ဒီလား”
“ရတယ်…ဘာဖြစ်ဖြစ်”
ရီတာက တဝက်ခန့်ကျန်နေသေးသည့် ဘရန်ဒီတစ်လုံးနှင့် ရေခဲ၊ဖန်ခွက်တို့ကို သွားယူလာပေးသည်။
ဖန်ခွက်က သုံးခွက်။ မေယုကြေးမုံက ဇွတ်ခနဲ ဖန်ခွက်တစ်ခွက်ကို ယူကာ ငှဲ့လိုက်၏။
“မင်းက သောက်တတ်တာလား”
“အော်..ဘဲကြီးရယ်…မေးရက်တယ်နော်”
သူတို့ဝိုင်းလေးက စိုပြေသွားသည်။ ဘရန်ဒီတစ်လုံးနှင့် မိန်းမလှလေးနှစ်ယောက်ကြား သောက်ရသည်ပဲ။ မစိုပြေရှိမလား။
ဗေဒါက ဧရာအား ရှာတွေ့ထားသည့်ကိစ္စ မေယုကြေးမုံကို ပြောလိုက်ရန် စဉ်းစားမိလိုက်သည်။
သို့သော်..သူကိုယ်တိုင်လည်း စိတ်ရှုပ်ထွေးနေချိန်ဖြစ်သဖြင့်..ဧရာအား မေယုကြေးမုံကိစ္စ အရင်ပြောပြပြီးမှသာ သူတို့နှစ်ဉီးအား ပေးတွေ့ရန် ဆုံးဖြတ်လိုက်၏။
“လောကကြီးရဲ့..လှည့်ကွက်တွေကပြင်း…မီးလောင်ရာကို လေတွေက ပင့်ရင်း….ပြောနေကြတဲ့ အချစ်ရဲ့ ချိုမြိန်ခြင်း..ငါ့ရဲ့ အသဲမှာတော့..မီးလိုပူပြင်း”
ဟစ်ဟော့သီချင်းစာသားများက ဗေဒါ့ စိတ်ကို တိုက်ရိုက်ထိခိုက်စေသလိုလို။
“ချောက်”
မေယုကြေးမုံက ကက်ဆက်ကို ထပိတ်လိုက်သည်။
“ဒီသီချင်းတွေကို ဘဲကြီး ကြိုက်မယ်မထင်ဘူး…ဘဲကြီးကို မေယုသီချင်းဆိုပြမယ်..ဘဲကြီးတို့ ခေတ်က ဖီးလ်တဲ့သီချင်းမျိုးပေါ့”
နံရံတွင် ထောင်ထားသော ဂစ်တာကို မေယုကြေးမုံက ကောက်ကိုင်လိုက်၏။
“မိုးရေစက်တွေလိုပဲ…လေထဲ မျောလွင့်ပါ..တို့ရဲ့ စိတ်တွေ လှုပ်ရှား..ပန်းဖြူပွင့်ငယ်တွေက အဆိပ်လူးထားတဲ့အခါ..သွေးကြောထဲ တုန်လှုပ်သွားတယ်”
မေယုကြေးမုံ၏ အသံမျှင်မျှင်လေး။
ဗေဒါက ဆတ်ခနဲ ထသွားလိုက်သည်။
ထို့နောက် မေယုကြေးမုံ၏ ဂစ်တာကော့ဒ်ကိုင်နေသော လက်ကို အပေါ်မှ အုပ်မိုးကိုင်လိုက်၏။
“တော်တော့….ဆက်မတီးနဲ့တော့..ခုန သီချင်းပဲ ပြန်နားထောင်ကြရအောင်”
မေယုကြေးမုံက ဗေဒါ ကို နားမလည်သလို မျက်လုံးဝိုင်းလေးဖြင့် မော့ကြည့်လိုက်သည်။
“ဘာလို့လဲ…မေယု အသံက မကောင်းလို့လား”
“ကောင်းပါတယ်..ဒါပေမယ့်…ဒီသီချင်းတော့ မတီးပါနဲ့လား..မေယု..ကိုယ်တောင်းပန်နေတာပါ”
ဗေဒါ ၏ အသံက တိမ်ဝင်သွား၏။
သူတို့နှစ်ယောက်အခြေအနေကို ရီတာက နားမလည်နိုင်စွာဖြင့် ကြည့်နေတော့သည်။
……………………………….
တံခါးခေါက်သံကြောင့် ဗေဒါထဖွင့်လိုက်သည်။
မုံရာနောင်။
“မစ္စတာလုက…အိုလံပစ်ဟိုတယ်မှာ ငွေယူဖို့ကိစ္စ..ကိုဗေဒါ ကြီးကြပ်ပြီး လိုက်ခဲ့ပေးပါလို့ မှာလိုက်တယ်…ကိုကျောက် ဆိုတဲ့ လူကို ကိုဗေဒါ သိပါတယ်တဲ့”
ကိုကျောက် ကို ဗေဒါ ကောင်းကောင်းသိသည်။ သူတို့ထံမှ အဖြူကို အကြီးအကျယ်လက္ကားယူနေသော မြန်မာပြည်ပေါက် ထိုင်ဝမ်နိုင်ငံသားခံယူထားသူ။
သူ့လမ်းကြောင်းက အရှေ့တောင်အာရှရှိ အပန်းဖြေကမ်းခြေများဖြစ်သော ဖူးခက်၊ ဘာလီ၊ ပတ္တရား တို့အထိ ဖြန့်ဖြူးသည့်လမ်းကြောင်း။
မစ္စတာလုက သူ့ထံမှ အကြွေးရစရာတွေအများကြီးရှိနေသေးသည်။
ဗေဒါက ခဏစောင့်ဖို့ပြောပြီး ရေချိုးခန်းဝင်ကာ ခပ်မြန်မြန်ချိုးလိုက်သည်။
ထို့နောက် ဂျာကင်အင်္ကျီကို အပေါ်မှထပ်ဝတ်ကာ မုံရာနောင်နှင့်အတူ အောက်သို့ ဆင်းသွားလိုက်၏။
ကားပေါ်တွင် အားပေါင်နှင့် ကောင်းဆက် တို့လည်း ပါလာသည်။
အိုလံပစ်ဟိုတယ်ဝင်းထဲရှိ ကားပါကင်တွင် ကားကိုရပ်လိုက်၏။
အိုလံပစ်ဟိုတယ်ပိုင်ရှင်ကလည်း ကိုကျောက် နှင့် ပါတနာမို့ သူ့ရုံးခန်းတွင် သွားမေးလိုက်ရုံဖြင့် အခန်းကို တန်းညွှန်ပြသည်။
ဗေဒါတို့က အခန်းတံခါးကို ဘဲလ်တီးလိုက်၏။
ကိုကျောက် က တံခါးအသာလှပ်လိုက်သည်။
“တယောက်ပဲဝင်လာခဲ့”
ကျန်သည့်သူများက အပြင်မှာ ကျန်ခဲ့ပြီး ဗေဒါ သာ ဝင်သွား၏။
ကိုကျောက်က အခန်းထဲတွင် ရှိနေသော လက်ချ်ကေ့တစ်လုံးကို သော့သွားဖွင့်လိုက်သည်။
“ဒီမှာ…လာရေကြည့်ဉီး”
“သိန်လေးထောင်တောင်…ကျွန်တော်တစ်ယောက်တည်းရေနေရင် အချိန်ကြာနေမှာပေါ့..ဟိုကောင်တွေပါ ခေါ်ခွင့်ပြု”
ကိုကျောက် အနည်းငယ်စဉ်းစားနေသည်။
“အင်း..မြန်မြန်တော့လုပ်ကြ”
ဗေဒါက အပြင်တွင် ကျန်ရစ်သူများကို ခေါ်ရန် တံခါးကို သွားဖွင့်လိုက်စဉ်။
“လက်နှစ်ဖက်ကို အပေါ်တင်ပြီး..ထိုင်ချထား”
သေနတ်တစ်လက်က ဗေဒါ၏ နဖူးကို ချိန်ထားလိုက်သည်။
မုံရာနောင်နှင့် ကောင်းဆက်ကို ကြည့်တော့ သူတို့အောက်မှာ ငုတ်တုတ်ကလေး။
“ငါတို့ တပ်မတော်ထောက်လှမ်းရေး၊ တန်ပြန်ထောက်လှမ်းရေးဌာန ကပဲ”
မည်သည့်အချိန်က သတင်းရသွားသည်မသိ။
လူဆယ်လောက်ခန့်က သေနတ်အတို၊အရှည်ကိုယ်စီဖြင့် သူတို့ ကို ဝိုင်းထားလိုက်ပြီဖြစ်သည်။
ကိုကျောက်ရော၊ ဗေဒါနှင့် ကျန်သူများအားလုံးကို အခန်းတွင်းသို့ ထည့်ထားလိုက်၏။
ထောက်လှမ်းရေးများက တစ်ခန်းလုံးကို မွှေနှောက်ရှာဖွေကြသည်။
ဗေဒါတို့၏ ခန္ဓာကိုယ်များကိုလည်း ရှာဖွေ၏။ ဗေဒါ၏ ဆယ်လူလာဖုန်းကိုလည်းသိမ်းယူသွားသည်။
ကံကောင်းသည်က ဒီနေ့မှ ဗေဒါက ပစ္စတိုကို ထည့်မလာမိခြင်းပင်။ ပစ္စတိုပါ မိသွားလျှင် ပိုရှင်းရခက်တော့မည်။
ခဏအကြာ နောက်ထပ် တစ်ဖွဲ့ထပ်ရောက်လာပြီး..ဗေဒါတို့ကို လက်ထိပ်ခတ်သည်။ ဗေဒါတို့အား သုံးသုတ်ခွဲပြီး ဟိုတယ်ဓာတ်လှေကားမှတဆင့် အောက်သို့ ခေါ်ချသွား၏။
ကားပေါ်ရောက်သည်နှင့် ထုံးစံအတိုင်း..ခေါင်းကို အဝတ်အမဲများ စွတ်ချလိုက်တော့သည်။
ဗေဒါမှာ စစ်ထောက်လှမ်းရေးများနှင့် ရင်းနှီးပတ်သက်မှုရှိသော်လည်း ဒီအဖွဲ့ကိုတော့ သူ မကြုံဖူး။
တန်ပြန်ထောက်လှမ်းရေးဌာနရှိသည်ကို သိသော်လည်း ဘယ်လိုကိစ္စများကို အထူးပြုစုံစမ်းသည်ဆိုသည်ကိုတော့ သူလည်း မသိ။
သံချောင်းတို့၊ ဗိုလ်ကြီး ရန်နိုင်ဝင်းတို့ ထံ တနည်းနည်းနှင့်ဆက်သွယ်နိုင်လျှင်တော့ သူ့အတွက် စိတ်ပူစရာသိပ်မလိုဟု ဗေဒါ တွက်ဆမိသည်။
သို့သော်ခက်သည်က..ယခုကိစ္စသည် မစ္စတာလု၏ အလုပ်ကိစ္စဖြစ်နေပြီး ငွေကြေးကလည်း နည်းသည့် ပမာဏမဟုတ်။
စစ်ထောက်လှမ်းရေးနှင့် လောမိသားစု ဆက်ဆံရေးကလည်း လိပ်ခဲတည်းလည်း အနေအထား။
ထိုအခြေအနေတွင် မစ္စတာလုကလည်း ကြားက ခေါင်းခံပေးမည်မထင်။ ဗေဒါတို့မှာ ကျွဲနှစ်ကောင်ခတ်သည့်အကြား ညပ်သွားနိုင်သည့်အနေအထားဖြစ်နေ၏။
ထုံးစံအတိုင်း စစ်ကြောရေးကို ခေါ်သွားပြီဆိုတာကို ဗေဒါခန့်မှန်းမိသည်။
ဗေဒါကို အခန်းတစ်ခန်းထဲ သူတို့ ပစ်ထည့်ထားကြ၏။
မနက်စာ မာတောင့်နေသည့် ထမင်းကြော်တစ်ပွဲ၊ နေ့လည်စာ ထမင်းနှင့် အသားဟင်း၊ ညနေစာ ခေါက်ဆွဲကြော်တစ်ပွဲ ပုံမှန်လာပို့သည်မှအပ မည်သူမျှ မတွေ့ရ။
သူနှင့်အတူပါလာသော မုံရာနောင်တို့အား စစ်ကြောရေးဝင်နေတာဖြစ်နိုင်သည်ဟု ဗေဒါတွေးမိသည်။
ထို့အတွက်တော့ ဗေဒါစိတ်မပူ။
ဗေဒါမှလွဲပြီး ကျန်သည့်သူများက ကိုကျောက်ဘယ်သူဆိုတာပင်မသိကြသူများမို့ စစ်ကြောရေးတွင် ဘာမှလည်း ဖြေနိုင်မည်မဟုတ်။
……………………………….
သုံးရက်မြောက်နေ့။
ဒီလောက်ကြာသည်အထိ ဘာမှမထူးခြားသဖြင့် မစ္စတာလု က သူတို့ကိစ္စကို လက်ရှောင်နေလိုက်ပြီဖြစ်ကြောင်းလည်း ဗေဒါ စဉ်းစားမိသည်။
ဗေဒါ၏ အတွေးများမဆုံးခင်ပင်…သူ့အခန်းတံခါးကို ဖွင့်သံကြားရပြီး..ကော်လံကတုံးနှင့် ပုဆိုးဝတ်ထားသော လူနှစ်ဉီးကဝင်လာသည်။
မစ္စတာလု ဖြေရှင်းပေးလိုက်ပြီဟု ဗေဒါထင်လိုက်၏။ သို့သော်..မဟုတ်။
“စစ်ကြောရေးခန်း ဝင်ရမယ်..ကိုဗေဒါ..အရာရှိတွေ မေးတာကို ကောင်းကောင်းမွန်မွန်နဲ့ အမှန်အတိုင်းဖြေပေးပါ..မဟုတ်ရင်.. ကျန်တဲ့ကိစ္စတွေ ကျွန်တော်တို့ တာဝန်မယူပေးနိုင်ဘူး”
ပြောပြောဆိုဆိုနှင့် သူ့အား ခေါင်းစွပ် စွပ်ချလိုက်ပြန်၏။
သူတို့ခေါ်ဆောင်ရာသို့ ဗေဒါလိုက်ပါခဲ့သည်။ တစ်နေရာအရောက်တွင် ထိုင်ခုံတစ်လုံးပေါ်သို့ ထိုင်ချခိုင်းလိုက်၏။
ထို့နောက် ခေါင်းစွပ်ကို ချွတ်ပေးလိုက်သည်။
သူ့ရှေ့တွင် စားပွဲတစ်လုံး။
စားပွဲပတ်ချာလည်တွင် လူသုံးယောက်ထိုင်နေကြ၏။
ဗေဒါ ညာဘက်ဘေးတွင် ဆံပင်တိုတိုဘေးခွဲ၊ အသာဖြူဖြူနှင့် လူတစ်ယောက် ထိုင်နေ၏။
လက်ထဲတွင်လည်း စာအုပ်နှင့် ဘောပင်ကို ကိုင်လျက်။
ရှေ့တည့်တည့်မှ ထိုင်ခုံနှစ်ခုံတွင် ဗိုလ်ကြီးအဆင့်ဟု ယူဆရသူနှစ်ဉီး ထိုင်နေသည်။
“ခင်ဗျားက..ကိုဗေဒါနော်”
“ဟုတ်ပါတယ်”
“ကိုကျောက် ကို မင်းဘယ်တုန်းက သိတာလဲ”
“ဒီနေ့မှ တွေ့ဖူးတာပါ”
“အဟား…”
ထိုင်နေသူ တစ်ဉီးက ဟားခနဲရယ်ကာ စားပွဲကို လက်ဖြင့် ပုတ်လိုက်သည်။
“ကိုဗေဒါ..ကိုဗေဒါ..ခင်ဗျားအကြောင်း ကျုပ်တို့ ကြားဖူးပြီးသားပါ….ခင်ဗျား ဘယ်သူ့လူ၊ ဘယ်သူ့အတွက် အလုပ်လုပ်တယ်ဆိုတာ.ကျုပ်တို့က မသိပဲနေမလား..ပြီးတော့..ကိုကျောက်ဆိုတာ ဘယ်သူလည်း ခင်ဗျား သိနေပါတယ်ဗျာ..ဟုတ်တယ်မဟုတ်လား”
ဗေဒါက ဘာမှပြန်မဖြေ။
“ကဲ..ထားပါတော့..ဒီလောက်ငွေတွေအများကြီးကို..ခင်ဗျားတို့က ဘာအတွက် လာယူကြတာလဲ..ဘယ်သူက ယူခိုင်းတာလဲ”
သူ့ရှေ့မှ နှစ်ယောက်လုံးက ဗေဒါ့မျက်နှာကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။
“ဒီအဖြေကို ဖြေပေးနိုင်ရုံနဲ့..ခင်ဗျားကို ချက်ချင်းလွှတ်ပေးမယ်…ခင်ဗျားဘာမှမဖြစ်စေရဖို့လည်း ကျုပ်တို့ အာမခံတယ်”
စစ်ထောက်လှမ်းရေးများနှင့် အပေါင်းအသင်းလုပ်ခဲ့ဖူးသည့် ဗေဒါအနေဖြင့် ဒီမေးခွန်း၏ လားရာကို ခန့်မှန်းမိလိုက်၏။
သူ့ဘက်က “မစ္စတာလု” ဟု တခွန်းပြောလိုက်သည်နှင့်…စစ်ထောက်လှမ်းရေးက လောမိသားစုအပေါ် နိုင်ကွက်တစ်ကွက် အဖြစ် မှတ်တမ်းယူသွားလိမ့်မည်။
မဖြေပြန်လျှင်လည်း….ဘာဖြစ်မည်ဆိုတာ မပြောနိုင်။ ကိုကျောက် ကလည်း ဘယ်လိုဖြေထားသည်မသိ။
တကယ်တော့ အဖြူအရောင်းအဝယ်ကိစ္စလုပ်ရာတွင်လည်း ကိုကျောက်သည် နောက်ကွယ်က မစ္စတာလု အဆင့်အထိ တိုက်ရိုက်မဆက်သွယ်ခဲ့ရ။ သူသိသည်မှာ ကျားရွှင် ပြီးလျှင်.. နောက်တွင် ဗေဒါ ရှိနေသည်ကိုသာ သိထားသည့်အတွက် စိတ်ပူစရာတော့သိပ်မလို။
ထို့ကြောင့်လည်း စစ်ထောက်လှမ်းရေးများက ဗေဒါကို နောက်ဆုံးမှ စစ်ကြောခြင်းဖြစ်နိုင်သည်။
သူတို့ကိုယ်တိုင်လည်း ဗေဒါအား လောမိသားစု၏ လူမှန်း သိထားပြီးသား။သို့သော် ယခုကိစ္စအတွက်မူ အတည်ပြုရန် ဗေဒါ ဝန်ခံချက်တစ်ခု လိုအပ်နေမှန်း ဗေဒါရိပ်မိသည်။
ဗေဒါ ပြန်မဖြေနိုင်လျှင်လည်း အမှုတွဲတည်ဆောက်ပြီး ထောင်နှစ်ရှည်ချလိမ့်မည်။ မစ္စတာလုက ဒီတိုင်းကြည့်နေမည်မဟုတ်သော်လည်း မလိုအပ်ပဲ ဇာတ်လမ်းတွေ ရှုပ်ထွေးသွားမည်ကို ဗေဒါ လည်း မကြိုက်။
ဗေဒါ အချိန်တိုအတွင်း စဉ်းစားခန်းဝင်လိုက်၏။ မည်သို့ ပြန်ဖြေရမည်လဲ။
ဗေဒါ့ က သူ့ဂျာကင်အိတ်ထဲ လက်နှိုက်ရင်း..တစ်စုံတစ်ခုကို စမ်းမိသွား၏။
လိပ်စာကဒ်တစ်ခု။
“ကျွန်တော့်ကို ရီတာ တောင်းခိုင်းတာပါ”
“ဘယ်သူ”
ဗေဒါ့ရှေ့မှ နှစ်ဉီးလုံးထံမှ အသံပြိုင်တူထွက်လာကြသည်။
“ရီတာလေ…ဒီမှာ..သူ့လိပ်စာကဒ်”
ဗေဒါက သူ့ဂျာကင်အိတ်ထဲမှ လိပ်စာကဒ်ကို ထုတ်ပေးလိုက်၏။ မေယုကြေးမုံမိတ်ဆက်ပေးသဖြင့် ရီတာနှင့် စတွေ့သည့်နေ့တွင် ရီတာပေးလိုက်သည့် လိပ်စာကဒ်ကို ဂျာကင်အိတ်ထဲ မှတ်မှတ်ရရ ထည့်ထားမိခဲ့သည်မဟုတ်လား။
အရာရှိနှစ်ယောက် လိပ်စာကဒ်ကို အသေအချာကြည့်ကြသည်။
သူတို့ ထောက်လှမ်းရေးအဖွဲ့၏ ဒုတိယအကြီးဆုံးဖြစ်သော ဗိုလ်ချုပ်၏ အချစ်တော် စီးပွားရေးပဲ့ကိုင်ရှင်မလေးကို သူတို့ မသိရှိရော့လား။
ထောက်လှမ်းရေးအရာရှိနှစ်ယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
“ဟေ့ကောင်..အဲ့ဒီ ရီတာ ဆိုတဲ့ နာမည် ထည့်မရေးနဲ့နော်”
ဆံပင်ဘေးခွဲကို သပ်သပ်ရပ်ရပ်ဖီးထားသော အရာရှိက ဘေးနားမှ မှတ်တမ်းလိုက်ယူနေသော တစ်ယောက်ကို လှမ်းသတိပေးလိုက်၏။
“နောက်ပြီး..ခင်ဗျားတို့…ကျွန်တော့်ဖုန်းကို သိမ်းထားတာပဲ…အဲ့ဒီဖုန်းထဲမှာ သူ့ဖုန်းနဲ့ ကျွန်တော့်ဖုန်းကို နောက်ဆုံးခေါ်ထားတဲ့ ကောလ် ရှိတယ်..မယုံစစ်ကြည့်နိုင်ပါတယ်”
ဗေဒါ က ခပ်တည်တည်ပင်ပြောလိုက်၏။
သူအဖမ်းမခံရခင်..တညနေတွင်မှ မေယုကြေးမုံ က ရီတာ၏ ဖုန်းဖြင့် သူ့ကိုခေါ်ထားသည်မဟုတ်လား။
ထောက်လှမ်းရေးအရာရှိတစ်ယောက်က အပြင်သို့ ထထွက်သွားသည်။
ခဏအကြာတွင် ပြန်ဝင်လာ၏။
နောက်တစ်ယောက်အား ခေါင်းညိတ်ပြလိုက်သည်ကို ဗေဒါ တွေ့လိုက်သည်။
“နေပါဉီး…ကိုဗေဒါ..ခင်ဗျား..ကို ရီတာ က ဘာကိစ္စ အဲ့ဒီပိုက်ဆံတွေ ယူခိုင်းတာလဲ..ရီတာနဲ့ ခင်ဗျား ဘယ်လိုပတ်သတ်လို့လဲ”
“ကျွန်တော်က ကြေးစားပဲ….ပိုက်ဆံရရင် ဘယ်သူခိုင်းခိုင်းလုပ်ရမှာပဲ….ဘာကိစ္စနဲ့ ဒီပိုက်ဆံတွေ ယူခိုင်းလည်း ဆိုတာတော့..ရီတာ ကိုပဲ ခင်ဗျားတို့ သွားမေးကြည့်ပေါ့”
ပွဲပြီးပြီ။
စစ်ထောက်လှမ်းရေးများ၏ ကြောနပ်နေသည့်ဗေဒါအဖို့….သူ့အဖြေက ပွဲသိမ်းအဖြေဖြစ်ကြောင်းသိလိုက်သည်။
စစ်တပ်၏ အထက်အောက်ဆက်ဆံရေးအခြေအနေအရ….သူတို့ထက် အဆင့်လေးငါးဆင့်ကွာသည့် သူတစ်ဉီးကိစ္စကို သူတို့ မမေးမြန်းရဲသည်မှာ အသေအချာ။
ဗိုလ်ချုပ်၏ တရားမဝင်စီးပွားရေးကို နောက်ကွယ်မှ ကိုင်တွယ်ပေးနေသော ရီတာကို ထိလျှင် ဗိုလ်ချုပ်၏ အညှိအပြင်ခံရမည်ကိုလည်း သူတို့ သေမလောက်ကြောက်ကြသည်။
နောက်တစ်ခုက ရီတာ၏ စပွန်ဆာဖြစ်သော ထိုဗိုလ်ချုပ်မိသားစု နှင့် လောမိသားစုမှာ တချိန်က ကြီးမားသော လာဘ်ပေးလာဘ်ယူမှုများတွင် ပတ်သက်ခဲ့ဖူးပြီးသား။
“ကဲ..ကိုဗေဒါ..ဒီထဲမှာ ခဏထိုင်နေပါဉီး”
စစ်ထောက်လှမ်းရေးသုံးဉီးစလုံး အခန်းပြင်သို့ ထွက်သွားကြသည်။
ဆယ်မိနစ်ခန့်အကြာတွင် ဆံပင်ဘေးခွဲနှင့် လူသာ ပြန်ဝင်လာ၏။
“ခင်ဗျားကို ကျုပ်တို့အထက်က အဖွဲ့တစ်ဖွဲ့ ဆက်စစ်လိမ့်မယ်..ကိုဗေဒါ”
ထိုသူက ဗေဒါရှေ့သို့ လက်ကီးစထရွိုက် စီးကရက်တစ်ဗူးနှင့် မီးခြစ်ကို ချပေးလိုက်သည်။
“စီးကရက်သောက်တတ်ရင်..သောက်ရင်း စောင့်နေလိုက်ပါ”
သူပြန်ထွက်သွားပြီးနောက်.ဗေဒါက စီးကရက်ကို ဖွာရင်း ထိုင်နေလိုက်၏။
ခဏအကြာတွင် တံခါးထပ်ပွင့်လာသည်။
ဗိုလ်မှူးယူနီဖောင်းဝတ်ထားသည့် လူတစ်ယောက်။
ပစ်ကပ်ဉီးထုပ်ကို ချွတ်ပြီး ဗေဒါရှေ့စားပွဲပေါ်တွင် တင်လိုက်သည်။
“ကိုဗေဒါ..ခင်ဗျားရော ခင်ဗျားလူတွေကိုရော..တန်ပြန်ထောက်ကနေ ကျုပ်တို့ဌာနကြီးမှူး……………..ဆီ ပြန်လွှဲလိုက်ပါပြီ..လိုက်ခဲ့ပါ”
ဗေဒါက စီးကရက်မီးကို အောက်သို့ ပစ်ချကာ ထိုးခြေရင်းပြုံးလိုက်သည်။ထိုသူပြောသော ဌာနကြီးမှူးဆိုသည်မှာ ထူးထူးခြားခြား မစ္စတာလုနှင့် ယခုအချိန်အထိ အပေးအယူများရှိသေးသည့် ထောက်လှမ်းရေးဌာနမှူးတစ်ဉီး။
ဗိုလ်မှူးကတော့ ရုပ်တည်ဖြင့်..သူ့နောက်လိုက်ခဲ့ရန် ပြော၏။
အပြင်ဘက်တွင်တော့…အနက်ရောင်ကားနှစ်စီးရပ်ထားသည်။
အနောက်ဘက်ကားတွင် မုံရာနောင်တို့ကို လှမ်းမြင်ရ၏။
ဗိုလ်မှူးက ဗေဒါကို ရှေ့ကား နောက်ခန်းသို့ တက်ရန်ပြောလိုက်ပြီး ဗေဒါ ဘေးတွင် သူက ဝင်ထိုင်လိုက်သည်။
ကားက သူ့တို့အား စစ်ကြောရေးလုပ်သည့်ဝန်းထဲမှ ထွက်သွားသည်နှင့် ဗိုလ်မှူးက သက်ပြင်းချလိုက်၏။
“တော်သေးတယ်..ကိုဗေဒါ..ခင်ဗျား..ဒီကောင်တွေရှေ့မှာ..ဖြေလိုက်တဲ့..အဖြေက ကောင်းတယ်… ဒီကောင်တွေ မကျော်ရဲတဲ့ ဘိုးတော်ဖြစ်နေတာ…မဟုတ်ရင်..ကျုပ်တို့ပါ လုပ်ရကိုင်ရခက်ကုန်မှာ”
ဗေဒါက ဗိုလ်မှူး၏ စကားကို နားမလည်သလိုဖြင့် ကြည့်လိုက်၏။
“ဒီလိုဗျာ..ခင်ဗျားတို့ကို တန်ပြန်ထောက်က ဝင်စိသွားပြီဆိုတော့..ကျုပ်တို့အဘကို မစ္စတာလုက ချက်ချင်းဖုန်းဆက်တယ်..ဘယ်လောက်ကုန်ကုန်ပြန်ထုတ်ပေးဖို့ပေါ့..ခက်တာက… အက်စ်ဝမ်းကြီး ကိုယ်တိုင်က မစ္စတာလုတို့ကို ကြည်တာမဟုတ်ဘူး…ဒီကြားထဲ ဒီဘိန်းကုန်သည်တွေကိစ္စက မစ္စတာလုနာမည်နဲ့သာ ပေါက်သွားရင်.ကျုပ်တို့.အဘလည်း ဘာမှ ကြားဝင်ပေးနိုင်မှာမဟုတ်ဘူး…အခုကျတော့ ဒီကောင်တွေက ရီတာ နာမည်ကြားတာနဲ့ အထက်ကို ရီပို့တောင်မလုပ်ရဲတော့ဘူး..ဒါနဲ့ပဲ ကျုပ်တို့လည်း ဝင်ရလွယ်သွားတာဗျာ..ကိုဗေဒါရေ”
ဗိုလ်မှူးပုံစံက အတော်လေးဝမ်းသာနေပုံပင်။
“ခင်ဗျားကို ..မစ္စတာလုက မှာလိုက်တယ်..ဒီတစ်ရက်နှစ်ရက်တော့..တိုက်ခန်းမှာပဲ နေပါဉီးတဲ့…နောက်ရက် သူ ဖုန်းဆက်ပါ့မယ်တဲ့…ရော့…ဒီမှာ..ခင်ဗျားဖုန်း”
ဗေဒါက ဗိုလ်မှူးထံမှ ဆယ်လူလာဖုန်းကို ယူကာ ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်သည်။
တိုက်ခန်းရှေ့တွင် ကားရပ်ပေး၏။
ဗိုလ်မှူးကို နှုတ်ဆက်ပြီး တိုက်ခန်းပေါ် တက်လာခဲ့လိုက်သည်။
လှေကားထောင့်ချိုးအရောက်။
“ဘဲကြီး”
နောက်မှ ခေါ်သံကြောင့် ဗေဒါလှည့်ကြည့်လိုက်သည်။
မေယုကြေးမုံ။
သူနှင့်ကပ်လျက် ပါလာသူက ရီတာ။
အခန်း ၁၇ ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>