BREAKING
February 28, 2025

မြိတ်တွင် ရွှေတစ်ကျပ်သား ကျပ်သုံးသောင်းကျော် မြင့်တက်

February 15, 2022

မြိတ်မြို့တွင် ရွှေတစ်ကျပ်သားလျှင် ယခင်လ ဈေးနှုန်းထက် ကျပ် သုံးသောင်းလေးထောင် ဈေးနှုန်း မြင့်တက်သွားကြောင်း လက်ဝတ်ရတနာ အရောင်းဆိုင်အသိုင်းအဝိုင်းထံမှ သိရသည်။

ဇန်နဝါရီလ နောက်ဆုံးအပတ်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၈ သိန်းကျော် (၁,၈၇၀,၀၀၀ ကျပ်) ဈေးရှိရာမှ လက်ရှိတွင် ၁၉ သိန်းကျော် (၁,၉၀၄,၀၀၀ ကျပ်) အထိ ဈေးနှုန်းမြင့်တက်နေကြောင်း အဆိုပါအရောင်းဆိုင်များထံမှ သိရသည်။

ရွှေဈေးနှုန်းမြှင့်တက်လာခြင်းမှာ ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်းတို့ ပြန်လည်မြင့်တက်လာနေခြင်းကြောင့်ဖြစ်ကြောင်း လက်ဝတ်ရတနာအရောင်းဆိုင် ရှင် အချို့က ပြောပြသည်။

ရွှေဈေးနှုန်းများ မြင့်တက်နေသော်လည်း အဝယ်လိုက်နေသဖြင့် ရောင်းအားကောင်းနေကြောင်း ဆိပ်ငယ်ဈေးကြီးရှိ လက်ဝတ်ရတနာအရောင်းဆိုင်အချို့ထံမှ သိရသည်။

“ရွှေဆိုင်တန်းဘက်မှာ လူအပြည့်ပဲ။ ရောင်းလည်း ရောင်းနေကြရတယ်” ဟု ဆိပ်ငယ်ဈေးကြီးရှိ ရွှေထည်လက်ဝတ်ရတနာ အရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

လက်ရှိ ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၈၇၀ ဒေါ်လာနှင့် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁၉၀၀ကျော် နှုန်းရှိနေသည်။