BREAKING
September 19, 2024

ညမထွက်ရအမိန့်ကြောင့် အခြေခံလူတန်းစားများ အခက်တွေ့

February 15, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် ညမထွက်ရအမိန့်ထုတ်ပြီး ကန့်သတ်လိုက်သဖြင့် အခက်တွေ့နေရကြောင်း ညဘက်ရောင်းသည့် မိုးမလင်း လက်ဖက်ရည်ဆိုင်များနှင့် ဈေးဆိုင်ရောင်းချသူ အချို့က ပြောဆိုကြသည်။

တပ်အာဏာသိမ်းပြီး ဖေဖော်ဝါရီ လ ၉ ရက်နေ့တွင် ည ၈ နာရီမှ နံနက် ၄ နာရီ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားသည်။

ယခင်က ကိုဗစ်ကပ်ဘေးကြောင့် ကန့်သတ်ထားသည့် ညမထွက်ရအမိန့် မှာ ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားသည်။

ထိုသို့ အချိန်စောပြီး ကန့်သတ် လိုက်သဖြင့် မိုးမလင်းလက်ဖက်ရည် ဆိုင်တွင် ရောင်းအားသုံးပုံတစ်ပုံ ကျဆင်းသွားကြောင်း မြို့ပတ်လမ်းရှိ မိုးမလင်း လက်ဖက်ရည်ဆိုင်ရောင်းချနေသည့် အသက်၄၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး က ဆိုသည်။

“ရောင်းအားနည်းတော့ အလုပ်သမားတွေ အဓိက အခက်အခဲဖြစ်တာပေါ့။ လုပ်ခလည်း အပြည့်မပေးနိုင်တော့ဘူးလေ” ဟု အထက်ပါဆိုင်ရှင် အမျိုးသမီး က ပြောသည်။

ထားဝယ်တွင် မိုးမလင်း လက်ဖက်ရည်ဆိုင်၌ ဝယ်ယူစားသောက်သည့် ယဉ်ကျေးမှုက ကျယ်ကျယ်ပြန့်ပြန့်ရှိ နေသည်။

အချိန်စောသတ်မှတ်ထားသည့် ညမထွက်ရအမိန့်ကြောင့် မိုးမလင်း လက်ဖက်ရည်ဆိုင်များနည်းတူ ဟင်းသီး ဟင်းရွက် ရောင်းချသူများလည်း အခက်တွေ့နေရသည်ဟု ဆိုသည်။

ထိုသို့ သတ်မှတ်ထားသဖြင့် ဝယ်ယူ သူများချိန်တွင် ဆိုင်ပိတ်လိုက်ရသည့်အတွက် အခက်အခဲများစွာ ကြုံနေရ သည်ဟု ကမ်းနားဈေးအနီးတွင် ဆိုင်ဖွင့် ရောင်းချနေသည့် အသက် ၃၀ နှစ် အရွယ် အမျိုးသားတစ်ဦးက ငြီးတွားသည်။

“အခုက စားသုံးသူလာတဲ့အချိန် ပိတ်ရတယ်လေ။ ဘယ်လိုရောင်းရတော့ မလဲ။ အိမ်လခလဲ ရှိတယ် ခက်ခဲတာပေါ့ဗျာ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ညမထွက်ရ အမိန့်အပါအဝင် လူငါးဦးနှင့် အထက်မစုဝေးရန်၊ ဆန္ဒပြမှုများမလုပ်ရန် တားမြစ်သည့် ပုဒ်မ-၁၄၄ ကို မြို့နယ် အားလုံးနီးပါးတွင် ထုတ်ပြန်ထားသည်။