အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုက သူမထံ အေအိုင်ဖြင့် ဖုန်းခေါ်ဆိုကာ အလှူငွေလိမ်တောင်းတာမျိုး ကြုံခဲ့ဖူးကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာသည် ယနေ့ ထုတ်ဖော်ပြောကြားလိုက်သည်။
၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် မူဝါဒအစည်းအဝေးတစ်ခုတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အေအိုင်အသုံးပြုကာ လိမ်လည်နေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ထိုင်းပြည်သူများ သတိထားရန် ၎င်းကသတိပေးခဲ့သည်။
အိမ်နီးချင်းနိုင်ငံတစ်ခုမှ ခေါင်းဆောင်အသံကို အေအိုင်နည်းပညာဖြင့် ဖန်တီးကာ သူ့နိုင်ငံအတွက် ထိုင်းအစိုးရမှ ငွေကြေးလှူဒါန်းပေးရန် လိမ်လည်ဖြားယောင်းခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။
အဆိုပါ အွန်လိုင်းငွေလိမ်ဂိုဏ်းက ၎င်းထံ Line မဟုတ်သော အက်ပလီကေးရှင်းတစ်ခုမှ ဆက်သွယ်လာပြီး အသံမက်ဆေ့တစ်ခု ပေးပို့လာကာ ယင်းသို့ လိမ်လည်ရန် ကြိုးစားခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ်က ဆိုသည်။
အဆိုပါ အသံမက်ဆေ့တွင် အပြည်ပြည်ဆိုင်ရာအရေးကိစ္စများတွင် အတူလက်တွဲဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းကိုလည်း ထည့်ပြောထားသည်ဟု ၎င်းကပြောသည်။
Source : The Straits Times