ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ ပါတွန်ကမ်းခြေတွင် အလုပ်နောက်ကျသည်ဟုဆိုကာ ပြင်သစ်နိုင်ငံသား အလုပ်အပ်နှံသူတို့ က ရိုက်နှက်ကန်ကျောက်သဖြင့် မြန်မာနှစ်ဦးသတိလစ်ကာ ဆေးရုံတင်ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
အလုပ်အပ်သူနှစ်ဦးက လမ်းမပေါ်အထိ နောက်မှလိုက်လာပြီး မြန်မာနှစ်ဦးကို ရိုက်နှက်ကန်ကျောက်သည့်ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၄ရက်က ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်ရပ်ရုပ်သံမှတ်တမ်းမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခြင်းဖြစ်သည်။
ခြေထောက်ဖြင့် ကန်၊ လက်သီးဖြင့် ထိုးနေသဖြင့် မြန်မာနှစ်ဦး မတ်တပ်မရပ်နိုင်တော့သည်ကို အဆိုပါ ရုပ်သံမှတ်တမ်းတွင် တွေ့ရှိရသည်။
ရိုက်နှက်မှုအား ရဲတပ်ဖွဲ့ထံတိုင်ကြားလာခြင်းမရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးရာ ရိုက်နှက်ခံရသူများက မြန်မာနိုင်ငံသားနှစ်ဦးဖြစ်ပြီး ပါတွန်ဆေးရုံကြီးတွင် ဆေးကုသနေသည်ကို သိရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ရိုက်နှက်သူများသည် ပြင်သစ်နိုင်ငံသားများဖြစ်ပြီး ပါတွန်ကမ်းခြေရှိ ပြင်သစ်စားသောက်ဆိုင်ကို ပြုပြင်မွန်းမံရန် မြန်မာ ငါးဦးကို ငှားရမ်း အလုပ်ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ရိုက်နှက်မှုဖြစ်ပွားသောရက်က အသက် ၃၇နှစ်အရွယ် ကိုအေးမင်းအပါအဝင် မြန်မာအလုပ်သမားအဖွဲ့သည် အလုပ်နောက် ကျသဖြင့် ပြင်သစ်ဆိုင်ပိုင်ရှင်က ကိုအေးမင်း၏ ခေါင်းကို တစ်ချက်ရိုက်ခဲ့ကြောင်း ကိုအေးမင်းက ရဲတပ်ဖွဲ့ထံတွင် ထွက်ဆိုသည်ဟု ဖော်ပြသည်။
အရိုက်ခံရသော်လည်း ကိုအေးမင်းနှင့် အဖွဲ့သည် အလုပ်ဆက်လုပ်နေခဲ့ကြောင်း ဆက်လက်ဖော်ပြသည်။
သို့သော်လည်း ပြင်သစ်ဆိုင်ပိုင်ရှင်က ဆက်တိုက် ဆဲဆိုကြိမ်းမောင်းနေခဲ့သဖြင့် ကိုအေးမင်းနှင့်အဖွဲ့က အလုပ်မလုပ် လိုတော့ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း ဖော်ပြသည်။
ယင်းအချိန် ပြင်သစ်ဆိုင်ပိုင်ရှင်နှင့် သူငယ်ချင်းများက ကိုအေးမင်းနှင့်အဖွဲ့ကို ရန်ပြုလာခဲ့သဖြင့် ထွက်ပြေးခဲ့ကြစဉ် နောက်ကလိုက်လာခဲ့ပြီး ကိုအေးမင်းနှင့် သူငယ်ချင်းတစ်ဦးကို လမ်းမပေါ်တွင် ရိုက်နှက်ကန်ကျောက်ခဲ့ကြကြောင်း ဆိုသည်။
ယင်းနောက် အနီးရှိ ပြည်သူများက သတိလစ်နေသည့် မြန်မာနှစ်ဦးကို ပါတွန်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း ဖော်ပြသည်။
ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီးနောက် ဇန်နဝါရီလ ၁၄ ရက် ညနေပိုင်းတွင် ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့သော ပြင်သစ်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့နှစ်ဦးကလည်း ရိုက်နှက်မှုကို ဝန်ခံခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့် အဆိုပါ ပြင်သစ်နှစ်ဦးကို ဖမ်းဆီးအရေးယူနေကြောင်း ဆိုသည်။
Ref: MGR Online, Phuket Times