BREAKING
January 15, 2025

ရေဖြူ၊ နတ်တွင်းရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး နေအိမ်အချို့မီးလောင်

January 15, 2025

ရေဖြူမြိုနယ် နတ်တွင်းရွာတွင် ယနေ့ ဇန်နဝါရီလ ၁၅ရက် နံနက်ပိုင်းတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အချို့ မီးလောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

နတ်တွင်းရွာ အရှေ့ ဘက်ရှိ ကျောက်ကညာရွာအခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ်က ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“၁၁ နာရီ လောက်က နှစ်လုံးပစ်လိုက်တယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

နတ်တွင်းရွာနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောဆိုသည်။

လက်နက်ကြီးကျည်သည် နတ်တွင်းရွာ ဘောလုံးကွင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“လက်ရှိ (နေအိမ်တချို့) မီးလောင်နေတယ်။ ဘယ်လောက်ပျက်စီးတယ်ဆို သေချာမပြောနိုင်သေးဘူး” ဟု နတ်တွင်းရွာက ဒေသခံတစ်ဦးကပြောသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသဖြင့် ဒေသခံရွာသားအချို့မှာ အနီးဝန်းကျင်ရှိ အခြားရွာများသို့ ထွက်ပြေးတိမ်း ရှောင် နေကြကြောင်း ဒေသခံများထံမှ သိရသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု ရှိမရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။