တနင်္သာရီတိုင်း စစ်ကောင်စီဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တရုတ်သံအမတ်ကြီး Ms. Ma Jia တို့ ဇန်နဝါရီလ ၁၄ ရက်က ကော့သောင်မြို့တွင်တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ယနေ့ ဇန်နဝါရီလ ၁၅ရက်တွင် သတင်းထုတ်ပြန်သည်။
ထိုတွေ့ဆုံမှုတွင် ရင်းနှီးမြှုပ်နှံမှု၊ ငါးဖမ်းလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပညာ စသည့်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် နှစ်လခန့်က စစ်ကောင်စီဝန်ကြီးချုပ် ဦးမြတ်ကိုသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ တရုတ်နိုင်ငံခရီးစဉ်သို့လိုက်ပါသွားပြီးနောက် ယခု တရုတ်သံအမတ်ကြီး တနင်္သာရီတိုင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။
ဦးမြတ်ကို၏ တရုတ်ခရီးစဉ်တွင် တနင်္သာရီတိုင်းရှိ ပုလဲလုပ်ငန်း၊ ပုစွန်မွေးမြူရေးလုပ်ငန်းနှင့် ရော်ဘာလုပ်ငန်းများကို လာရောက်လေ့လာရန် တရုတ်စီးပွားရေးသမားများကို ဖိတ်ခေါ်ခဲ့ဖူးသည်။
တနင်္သာရီတိုင်း စစ်ကောင်စီဝန်ကြီးချုပ်သည် တရုတ်သံအမတ်ကြီးအား မြို့တော်ထားဝယ်တွင် တွေ့ဆုံခြင်းမရှိဘဲ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့တွင် တွေ့ဆုံခဲ့သည်ကို တွေ့ရသည်။
ထားဝယ်နှင့် မြိတ်မြို့ကြီးတို့တွင် လုံခြုံရေးအတွက် စိတ်မချရသဖြင့် ကော့သောင်းမြို့တွင် သွားရောက်တွေ့ဆုံခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုလည်း ရှိသည်။
တော်လှန်ရေးအဖွဲ့တို့က ထားဝယ်မြို့ထဲအထိ ဝင်ရောက်တိုက်ခိုက်နေခြင်း၊ မြိတ်မြို့တွင်လည်း ပေါက်ကွဲမှုများ ဖြစ်ဖူးသည့် သာဓကတို့ရှိဖူးသည်။ ကော့သောင်းမြို့ပေါ်တွင်မူ ယင်းသို့ တိုက်ခိုက်မှုများ မကြားရသေးပေ။
ယင်းအတွက်ကြောင့် လုံခြုံရေးစိတ်မချရသဖြင့် နယ်စပ်မြို့ ကော့သောင်းတွင် တွေ့ဆုံခြင်းဖြစ်နိုင်ကြောင်း သုံးသပ်နေကြခြင်းဖြစ်သည်။
“ပုံမှန်ဆိုရင်တော့ ဒီလိုမျိုး သံအမတ်တွေနဲ့ တွေ့ပြီး စကားပြောတာတို့ကတော့ ထားဝယ်က အစိုးရအဖွဲ့ရုံးဖြစ်ဖြစ် ဟိုတယ်မှာ ဖြစ်ဖြစ်တွေ့ကြတာပဲကြားဖူးတယ်။ အခုကတော့ ပုံမှန်မဟုတ်ဘူးပေါ့နော်။ ကော့သောင်းမှာ တွေ့တာကလေ။ လုံခြုံရေးစိတ်မချတာလည်းပါမယ်၊ ပြီးတော့ ဒီကအခြေအနေတွေကို မသိစေချင်တာတွေလည်း ပါလိမ့်မယ်ထင်တယ်ဗျ” ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။
တရုတ်သံအမတ်ကြီးသည် ကော့သောင်းတွင် စစ်ကောင်စီ၏ မြန်မာနိုင်ငံ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထိုတွေ့ဆုံမှုတွင်မူ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးကိစ္စ၊ သောက်သုံးရေကိစ္စ၊ သက်မွေးဝမ်းကျောင်းလုပ်ငန်း၊ ဆင်းရဲနွမ်းပါးမူ လျော့ချရေးကိစ္စများဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။