BREAKING
January 15, 2025

ဘုရင်ကို မွေးတဲ့ ဘီလျံနာ

January 15, 2025

၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲအပြီး နောက်တစ်ရက် နိုဝင်ဘာ ၆ ရက်နေ့မှာ ဒေါ်နယ်ထရမ့်က အောင်ပွဲရမိန့်ခွန်း ပြောခဲ့ပါတယ်။ အဲဒီမိန့်ခွန်းမှာ ဒေါ်နယ်ထရမ့်က သူ့ကို ထောက်ခံသူတွေရှေ့မှာ အားတက်သရော ကြွေးကြော်ခဲ့တယ်။

“ကြယ်ပွင့်တစ်ပွင့် မွေးဖွားလာပြီ…အဲဒါ အီလွန်ပဲ”

အီလွန်မတ်ဟာ ကမ္ဘာ့အချမ်းသာဆုံးနဲ့ ဩဇာအရှိဆုံးလူတွေထဲကတစ်ယောက် ဖြစ်နေခဲ့တာ သုံးနှစ်ကျော်ခဲ့ပါပြီ။ ၂၀၂၁ ခုနှစ်အတွက် “တစ်နှစ်တာ အထူးခြားဆုံးပုဂ္ဂိုလ်” အဖြစ် ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးက သူ့ကို ဖော်ပြခဲ့တယ်။ အဲဒီနှစ်ကစပြီး အီလွန်မတ်ဟာ လက်ရှိအချိန်အထိ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေဆဲပါပဲ။

သူဟာ တောင်အာဖရိကမှာမွေး ၊ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ခဲ့တဲ့ ကမ္ဘာ့အချမ်းသာဆုံးနည်းပညာဘီလျံနာသူဌေး။ တွစ်တာကုမ္ပဏီကို ဝယ် ၊ ဝန်ထမ်းအရေအတွက် တစ်ဝက်ကျော်ကို အလုပ်ထုတ်ပြီး ‘X’ လို့ နာမည်ပြောင်းခဲ့တဲ့သူ။ SpaceX နဲ့ Tesla ကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိချုပ်။

လူမှုကွန်ရက်ပေါ်မှာ သူ့ရဲ့ ရေးသားပြောဆိုချက်တွေကြောင့် ရှယ်ယာဈေးအတက်အကျတွေ ဖြစ်လေ့ရှိတယ်။ အာကာသယာဉ်မှူးတွေက သူ့ရဲ့ အာကာသယာဉ်တွေမှာ မောင်းနှင်နေကြတယ်။ စစ်တပ်တွေဟာ သူ့ဂြိုဟ်တုတွေရဲ့အကူအညီ စစ်ရေးလှုပ်ရှားနေကြတယ်။

အီလွန်မတ်ရဲ့ တကယ့်ဩဇာ ဘယ်လောက်ကြီးမားတယ်ဆိုတာဟာ ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲကာလမှာမှ ဘွားခနဲပေါ်လာခဲ့ပါတယ်။ အချို့က သူ့ကို အမေရိကန်သမိုင်းမှာ အရွေးကောက်ခံမဟုတ်ဘဲ အာဏာအရှိဆုံးလူသားလို့ ကင်ပွန်းတပ်ကြတယ်။

သူဟာ ဘာကြောင့် နည်းပညာစီးပွားရေးနယ်ပယ်ကနေ ရုတ်တရက် နိုင်ငံရေးလောကထဲကို ဝင်လာခဲ့ပါသလဲ။

အနှစ်နှစ်ဆယ်ကျော်အိပ်မက်

၂၀၂၄ နိုဝင်ဘာလ ၆ ရက်နေ့က ပြောခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ခြင်းအထိမ်းအမှတ်မိန့်ခွန်းထဲမှာ အီလွန်မတ်ရဲ့ ကျေးဇူးတော်ကို လေးမိနစ်ကြာ ချီးမွမ်းခန်းဖွင့်ခဲ့ပါတယ်။

ရွေးကောက်ပွဲအတွက် အရေးပါတဲ့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ သူ အနိုင်ရအောင် ကူညီပေးခဲ့တဲ့ “စူပါဉာဏ်ကြီးရှင်”လို့ အီလွန်မတ်ကို ထရမ့်က ကင်ပွန်းတပ်ခဲ့ပါတယ်။ အဲဒီမိန့်ခွန်းရဲ့ ၁၉ မိနစ်လောက်ရောက်မှပဲ ထရမ့်ဟာ သူ့ကို မဲပေးခဲ့သူတွေကို ကျေးဇူးတင်စကားပြောဖို့ သတိရပါတယ်။

ဒီရွေးကောက်ပွဲမှာ အီလွန်မတ်က ဒေါ်နယ်ထရမ့်ကို အကြီးအကျယ်ထောက်ခံခဲ့ပါတယ်။ ထရမ့်ရဲ့ မဲဆွယ်ကမ်ပိန်းအတွက် ဒေါ်လာ ၂၇၇ သန်းဝန်းကျင်နဲ့ ငွေကြေးပမာဏအများဆုံးထည့်ဝင်လှူဒါန်းခဲ့သူ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ၊ ဆိုရှယ်မီဒီယာနဲ့ လူမှုဘဝ မျက်နှာပေါင်းစုံကို လွှမ်းမိုးမှုကြီးကြီးမားမား ရှိနေတဲ့ အီလွန်မတ်ဟာ ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲအကြိုကာလကစပြီး နိုင်ငံရေးဇာတ်ခုံပေါ်ကို ဆိုင်းမဆင့် ဗုံမဆင့် ခုန်တက်လာခဲ့ပါတယ်။

အီလွန်မတ်တစ်ယောက် ဘာကြောင့် နိုင်ငံရေးလောကထဲကို ဝင်လာခဲ့တာလဲ။ ပိုက်ဆံအတွက် သူ ဒီလိုလုပ်ခဲ့တာလို့ပြောမယ်ဆိုရင် သူ့ရဲ့မစ်ရှင်က အောင်မြင်ပြီးသွားပြီလို့ ဆိုရမှာပါ။

ရွေးကောက်ပွဲအပြီးတစ်ပတ်အကြာမှာပဲ အီလွန်မတ်ရဲ့ ပိုင်ဆိုင်မှုတန်ကြေးက နောက်ထပ် ဒေါ်လာ ဘီလီယံ ၅၀ ကျော် ခုန်တက်သွားခဲ့ပါတယ်။ သူ့ရဲ့ တက်စ်လာကုမ္ပဏီက အစုရှယ်ယာတွေကို ရင်းနှီးမြှုပ်နှံသူတွေက အလုအယက်ဝယ်ခဲ့ကြလို့ပါပဲ။

ဒါပေမယ့် အီလွန်မတ်အတွက် ပိုက်ဆံက အဓိကအာရုံစိုက်စရာတစ်ခု ဟုတ်မနေခဲ့ပါဘူး။ အီလွန်မတ်နဲ့ နီးစပ်တဲ့ လူတွေ ပြောကြတာတစ်ခုရှိပါတယ်။ SpaceX ကုမ္ပဏီကို စတည်ထောင်ခဲ့တဲ့ ၂၀၀၂ ခုနှစ်ကတည်းက အီလွန်မတ်ရဲ့ အန္တိမအိပ်မက်တစ်ခုဟာ အခုချိန်အထိ မပြောင်းလဲသေးဘူး ဆိုတာပါပဲ။

အီလွန်-ထရမ့် တိုက်စစ်အတွဲ

၂၀၂၄ ခုနှစ်ရဲ့ အောက်တိုဘာ ၁၃ ရက်နေ့ဟာ ကမ္ဘာ့သိပ္ပံနည်းပညာကဏ္ဍမှာ တစ်ခတ်ဆန်းစေခဲ့တဲ့နေ့လို့ ဆိုရမှာပါ။ ကမ္ဘာမြေက မမြင်ဖူးသေးတဲ့ အရာတစ်ခုကို အီလွန်မတ်ရဲ့ SpaceX ကုမ္ပဏီက

လုပ်ပြလိုက်တဲ့နေ့ပါပဲ။ Starship အာကာသယာဉ်ကို အောင်အောင်မြင်မြင် လွှတ်တင်ခဲ့ပြီးတော့ ကောင်းကင်ကနေ ပြန်ကျလာတဲ့ Rocket Booster ဒုံးပျံယာဉ်ကို လေထဲမှာပဲ ပြန်လည်ဖမ်းယူနိုင်ခဲ့တာပါ။

၂၂ ထပ်တိုက်အရွယ်အစားရှိတဲ့ ဒုံးပျံယာဉ်ကို ဧရာမသတ္တုညှပ်ကြီးတွေနဲ့ အပျက်အစီးမရှိ စနစ်တကျဖမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အတွက် အီလွန်မတ်ရဲ့ အထိရောက်ဆုံး မဲဆွယ်ပေးမှုဟာ စင်ပေါ်ကနေ သူ ဟောပြောခဲ့တာတွေ မဟုတ်ပါဘူး။ ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် အိမ်ဖြူတော်ကို ပြန်ရောက်ဖို့အတွက် သူ အကုန်အကျခံခဲ့တဲ့ ဒေါ်လာ ၂၇၇ သန်းလည်း မဟုတ်ပါဘူး။

တကယ်တော့ ဒေါ်နယ်ထရမ့်အတွက် အီလွန်မတ်ရဲ့ အထိရောက်ဆုံးမဲဆွယ်ပေးမှုဟာ အရင်နှစ် အောက်တိုဘာ ၁၃ ရက်နေ့မှာ ကောင်းကင်ပေါ်က ပြန်ကျလာတဲ့ SpaceX ရဲ့ ဒုံးပျံယာဉ်ပဲ ဖြစ်ပါတယ်။

ဒီလိုအရာမျိုးကို လုပ်ပြနိုင်တဲ့လူတစ်ယောက်က ဒေါ်နယ်ထရမ့်ကို ဒီလောက်စိတ်ရောကိုယ်ပါ ထောက်ခံနေရင် ဒေါ်နယ်ထရမ့်က သူ့ကတိတွေရဲ့ တစ်ဝက်ကိုတောင် တကယ်ဖြစ်လာအောင် မလုပ်ပြနိုင်တော့ဘူးလား။

အောက်တိုဘာ ၁၃ ရက်နေ့ရဲ့ ပြကွက်က အမေရိကန်မဲဆန္ဒရှင်တော်တော်များများကို ဒီလိုမေးခွန်းမျိုး အတွေးဝင်သွားစေခဲ့ပုံ ရပါတယ်။ အထူးသဖြင့် အီလွန်မတ်ကို အထင်ကြီးလေးစားကြတဲ့ လူငယ်မဲဆန္ဒရှင်တွေအပေါ်မှာ ပိုရိုက်ခတ်မှုကြီးမားသွားစေခဲ့တာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ကို မဲပေးခဲ့ကြတဲ့ လူငယ်မဲဆန္ဒရှင်တွေဟာ ၂၀၂၀ တုန်းကထက် ၁၅ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ ထရမ့်ရဲ့ အပြုအမူနဲ့ အကျင့်စရိုက်ကို မနှစ်မြို့ပေမယ့် ထရမ့်ရဲ့ မူဝါဒတွေအပေါ် ရင်ခုန်မျှော်လင့်နေကြတဲ့ မဲဆန္ဒရှင်တွေရဲ့ မဲကို ထရမ့်ဆီရောက်သွားအောင် အီလွန်မတ်ရဲ့ ဆွဲဆောင်နိုင်စွမ်းက သိမ်းသွင်းလိုက်ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် တစ်လအလိုမှာ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်က အီလွန်မတ်ရဲ့ မဲဆွယ်ဟောပြောပွဲတစ်ခုမှာ မတ်တပ်ရပ်စောင့်ဆိုင်းခဲ့တဲ့ အမျိုးသမီးတစ်ယောက်က အခုလို ပြောခဲ့ပါတယ်။

“နောက်ဆုံးတော့ လူတွေမှာ ငါတော့ ဒေါ်နယ်ထရမ့်ကို မဲပေးရတာ မရှက်တော့ဘူးဆိုတဲ့ ခံစားချက်တစ်ခု ရသွားစေခဲ့တယ်” အဲဒါရဲ့ အကြောင်းရင်းက အီလွန်မတ်ပဲလို့ သူမက ဆိုပါတယ်။

အမေရိကန်အစိုးရအသုံးစရိတ်ကို ဒေါ်လာ ၂ ထရီလီယံအထိ လျှော့ချဖြတ်တောက်ပစ်ဖို့ ကတိပေးပြီး အီလွန်မတ်ဘက်က စည်းရုံးမဲဆွယ်ခဲ့ပါတယ်။

လက်ရှိကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး တီထွင်ဖန်တီးသူတစ်ယောက်က ဒီလိုကတိမျိုးပေးနေတဲ့အခါမှာ ထရမ့်တို့အုပ်စုကို ကျပ်မပြည့်တဲ့ အရူးဂိုဏ်းလို့ ပြောဖို့အတွက် ဒီမိုကရက်တွေအဖို့ အခက်တွေ့သွားစေပါတယ်။

ဒီမိုကရက်တွေဘက်က ထရမ့်ကို မိဘအမွေနဲ့ ချမ်းသာလာတဲ့လူ ၊ ဒေဝါလီခဏခဏခံရဖူးတဲ့လူ ၊ ဆယ်စုနှစ်နဲ့ချီတဲ့ ကော်ပိုရိတ်အရှုပ်ထုပ်တွေကြားကနေ ကျိကျိတက်ချမ်းသာလာတဲ့သူလို့ ပုံဖော်ပြောဆိုတာမျိုး ခဏခဏလုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ စီးပွားရေးသမားတစ်ယောက်အနေနဲ့ အီလွန်မတ်ရဲ့ အောင်မြင်မှုတွေကိုတော့ သူတို့တွေ ငြင်းလို့ မရပါဘူး။

အမေရိကန်ဘီလျံနာ လူတန်းစားကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ အထက်လွှတ်တော် ဆီးနိတ်အမတ် မစ္စတာဘာနာဆန်ဒါကတောင်မှ မကြာသေးခင်က ထုတ်ပြောခဲ့တာ ရှိပါတယ်။

“အီလွန်မတ်က အတော်လေးကို ဇောကြီးပြီး လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ စီးပွားရေးသမားတစ်ယောက်ပါ။ သူ လုပ်ပြခဲ့တာတွေက အတော်လေးကို အထင်ကြီးစရာကောင်းပါတယ်။ သူ ပြောတာရှိတယ် – သူ တစ်ပတ်အတွင်း လုပ်ပြနိုင်တာတွေက အစိုးရက ငါးနှစ်အတွင်း လုပ်ပြနိုင်တာတွေထက် ပိုသာတယ်တဲ့။ တစ်နည်းအားဖြင့်တော့ အဲဒါက မှန်ပါတယ်လေ”

ရွေးကောက်ပွဲအပြီး အီလွန်မတ်ရဲ့ အခန်းကဏ္ဍ

ရွေးကောက်ပွဲနောက်ပိုင်း အီလွန်မတ်ရဲ့ နိုင်ငံရေးအရ အရေးပါလာမှုက ထရမ့်ရဲ့ အတွင်းစည်းထဲက အချို့လူတွေကိုပါ စိတ်မသက်မသာ ဖြစ်လာစေတဲ့အထိပါပဲ။ ရွေးကောက်ပွဲပြီးနောက် နိုဝင်ဘာလတစ်လလုံးနီးပါးဆိုသလို ထရမ့်ရဲ့ မာအလာဂိုစံအိမ်ထဲမှာ အီလွန်မတ်နဲ့ ထရမ့်တို့ နှစ်ယောက်အတူရှိနေခဲ့ကြပါတယ်။

အစိုးရသစ်ရဲ့ အဖွဲ့ဝင်တွေကို ဘယ်လိုရွေးချယ်မလဲဆိုတာကို ခေါင်းချင်းရိုက်တိုင်ပင်နေခဲ့ကြပါတယ်။ တူရကီသမ္မတနဲ့ ယူကရိန်းသမ္မတတို့ ထရမ့်နဲ့ ဖုန်းဆက်စကားပြောနေတဲ့အချိန်မှာ အီလွန်မတ်ကိုပါ ဝင်နားထောင်ခွင့်ပေးခဲ့ပါတယ်။

ထရမ့်က အီလွန်မတ်ကို အမေရိကန်သမိုင်းမှာ မရှိဖူးတဲ့ ဌာနအသစ်တစ်ခုကို တာဝန်ယူဦးစီးစေမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အစိုးရယန္တရားမြန်ဆန်ထိရောက်ရေးဌာန (Department of Government Efficiency -DOGE) ဟာ အမေရိကန်ဖက်ဒရယ်အစိုးရရဲ့ ဗျူရိုကရေစီယန္တရားကို ဖျက်သိမ်းပြီး အစိုးရဌာနကို ပြန်လည်ပြုပြင်ဖွဲ့စည်းသွားမယ့်ဌာနလို့ ဆိုပါတယ်။

“ဒါက အမေရိကန်အစိုးရစနစ်ကို ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်လာစေလိမ့်မယ်” လို့ အီလွန်မတ်က ပြောပါတယ်။

ဒီအစီအစဉ်ကြောင့် အီလွန်မတ်ဟာ အမေရိကန်အစိုးရဌာနတွေအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်မှုရှိလာပြီး အကျိုးစီးပွားပဋိပက္ခတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

အီလွန်မတ်ရဲ့ နည်းပညာစီးပွားရေးလုပ်ငန်းတွေကို စောင့်ကြည့်ထိန်းကွပ်နိုင်တဲ့ အစိုးရဌာနတွေကိုပါ အီလွန်မတ်ဘက်က ပြန်ထိန်းချုပ်လာနိုင်စေပါတယ်။

The New York Times ရဲ့ အစီရင်ခံစာအရ အီလွန်မတ်ရဲ့ ကုမ္ပဏီတွေဟာ အမေရိကန်အစိုးရဌာနပေါင်းစုံဆီက အရေးယူစစ်ဆေးမှု အခု ၂၀ ကျော်နဲ့ ရင်ဆိုင်နေရပါတယ်။

အမေရိကန်အစိုးရရဲ့ ဗျူရိုကရေစီယန္တရားကို ဖျက်သိမ်းပစ်ရာမှာ ဘယ်လိုမူဝါဒလမ်းညွှန်နဲ့ လုပ်ဆောင်မလဲဆိုတာကို အီလွန်မတ်ဘက်က ရှင်းရှင်းလင်းလင်း ထုတ်ပြောတာမျိုး မရှိသေးပါဘူး။

ထရမ့်နဲ့ အီလွန်မတ်တို့ရဲ့ ဆက်ဆံရေးဟာ အမြဲတမ်းချောမွေ့နေခဲ့တာ မဟုတ်ပါဘူး။ ထရမ့်ကို နိုင်ငံရေးလောကကနေ ရာသက်ပန်အနားယူသင့်ပြီလို့ ၂၀၂၂ ခုနှစ်လောက်မှာ အီလွန်မတ်က ပြောခဲ့ဖူးပါတယ်။ ဒါကို ထရမ့်ဘက်ကလည်း ဒေါသတကြီး တုံပြန်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ တစ်ယောက်အကျိုးစီးပွား တစ်ယောက် အထောက်အကူပြုရင်းနဲ့ တွဲလက်ညီနေတယ်လို့ ထင်ရပါတယ်။ အမေရိကန်အစိုးရယန္တရားကို ဖျက်သိမ်းပြောင်းလဲပစ်မယ်ဆိုတဲ့ ရည်မှန်းချက်ကို နှစ်ယောက်စလုံးက ကိုင်စွဲထားကြပါတယ်။

လက်ရှိအချိန်မှာ ယာယီအားဖြင့် သူတို့နှစ်ယောက်အတွဲညီနေတယ်လို့ ဆိုနိုင်ပါတယ်။ဒါပေမဲ့ ကိစ္စရပ်အားလုံးအပေါ်မှာ သူတို့နှစ်ယောက်ရဲ့အမြင်က တူနေကြတာ မဟုတ်ပါဘူး။ နှစ်ယောက်စလုံးမှာ တူတာတစ်ခုက ခေါင်းမာတာ ၊ ဇွတ်တရွတ်နိုင်တာနဲ့ လွှမ်းမိုးချုပ်ကိုင်ရတာနဲ့ အသားကျနေကြတာပါပဲ။

သူတို့နှစ်ယောက်အကြားမှာ တိုက်ပွဲဖြစ်လာရင်တော့ အီလွန်မတ်ဘက်က အသာစီးရနိုင်မှာ မဟုတ်ပါဘူး။ သူ ဘယ်လောက်ပဲချမ်းသာနေပါစေ နိုင်ငံတော်အာဏာရဲ့ ကိရိယာတန်ဆာပလာတွေဟာ သမ္မတလက်ထဲမှာပဲ ရှိပါတယ်။

ကိုယ် ပလ္လင်ပေါ် ကိုယ်တင်ပေးလိုက်တဲ့သူနဲ့ ပဋိပက္ခပြန်ဖြစ်ရင်း ကျဆုံးခဲ့ရသူတွေရဲ့ သာဓကတွေဟာ သမိုင်းမှာ ပြည့်နှက်နေပါတယ်။ အီလွန်မတ်ဟာ ထရမ့် ဒုတိယအကြိမ် သမ္မတဖြစ်လာအောင် ဘာကြောင့် ကြိုးစားခဲ့တာလဲ။ နိုင်ငံရေး လောကထဲကို သူ ဘာကြောင့် ဝင်လာခဲ့တာလဲ။

အင်္ဂါဂြိုလ်ကို သိမ်းပိုက်ကြ

SpaceX ကုမ္ပဏီကို စတည်ထောင်ခဲ့တဲ့ ၂၀၀၂ ခုနှစ်ကတည်းက အီလွန်မတ်ရဲ့ အနှစ်နှစ်ဆယ်ကျော် အခုချိန်အထိ မပြောင်းလဲသေးပါဘူးလို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အီလွန်မတ်ရဲ့ အကြိုက်ဆုံးတီရှပ်ပေါ်မှာ ရေးထားတဲ့ စာသားတစ်ခု ရှိပါတယ်။

“OCCUPY MARS”

“အင်္ဂါဂြိုလ်ကို သိမ်းပိုက်ကြ”

ဒါဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကတည်းက လက်ရှိအချိန်အထိ အီလွန်မတ်ရဲ့ မပြောင်းလဲသေးတဲ့ အိပ်မက်ပါပဲ။ ၂၀၂၄ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကမ်ပိန်းတွေမှာတောင် အီလွန်မတ်က “OCCUPY MARS”ဆိုတဲ့ စာသားနဲ့ တီရှပ်ကို အတွင်းက ဝတ်ထားတာကို တွေ့ခဲ့ရပါတယ်။

“သူ လုပ်သမျှအရာအားလုံးက အဲဒီအိပ်မက်အတွက်ပဲ”

အီလွန်မတ်ရဲ့ မိတ်ဆွေတစ်ယောက်က ပြန်ပြောပြပါတယ်။ သူဟာ မကြာသေးခင်ကပဲ အီလွန်မတ်ရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေအကြောင်း အီလွန်မတ်နဲ့ စကားပြောခဲ့သူ ဖြစ်ပါတယ်။

“အမေရိကန်အစိုးရရဲ့ ဘတ်ဂျက်ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ထိန်းချုပ်နိုင်မယ့်နေရာမှာ ရှိနေရင် သူ့သက်တမ်းအတွင်း အင်္ဂါဂြိုဟ်ပေါ်ရောက်ဖို့အရေးမှာ အထောက်အကူဖြစ်လိမ့်မယ်ဆိုတာကို သူ သဘောပေါက်လာနေတယ်။ ဒီရည်မှန်းချက်အတွက် သူ့နည်းသူဟန် ပုဂ္ဂလိကနည်းနဲ့ လုပ်နေရင် အချိန်ပိုကြာလိမ့်မယ်”

Ref: Time Magazine, Associated Press, Reuters

No related posts found.