BREAKING
January 15, 2025

နှစ်ပတ်အတွင်း ရွှေတစ်ကျပ်သား ကျပ်သုံးသိန်းခွဲစျေးခုန်တက်

January 14, 2025

ဇန်နဝါရီလ၏ နှစ်ပတ်တာကာလအတွင်း ရွှေတစ်ကျပ်သားလျှင် ကျပ်သုံးသိန်းခွဲကျော် ဈေးတက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဇန်နဝါရီလ ၁ ရက်က အခေါက်ရွှေတစ်ကျပ်သားလျှင် ခြောက်ဆယ့်တစ်သိန်းခြောက်သောင်း (၆,၁၆၀,၀၀၀ ကျပ်) ဝန်းကျင် ရှိရာက ယနေ့ ဇန်နဝါရီလ ၁၄ ရက်တွင် ခြောက်ဆယ့်ငါးသိန်းနှစ်သောင်း (၆,၅၂၀,၀၀၀ ကျပ်) ဝန်းကျင်အထိ ဈေးတက်သွားခြင်း ဖြစ်သည်။

ထို့ကြောင့် ၁၄ ရက်တာကာလအတွင်း ရွှေတစ်ကျပ်သားလျှင် သုံးသိန်းခြောက်သောင်းကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးတက်နေခြင်းနှင့် အမေရိကန်ဒေါ်လာငွေလဲနှုန်းတက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေး တက်လာခြင်းဖြစ်နိုင်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“ကမ္ဘာ့ရွှေဈေးတက်တာရော၊ ဒေါ်လာဈေးနည်းနည်းလှုပ်တောရော ကောလာဟလတွေကြောင့်ရော ဈေးကိုဆွဲတင်လိုက်တဲ့ သဘောမျိုးဖြစ်သွားတယ်” ဟု အထက်ပါရွှေဆိုင်ပိုင်ရှင်က ပြောသည်။

ဇန်နဝါရီလ ၁၄ ရက်၏ ကမ္ဘာ့ရွှေပေါက်ဈေးမှာ ဈေးအမြင့်ပိုင်းကိုရောက်နေပြီး တစ်အောင်စလျှင် ၂၆၇၀ ဒေါ်လာဝန်းကျင် ပေါက်ဈေးရှိနေသည်။

အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာ ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာလျှင် ၄၆၈၀ ကျပ် ဈေးဖွင့်ထားပြီး တက်ရိပ်ပြနေသည်။

ဇန်နဝါရီလ ၁ ရက်ကမူ ကမ္ဘာ့ရွှေစျေး တစ်အောင်စလျှင် ၂၆၂၄ ဒေါ်လာဝန်းကျင် ဈေးပေါက်ခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၄၀ ကျပ် ပေါက်ဈေးရှိခဲ့သည်။

စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ သတ်မှတ်ဈေးနှုန်းတွင်လည်း နှစ်ပတ်အတွင်း ရွှေတစ် ကျပ်သားလျှင် ကျပ်တစ်သိန်း စျေးတက်လာသည်ကို တွေ့ရသည်။ ဇန်နဝါရီလ ၁ ရက်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ငါးဆယ့်နှစ်သိန်းရှစ်သောင်း (၅,၂၈၀,၀၀၀ ကျပ်)သတ်မှတ်ထားရာက ဇန်နဝါရီလ ၁၄ ရက်တွင် ငါးဆယ့်သုံးသိန်းရှစ်သောင်း (၅,၃၈၀,၀၀၀ကျပ်) ဖြစ်လာသည်။

ထားဝယ်ဈေးကွက်တွင်မူ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ပေါ်ပေါ်ထင်ထင် ဈေးမဖွင့်တော့သည်မှာ ၂၂၄ ရက် မြောက်ရှိလာပြီဖြစ်သည်။

ထိုကြောင့် ထားဝယ်ဈေးကွက်တွင် ရန်ကုန်ဈေးကွက်၏ ပြင်ပဈေးကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်‌နေကြောင်း စျေးကွက်အတွင်းမှ သိရသည်။

လက်ရှိ ထားဝယ်ဒေသတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ထွက်ပြေးနေရသူများနေခြင်းနှင့် စီးပွားရေးကျပ်တည်းခြင်း များကြောင့် ဈေးကွက်အတွင်း ရွှေအရောင်းအဝယ်ပါးနေကြောင်း ထားဝယ်မြို့မှ အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

“အရင်ကဆိုရင် မရောင်းရရင်တောင် အဝယ် (ဆိုင်ကပြန်ဝယ်) များသေးတယ်။ အခုက နယ်ကလူတွေမှာ ရွှေတွေ (လာရောင်းတာ) အတော်လေးကို နည်းသွားတယ်ရှင့်။ ရောင်းဖို့ရွှေတောင် မရှိတော့တာမျိုးဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်းထိန်းချုပ်နိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် တင်းကျပ်နေသော်လည်း ဈေးနှုန်း တည်ငြိမ်အောင် ထိန်းနိုင်ခြင်းမရှိပေ။