ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ခေါင်ပြန်ရွာ ရွာလယ်ပိုင်းတွင် မီးဖိုချောင် မီးကြွင်းမီးကျန်ကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးကြောင်းရွာသားများထံမှ သိရသည်။
ဇန်နဝါရီလ ၁၃ ရက်တွင် နံနက်ပိုင်း ထမင်းချက်ပြီးနောက် ကျန်ရှိသည့် မီးကြွင်းမီးကျန်များမှတစ်ဆင့် မီးလောင်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“အိမ်ပိုင်ရှင်တွေက ထိုင်းမှာ။ သူ့ညီမကို အိမ်မှာပေးနေထားတာ၊ အဲဒီအိမ် မီးလောင်သွားတယ်။ ထမင်းချက်ပြီး ခြံထဲခဏသွားတုန်း မီးလောင်သွားတယ်။ မနှစ်က သိုထားတဲ့ ရော်ဘာပြားတွေလည်း အိမ်ထဲရှိနေတော့ မီးလောင်စာအားကောင်းသွားတယ်” ဟု ခေါင်ပြန်ရွာသားတစ်ဦးက ပြောသည်။
ဒီဇင်ဘာလနှောင်းပိုင်းက ဇာဒီကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့ပြီးနောက် ခေါင်ပြန်ရွာတွင် ပြန်လည်ဝင်ရောက်နေထိုင်သူ နည်းပါးရာ မီးလောင်ချိန် ဝိုင်းဝန်းငြှိမ်းသတ်ရန် အင်အားနည်းခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
အချိန်မီငြှိမ်းသတ်နိုင်ခြင်း မရှိသဖြင့် အုတ်ခံ နှစ်ထပ်ပျဥ်ထောင်အိမ် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီလ ၁၁ ရက်ကလည်း မြိတ်တစ်ဘက်ကမ်းရှိ ပထော်ရွာတွင် နေအိမ်သုံးလုံး မီးလောင်ခဲ့သေးသည်။
ဇန်နဝါရီလတွင် နံနက်ပိုင်းအေး၍ နေ့လယ်ပိုင်းတွင် အပူချိန်မြင့်ကာ ပူပြင်းခြောက်သွေ့သည့် အခြေအနေရှိသည့်အပြင် လေပြင်းတိုက်ခတ်မှုလည်းရှိသဖြင့် မီးဘေးအန္တရာယ် သတိပြုကြရန် မိုးလေဝသလေ့လာသူများက တိုက်တွန်းထားသည်။