ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဖားလွမ်ဒေသတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော လက်နက်ကိုင်အဖွဲ့များနှင့် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့က လေးဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က မြန်မာနယ်စပ်နှင့် မီတာ ၆၀၀ ခန့်အကွာ တောင်ကုန်းများကြားတွင် မိနစ် ၂၀ အကြာ ပစ်ခတ်မှု ဖြစ်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုဖြစ်ချိန်တွင် လက်နက်ကိုင်အဖွဲ့များဘက်က ၃၅ ဦးခန့်အထိ ပါဝင်သည်ဟု ခန့်မှန်းထားပြီး ပစ်ခတ်မှု ဖြစ်ခဲ့ပြီးနောက် လက်နက်ကိုင်များက မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့ကြောင်း ထိုင်းစစ်တပ်ဘက်က ပြောကြားချက်ကို သတင်းတွင် ဖော်ပြထားသည်။
ထို့ကြောင့် မူးယစ်ဆေးသယ်ဆောင်လာသူများသည် မြန်မာလက်နက်ကိုင်အဖွဲ့များထဲက ဖြစ်နိုင်ကြောင်း ထိုင်းစစ်တပ်က ခန့်မှန်းထားသည်။
ပစ်ခတ်မှုငြိမ်သက်ပြီးနောက် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ထိုင်းတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ မူးယစ်ဆေးဝါးများနှင့်အတူ သေဆုံးနေသော လက်နက်ကိုင်အဖွဲ့ဝင် အလောင်း ၄ လောင်းကို စစ်ဆေးတွေ့ရှိခဲ့သည်။
မူးယစ်ဆေးသည် ICE မူးယစ်ဆေးဝါးဖြစ်ပြီး ဂုံနီအိတ်အကြီး ၃၅ လုံးထဲတွင် ထည့်ထားကာ အလေးချိန်အားဖြင့် အားလုံးစုစုပေါင်း ၁၁၅၅ ကီလိုဂရမ်အထိ ရှိခဲ့ကြောင်း သတင်းများအရ သိရသည်။
ယခုဖမ်းဆီးရမှုသည် နှစ်သစ်တွင် ပထမဆုံးဖမ်းဆီးရမိသော မူးယစ်ဆေးဝါးအမှုဖြစ်ကြောင်း နယ်ခြားစောင့်တပ်က ထုတ်ပြန်သည်။
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများသည် တန်ဖိုးဘတ် သန်းတစ်ထောင်ခန့် တန်ဖိုးရှိပြီး မြန်မာနိုင်ငံအတွင်း ထုတ်လုပ်နေကာ ထိုင်းနိုင်ငံကို ကြားခံသုံး၍ အခြားနိုင်ငံများသို့ တင်ပို့နေကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်ကြား မူးယစ်ဆေးဝါးများကို ဖမ်းဆီးနိုင်ရေး အရှိန်မြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နယ်ခြားစောင့်တပ်က ထုတ်ပြန်ထားသည်။
Ref: Daily News, Mcot