BREAKING
December 23, 2024

‘ပြည်သူ့အိမ်တွေ ဘာလို့မီးရှို့နေတာလဲ’

January 15, 2023

စစ်တပ်က အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ ခုနှစ်အောက်တိုဘာလကုန်အထိ တစ်နိုင်ငံလုံးတွင် နေအိမ်၊ အဆောက်အအုံ ပေါင်း ၃၈၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ISP ။ Myanmar ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

ပြည်သူလူထု၏ နေအိမ်များကိုမီးရှို့မှုမှာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် အများဆုံးဖြစ်နေရာမှ မြန်မာနိုင်ငံတောင်ဘက်အစွန်း တနင်္သာရီတိုင်းဘက်သို့ မီးရှို့မှုများ ကူးစက်လာနေသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိ တနင်္သာရီတိုင်းအတွင်း အရပ်သားနေအိမ် ၁၈၈ လုံး မီးရှို့ဖျက်ဆီးခံထားရသည်။

ယခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ပုလောမြို့နယ် တိုရွာ၊ တန်းရှင်းရွာနှင့် သင်္ကန်းတောရွာ တိုက်ပွဲအတွင်း လူနေအိမ် အနည်းဆုံး ၆၉ လုံး  မီးရှို့ခံခဲ့ရသည်။

အရပ်သားနေအိမ် မီးရှို့မှုမှာ ပြည်သူလူထုကို အကြောက်တရား ဖြစ်ပေါ်လာစေရေးအတွက် ဗျူဟာတစ်ရပ်ချမှတ်ပြီး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ကျေးလက်နေပြည်သူများမှာ နေအိမ်တစ်လုံးဖြစ်လာစေရေးအတွက် အနှစ်နှစ်အလလ ကြိုးစားစုဆောင်းကာ တည်ဆောက်ကြရသဖြင့် နေအိမ်မီးရှို့ခံရမှုမှာ ဘဝတစ်ခုလုံးဖျက်ဆီးလိုက်သကဲ့သို့ပင် ဖြစ်သည်။

ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် နေအိမ်မီးရှို့ခံခဲ့ရသူများကို တွေ့ဆုံမေးမြန်းဖော်ပြအပ်ပါသည်။

“ကိုယ်ချင်းမစာလို့ ရှို့တယ်လို့ပဲ ထင်တယ်”

ထားဝယ်မြို့နယ်၊ ဝကုန်းဒေသခံအမျိုးသားတစ်ဦး

DW ။ အိမ်မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရလဲ။

ဖြေ ။ ဘယ်လိုခံစားရလဲဆို ဝမ်းနည်းတယ်ပေါ့လေ၊ ဝမ်းနည်းခံပြင်းတယ်ပေါ့၊ ဘာမှမကျန်ဘူး၊ အားလုံးပြာကျသွားတယ်၊ အုတ်တွေ နည်းနည်းပါးပါး ကျန်တာလောက်ပဲ၊ ဘယ်လိုပြောရမလဲ ဝမ်းနည်းတယ် ခံပြင်းတယ် ယူကျုံးမရဖြစ်တယ်ပေါ့၊ အဲ့လိုပဲ ရက်စက်တာ သူတို့လုပ်ရက်တဲ့အပေါ် အဲ့လောက်ပဲ ပြောတတ်တယ်။

DW ။ အိမ်က ဘယ်လိုအိမ်မျိုးလဲ၊ မီးထဲကို ဘာတွေ ပါသွားလဲ၊ ရွှေငွေ အရေးကြီးစာရွက်စာတန်းတွေ ပါလား။

ဖြေ ။ အောက်ကတော့ အုတ်စီထားတယ်၊ အပေါ်က ပျဉ်ထောင်ပေါ့၊ ဘာမှ မကျန်ဘူး၊ အကုန်လုံးပြာကျသွားတယ်၊ အုတ်တွေနည်းနည်းပါးပါးလောက်ပဲ ကျန်တယ်၊ တန်ဖိုးကြီးပစ္စည်းနဲ့ စာရွက်စာတမ်းတွေ မပါဘူး၊ အဝတ်အစားတွေနဲ့ အိမ်ထဲက ပစ္စည်းတွေပါသွားတယ်ပေါ့။

DW ။ ဒီလို အိမ်တစ်လုံးရဖို့ ဘယ်လိုမျိုးကြိုးစားခဲ့ရလဲ။

ဖြေ ။ တော်တော်လေးလည်း ပင်ပင်ပန်းပန်းနဲ့ စုဆောင်းပြီး ဆောက်ထားရတာ ခက်ခက်ခဲခဲနဲ့၊ အဲ့ဒီအတွက်လည်း ဝမ်းနည်းတယ်၊ ကိုယ်ချွေးနဲ့ရင်းပြီး ဆောက်ထားရတာဆိုတော့၊ တော်တော်လည်း ကြိုးစားခဲ့ရတယ်။ ကျွန်တော်တို့နေရာက သတ္တုမိုင်းလုပ်စားတဲ့ နယ်မြေ၊ သတ္တုမိုင်းနယ်မြေဆိုတော့ ကျွန်တော်တို့လည်း ခဲသံလုပ်စားပြီးတော့ အဲလိုပဲ စုဆောင်းပြီးတော့ ဆောက်ထားရတာ။ အစတုန်းကဆို အိမ်တစ်ဆောင်ရဖို့ဆိုတာ ကျွန်တော်တို့ရဲ့ အိမ်မက်ပဲ၊ အိမ်ကလည်း ၂၀၁၆ လောက်က ဆောက်ထားတာ၊ တံခါးပေါက်တွေလောက်ပဲကျန်ပြီ။ နည်းနည်းပဲ ထပ်လုပ်ရတော့မှာ အခုတော့ အဲလိုဖြစ်သွားတာပေါ့လေ။

DW ။ အိမ်ကို ဘာကြောင့် စစ်တပ်က မီးရှို့တယ်လို့ထင်လဲ၊ PDF တွေနဲ့ ပတ်သက်လို့ ရှို့တာလား၊ NLD ပါတီဝင်အိမ်တွေလား။

ဖြေ ။ ဘာလို့ရှို့လဲဆို ကိုယ်ချင်းမစာလို့ပေါ့၊ သူတို့စိတ်မှာ ကိုယ်ချင်းစာစိတ်မရှိလို့၊ သူများ ပင်ပင်ပန်းပန်း လုပ်စားထားရတာကို နားမလည်လို့ ကိုယ်ချင်းမစာလို့ ရှို့တယ်လို့ပဲ ထင်တယ်။ ဘလိုင်း ရှို့သွားတာမျိုးပါ၊ ပုံမှန်ရိုးရိုးသာမာန်အိမ်တွေပဲ၊ PDF တွေ NLD ပါတီအိမ်တွေဆို မဟုတ်ဘူး။ သူတို့ရှို့ချင်တဲ့ အိမ်ကို ရှို့သွားတာ။

DW ။ အခုလိုစစ်ရှောင်နေတာကရော ဘယ်လောက်ကြာပြီလဲ၊ အလုပ်လုပ်စားကိုင်စားရတဲ့ အခြေအနေကရောဘယ်လိုရှိလဲ။

ဖြေ ။ စစ်ရှောင်နေရတာ နှစ်နှစ်လောက်ရှိပြီ။ အခြေအနေဆိုးလာတာကတော့ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းလောက်ကစပြီး အခြေအနေ ပိုဆိုးလာတယ်။ လုပ်စားကိုင်စားရတာတော့ အခက်အခဲဖြစ်နေတာပေါ့၊ ပြေးနေလွှားနေရတော့ ဘာမှ လုပ်စားမရ ကိုင်စားမရဘဲဖြစ်နေတယ်။ ကျွန်တော်တို့မှာ ဥယျာဉ်ခြံလည်း မရှိဘူး၊ ကိုယ့်ကိုယ်ပိုင် ခဲသံလုပ်စားလိုက်နဲ့။ သူများ နေ့စားခေါ်ရင် လိုက်လုပ်လိုက်နဲ့ပဲ အိမ်ဆောက်ထားတာ။ လက်ရှိကတော့ သူများခြံထဲမှာ တဲလေးဆောက်ပြီးနေဖို့လုပ်နေတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“သေခါနီးမှ ကိုယ်ပိုင်အိမ်တစ်လုံးပိုင်ဆိုင်ရတာပါ”

လောင်းလုံးဒေသခံ အိမ်မီးရှို့ခံရသူတစ်ဦး

DW ။ အိမ်မီးရှို့ခံရတဲ့ဖြစ်စဉ်အကြောင်း အရင်ဆုံးပြောပြပါလား။ ဘယ်သူကလုပ်တာလဲ၊ ဘာဖြစ်လို့လုပ်တာလဲ။

ဖြေ ။ စဖြစ်ဖြစ်ချင်းတော့ ကိုယ့်အိမ်မီး‌ရှို့ခံရတာ မသိဘူး။ မသိဘူးဆိုတာက အိမ်ကလူတွေအားလုံး ပြေးသွားတာကိုး။ သေနတ်ပစ်သံတွေကြားတော့ အိမ်မှာမနေရဲတော့လို့ အားလုံးအိမ်ကိုထားရစ်ပြီး ပြေးကြတာလေ။ အဲဒီမှာ တစ်ယောက်ကလာပြောတယ်။ ခင်ဗျားအိမ်မီးလောင်နေပြီပေါ့။ ကျွန်တော်ကမယုံဘူး။ ငါမီးတွေသေ‌သေချာချာလုပ်ပြီးမှ ထွက်လာတာဆိုတော့ ငါ့အိမ်မီးလောင်တယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုပြီးတောင် ပြန်ပြောလိုက်သေးတယ်။ သူတို့ ( စစ်ကောင်စီတပ်)ထွက်သွားပြီးမှ သွားကြည့်တော့ အိမ်ကပြာဖြစ်သွားပြီ။ ဘာမှမကျန်တော့ဘူး။ ဝတ်စရာအဝတ်အစားတောင် မကျန်တော့ဘူး။

DW ။ ဘယ်သူတွေက ဘာဖြစ်လို့ အိမ်မီးရှို့သွားတာလဲ။

ဖြေ ။ ဘယ်သူရှိရမှာလဲ။ အိမ်ကိုမီးရှို့တာ စစ်တပ်ကလူတွေပဲရှိတာလေ။ သူတို့လူ(ရဲတပ်ဖွဲ့ဝင်တစ်ဦး) ပစ်သတ်ခံရလို့ ဒေါသဖြစ်ပြီး နီးတဲ့အိမ်မီးရှို့ကြတာပေါ့။

DW ။ ဘာဖြစ်လို့ စစ်ကောင်စီတပ်က မီးရှို့တာလို့ပြောနိုင်တာလဲ။ ကိုယ်တိုင်မြင်ခဲ့တာလား။

ဖြေ ။ ကိုယ်တိုင်တော့မမြင်ရဘူးလေ။ ပြေး‌နေရပါတယ်ဆို ဘယ်လိုမြင်ရမှာလဲ။ မြင်တဲ့သူတွေမြင်ကြတယ်။ ရွာထဲမှာ တစ်ယောက်တည်းနေတာမှ မဟုတ်တာ။ မြင်တဲ့သူတွေကပြောကြတာ‌ပေါ့။ သူတို့ကလိမ်မှာမဟုတ်ဘူး။ ရက်ရက်စက်စက်ကို လုပ်သွားတာတဲ့။ အိမ်ထဲဝင်ပြီးကိုမီးရှို့သွားတာ။ သူတို့( စစ်ကောင်စီတပ်) ပဲရှို့တယ်ဆိုတာသေချာတယ်။ တစ်ခြားသူတွေလာရှို့စရာ အကြောင်းမှမရှိတာ။

DW ။ အိမ်မီးရှို့ ဖျက်ဆီးခံလိုက်ရတဲ့အပေါ် ဘာများပြောချင်တာရှိလဲ။

ဖြေ ။ ကျွန်တော်တို့ကဗျာ အိမ်တစ်ဆောင်လုံးပြည့်ဖို့ ဆယ်နှစ်လောက် တဖြည်းဖြည်းချင်း ဖြည့်ပြီးလုပ်ထားရတာပါ။ အိမ်အသစ်တက်ထားတာ တစ်နှစ်လောက်ပဲရှိသေးတယ်။ အရင်က အုတ်စီပြီး( တစ်ထပ်တိုက်) အိမ်ကြမ်းလေး။ ငါးလခြောက်လ တစ်နှစ်လောက်ကြာမှ အချောလေးသပ်၊ ပြီးမှ လက်ရန်းလေးတွေလုပ်၊ ကြွေပြားတွေခင်း အဲလိုမျိုးတဖြည်းဖြည်းချင်းလုပ်ထားတာ။ ဆယ်နှစ်လောက်ကိုရှိနေပြီ။ အခုမှပြီးကာစပဲရှိသေးတယ်။ အခုမီးထဲပါသွားပြီ။ ယုံတောင်မယုံနိုင်ဘူးဗျာ။

DW ။ ကိုယ့်ချွေးနည်းစာနဲ့ ဆောက်ထားတဲ့အိမ် ဆုံးရှုံးလိုက်ရတော့ မိသားစုဝင်တွေအပေါ် အိမ်ထောင်ဦးစီး တစ်ယောက်အနေနဲ့ ဘယ်လိုမျိုးအားပေးနှစ်သိမ့် ခဲ့ရသလဲ။ သူတို့ကရော အခုဘယ်လိုဖြစ်နေလဲ။

ဖြေ ။ သူတို့ကတော့ ထုံစံအတိုင်းငိုနေတာပဲပေါ့။ ဒီနေ့အထိ ငိုနေတုန်းပဲ။ ငိုတာကလွဲပြီး ဘာလုပ်နိုင်မှာလဲ။ ဘာမှပြန်လုပ်လို့မရဘူးလေ။ ဖြစ်တဲ့နေ့ကဆို ငိုလွန်းလို့ မျက်လုံးတွေတောင်နီရဲနေကြတာ။ ကျွန်တော်ကသူတို့ရှေ့မှာတော့ မငိုမိအောင်နေနေတယ်။ ရင်ထဲမှာတော့ မီးလောင်နေတာပေါ့ဗျာ။ ကျွန်တော်က (အသက်ကြီးလို့) သေခါနီးပါပြီ။ သေခါနီးမှ ကိုယ်ပိုင်အိမ်တစ်လုံးပိုင်ဆိုင်ရတာပါ။ ကျွန်တော်မရှိတဲ့နောက်ဆိုရင် သား၊ သမီးတွေ အိမ်မရှိ၊ ယာမရှိဖြစ်ကြတော့မှာ။ အဲဒီလိုတွေးမိတိုင်း ယူကျုံးမရဖြစ်မိတယ်။

DW ။ အခုလက်ရှိ ဘယ်လိုနေထိုင်၊ စားသောက်နေလဲဆိုတာ ပြောပြပေးပါ။

ဖြေ ။ အခုကတော့ ဆွေမျိုးအိမ်မှာပဲနေတယ်။ သူတို့ကျွေးမွေးထားတာပေါ့။ ဖြစ်တဲ့နေ့ကတည်းက သူတို့လာခေါ်ထားကြတာ။ အဲဒီကတည်းက အိမ်ကိုတောင် ပြန်မသွားကြည့်ဖြစ်တော့ဘူး။ ကိုယ့်အိမ်ကိုယ်ကြည့်ပြီး စိတ်ဆင်းရဲရတယ်။ တစ်ခါကြည့် တစ်ခါဒေါသထွက်ရတယ်။ စိတ်ထဲမှာ မီးခိုးလုံးတွေကို အခုထိမြင်နေတုန်းပဲ။ ညအိပ်ယာဝင်လိုက်တိုင်း မြင်နေရတယ်။ မျက်လုံးမှိတ်ချလိုက်တာနဲ့ အဲဒါကြီးကိုမြင်မြင်နေရတယ်။

DW ။ ဘာဆက်လုပ်မယ်စိတ်ကူးထားလဲ။

ဖြေ ။ အခုထိတော့ ဘာဆက်လုပ်ရမှန်းမသိသေးဘူး။ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသေးတော့ ဘာလုပ်ရမှန်း မဝေခွဲတတ်သေးဘူး။ စီးပွားရေးလုပ်နေတဲ့ ပစ္စည်း ပစ္စယတွေလည်း မီး‌လောင်တဲ့အထဲပါသွားတယ်လေ။ ဝတ်စရာတောင် မကျန်တော့ဘူးလေ။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ သြော်…. အရင်တုန်းကတော့ အိမ်မီးရှို့ခံနေရတယ်ဆိုတဲ့သတင်းတွေ တီဗီထဲမှာပဲ မြင်ပြီး စိတ်မကောင်းဖြစ်နေ‌သေးတာ။ သတင်းတွေထဲမှာ အိမ်မီးရှို့ခံရတဲ့သတင်းတွေပါလာရင် သူတို့ဘယ်လိုခံစားနေရမလဲဆိုတာ ကိုယ်ချင်းစာမိတယ်။ နောက်ထပ်မဖြစ်ပါစေနဲ့ပဲ ဆုတောင်းပေးနေရတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“အသက် ၅၀ ပြည့်မှဒီအိမ်ကို ဆောက်နိုင်တာပါ”

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊တိုရွာမှ နေအိမ်မီးရှိုခံရသူ အမျိုးသားတစ်ဦး

DW ။ မီးရှို့ခံရတယ်ဆိုတာ သိရတယ်။ဘယ်ရွာမှာ ဘယ်နေ့ကအရှို့ခံရသလဲ။

ဖြေ ။ ကျွန်တော်ကတိုရွာကပါ။မီးရှို့ခံရတာကတော့ ဒီဇင်ဘာ ၃၀ ရက်နေ့ပါ။

DW ။ အဲဒီနေ့က ရွာမှာအိမ် ဘယ်လောက်မီးလောင်ဆုံးရှံးသွားလည်း သိရပါသလား။

ဖြေ ။ အတိအကျတော့မသိရဘူး။ကျွန်တော့်အိမ်အပါအဝင် တော်တော်များများတော့ ဆုံးရှုံးသွားပါတယ်။

DW ။  ဦးလေးရဲ့အိမ် တစ်ဆောင်တည်း ဆုံးရှံးမှုကဘယ်လောက် ရှိနိုင်လဲ။

ဖြေ ။ ဆုံးရှုံးမှုပြောရရင် အိမ်အတွင်းပစ္စည်းချည်း သိန်း ၇၀ လောက်ရှိတယ်။ ဆိုင်ကယ်နှစ်စီး အပါအဝင် အိမ်သုံးပစ္စည်းတွေပေါ့။ အိမ်ကနှစ်ထပ်အိမ်။ ဆောက်ထားတာ သိပ်မကြာသေးဘူး။ အိမ်တန်ဖိုးက သိန်းသုံးရာရှိတယ်။

DW ။ ဘယ်သူတွေက ဘာကြောင့်ရှို့သွားတယ်ဆိုတာ သိရလား။

ဖြေ ။ အဲဒီနေ့က ကျွန်တော်က မြိတ်ရောက်နေတယ်ဆိုတော့။ အဲဒီမြင်ကွင်းတွေ မမြင်လိုက်ရဘူး။ မီးလောင်တယ် အသံကြားလို့ ပြန်သွားတာ အိမ်ကအားလုံးလောင်သွားပြီ။

DW ။ အိမ်မီးလောင်ဆုံးရှုံးသွားတဲ့အပေါ် ဘယ်လိုခံစားခဲ့ရသလဲ။

ဖြေ ။ အနှစ်နှစ်အလလ စုဆောင်းပြီးမှ ဆောက်ထားရတဲ့အိမ်ဆိုတော့ တော်တော်လေး ခံစားရတာပေါ့ဗျာ။ ပြောလို့မတတ်အောင်ကို ခံစားရတာပေါ့။

DW ။ အိမ်မီးလောင်သွားတယ်ဆိုတော့ လက်ရှိဘယ်လို နေထိုင်နေလဲ။တစ်ခြားသူတွေရော ဘယ်လိုနေထိုင်နေကြသလဲ။

ဖြေ ။ လက်ရှိကတော့ ဘုန်းကြီးကျောင်းမှာ နေနေရတာပေါ့ဗျာ။ တစ်ခြားသူတွေလည်း မြို့တက်သူတက်ပြီး ဘုန်းကြီးကျောင်းမှာ နေကြသူတွေကများပါတယ်။

DW ။ မီးရှို့သွားတယ်လို့ အများကပြောကြတာပေါ့နော်။ အဲဒီလူတွေအပေါ် ဘာပြောချင်လဲ။

ဖြေ ။ ရှို့သွားတဲ့ ကောင်တွေကိုပြောချင်တာက။ ကျွန်တော်တို့ရွာသားတွေက သူတို့ကိုဘာလည်းမလုပ်။ ဘာအပြစ်လည်းမရှိဘဲနဲ့ ဒီလိုလုပ်သွားတဲ့အပေါ် တော်တော်လေးခံပြင်းပြီး ယူကျုံးမရဖြစ်ရတာပေါ့ဗျာ။ ကျွန်တော်တို့က သာမန် အလုပ်သမားတွေလေ။

DW ။ အိမ်တစ်ဆောင်ရဖို့အတွက် ဘယ်လောက်ရုန်းကန်ခဲ့ရလဲ။ အဲဒီလိုပြန်ဆောက်ဖို့ ဆိုတာလွယ်ပါ့ဦးမလား။

ဖြေ ။ ရုန်းကန်ရတာကတော့ အသက်နဲ့ချီရှိပဲ။ ကျွန်တော်အသက် ၅၈ နှစ်ရှိပြီ။ အသက် ၅၀ ပြည့်မှဒီအိမ်ကို ဆောက်နိုင်တာပါ။နောက်ထပ်ပြန်ဆောက်ဖို့ဆိုတာကတော့ မလွယ်တော့ဘူး။ တော်တော်လေး ပြန်ပြီးရုန်းကန် စုဆောင်းရဦးမယ်ပေါ့ဗျာ။

DW ။ လက်ရှိရွာရဲ့အခြေအနေက ဘယ်လိုရှိလဲ။ ပြန်နေကြသူတွေ ရှိနေပြီလား။

ဖြေ ။ ကျွန်တော်ကလက်ရှိ တစ်ခြားရွာမှာနေနေတယ်ဆိုတော့ ရွာအခြေအနေကို မသိရဘူးခင်ဗျ။ လူတွေအားလုံးကတော့ မပြန်ရဲကြသေးဘူးလို့ပဲကြားရတယ်။

DW ။ မီးရှို့ခံရမှုနဲ့ ပတ်သက်ပြီး တစ်ခြားဘာတွေ ပြောစရာရှိသေးလဲ။

ဖြေ ။ တစ်ခြားပြောစရာတော့ မရှိတော့ပါဘူး။

DW ။ ကျေးဇူးတင်ပါတယ်။

“အိမ်မရှိတော့ဘူးရှင်၊ ကျွန်မတို့ခြံက တဲမှာနေတယ်”

ထားဝယ်မြို့နယ်၊ ဝကုန်းဒေသခံအမျိုးသမီးတစ်ဦး

DW ။ အိမ်မီးရှို့ခံရတဲ့ဖြစ်စဉ်ကို ပြောပြပေးလို့ရမလား။

ဖြေ ။ ဖြစ်စဉ်က ကျွန်မတို့က မိုးသောက်ထ ၅ နာရီတည်းက ပြေးတာဆိုတော့ ပြောမတတ်ဘူး၊ သေနတ်သံတွေ မွန်းတည့်ပိုင်းမှာ ရွာထဲမှာကြားရတယ်ဆိုတော့၊ ပထမဦးဆုံး ဘုရားတောင်မီးရှို့တယ်ဆို အသံကြားတယ်၊ အသံကြားပြီးတာနဲ့ ကျွန်မတို့ အိမ်ရှေ့က အိမ်တစ်ဆောင် မီးလောင်တယ်ဆိုကြားတယ်။ မီးလောင်တဲ့ အိမ်က ကျွန်မတို့အိမ်ရှေ့က ဆိုင်ထင်တယ်လို့ အဝေးကနေ ကြည့်သမားတွေကပြောတယ်။ ကျွန်မတို့လည်း မသိဘူး၊ နောက်မှ စစ်တပ်က ၂၅ မိုင်ကျော်သွားမှ သွားကြည့်မှ သူများတွေက ဖုန်းဆက်လိုက်မှ(အိမ်မီးလောင်တာ) သိတယ်။ ကျွန်မတို့မိသားစုက ဒီနေ့မနက်မှ လာကြည့်တယ်။ ဖြစ်တာက မနေ့က၊ မနေ့တုန်းက စစ်တပ်တွေပြန်သွားချိန်လည်း ကျွန်မတို့ သွားမကြည့်ရဲဘူး။ သူများတွေတော့ သွားကြည့်ရဲတာပေါ့နော်။

DW ။ ရှောင်တာကရော ဘယ်လိုနေရာမှာ သွားရှောင်တာလဲ၊ ကိုယ့်ဥယျာဉ်ခြံထဲမှာပဲ ရှောင်တာလား။

ဖြေ ။ မဟုတ်ဘူး၊ တခြားမှာ အဝေးကြီးသွားရှောင်တယ်။ တောင်သုံးလုံးကျော်လောက်မှာသွားရှောင်တယ်၊ ကိုယ့်ဥယျာဉ်ထဲမှာ ရှောင်လဲ မနိုင်ဘူး။ ဘာလို့လဲဆိုတော့ လက်နက်ကြီးအသံခံမနိုင်ဘူး၊ ကျွန်မတို့မှာ အဖိုးကြီး အဖွားကြီးတွေနဲ့ အဖက ၈၅ နှစ်၊ အမိက ၇၃၊ ကျွန်မတို့ ညီအစ်မနှစ်ယောက်လည်း ၄၀ ကျော်ချည်းပဲ။ ဆိုင်ကယ်က တစ်စီးပဲ ရှိတယ်၊ ကျွန်မအကိုခြံက တောင်သုံးလုံးဘက်ခြမ်းမှာ တောင်သုံးလုံးဘက်မှာက အသံမကြားဘူး မဟုတ်ဘူး ကြားတယ်။ အဲ့လောက်ထိ မကြားရဘူး။ အရေးပေါ်ဖြစ်လာရင် အကိုကို အမိနဲ့ အဖကို လာခေါ်ပေးဆို အကိုက အမိကိုတစ်ခေါက် အဖကို တစ်ခေါက် လာခေါ်ပေးတယ်။ ကျွန်မတို့ ညီမနှစ်ယောက်က ဆိုင်ကယ်တစ်စီးနဲ့။

ဇလွန်းကနေ (စစ်ကောင်စီ)ကားတန်းလာနေပြီဆို ကျွန်မတို့ပြေးတာပဲ။ ဦးဆုံးက ၂၀၂၂ ခုနှစ် ၅ လပိုင်း ၁၄ စပြီး စစ်ပြေးရှောင်နေရတာ။ အဲ့ဒီမှာ တစ်ပတ် ဆယ်ရက်လောက်ကြာတော့ ကျွန်မအဖေ လေဖြတ်သွားတယ်။ ကျောက်မဲတောင် ဆေးရုံမှာကို ကျွန်မအဖ ၃ရက်လောက်ကြာတယ်။ ဘယ်လိုပြောမလဲ ကိုယ့်အိမ်ကိုယ့်ယာမှာနေရာကနေ ရုတ်တရက် ယာယီတဲမှာ လာနေတော့ အအေးပတ်သွားတာပေါ့လေ။ လေဖြန်းသွားတယ်။ ဆေးရုံက ဆင်းပြီး ပြန်လာပြီး တစ်ပတ်ကိုမကြာဘူး၊ တစ်ခါပြန်ပြေးရတယ်။ ပြေးလိုက်ပြန်လိုက် ပြေးလိုက်ပြန်လိုက်နဲ့။ ကိုယ့်မှာလည်း ကွမ်းသီးခြံလုပ်ငန်းပဲရှိတာဆိုတော့ အဲ့ဒါပဲ ပြေးပြေးလွှားလွှားသွားလုပ်။ အခုလည်း အလုပ်သမားတွက်ရိက္ခာရအောင်ဆိုပြီး သွားရောင်းလာတာ။ သွားရောင်းပြီး ဒီနေ့လိုပြန်လာ နောက်နေ့ မိုးလင်းနဲ့ ပြေးရတာပဲ။

DW ။ အိမ်ဘယ်နှစ်ဆောင်လောက် မီးရှို့ခံရလဲ၊ တစ်ဆယ့်ငါးဆောင်လို့ပြောတာ ဟုတ်လား။

ဖြေ ။ ရှင်။ တစ်ဆယ်ကျော်တယ်လို့တော့ ပြောတာပဲ၊ ကျွန်မတို့လည်း ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ လိုက်လည်းမကြည့်ဖြစ်ဘူး။

DW ။ အခုလက်ရှိရော ဘယ်မှာ နေနေကြလဲ။

ဖြေ ။ ကျွန်မတို့မှာ အိမ်မရှိတော့ဘူးရှင်၊ ကျွန်မတို့ခြံက တဲမှာနေတယ်။ ကျွန်မတို့ လာရှောင်ရှောင်နေတဲ့ စစ်ဘေးရှောင်နေတဲ့ တဲရှိတယ်။ အဲ့ဒီမှာနေနေတယ်။

DW ။ အမတို့ အိမ်က ဘယ်လိုအိမ်အမျိုးအစားလဲ။

ဖြေ ။ ပျဉ်ထောင်အိမ်၊ အောက်ကတပိုင်းတော့ အုတ်စီပြီး အင်္ဂတေခင်းထားတယ်။ ကျွန်မတို့ အိမ်တွေ မီးလောင်တယ်၊ မီးမလောင်တဲ့ အိမ်တွေက မီးလောင်တဲ့ အိမ်တွေထက်ဆိုးတယ်။ ရိုက်ဖျက်ခတ်ဖျက် လိုချင်တာယူ မလိုတာဖျက်ပစ် အားလုံးဖျက်ဆီးပစ်ထားတယ်။ တရွာလုံးနီးပါးပဲ။ ရှိသမျှအိမ် မထိတဲ့ အိမ်ကို မရှိဘူး။ နောက်ဆုံး ဘုန်းကြီးကျောင်းမှာ ထားထားတဲ့ ဆိုင်ကယ်ကအစကို ယူသွားကြတယ်။

အခုမိုးလင်း ကျွန်မတို့သားမိသုံးယောက်ဆင်းလာပြီး ကိုယ့်အိမ်ကို ထိုင်ကြည့်နေကြတယ်။ အဖကတော့ ၈၀ ကျော်ဆိုတော့ မလိုက်လာတော့ဘူး။ မိကတော့ မီးပုံမြင်တာနဲ့ မီးခိုးကို မစဲသေးဘူး၊ မီးပုံကိုမြင်တာနဲ့ မိုက်ခနဲမျိုးဖြစ်တယ်။ မိ စိတ်အားတင်းဆိုပြီးပြောရတယ်။ ကျွန်မတို့ညီအစ်မနှစ်ယောက်လည်း သိပ်ပြီးကျန်းမာကြတာမဟုတ်ဘူး။ ဒီအိမ်က ဘိုးဘွားတွေလက်ထက်တည်းက အိမ်။ အားလုံး မီးပုံပြာကျသွားတယ်။ အိမ်သာတစ်လုံးတော့ ကျန်ခဲ့တယ်။

DW ။ အဲ့လို ကိုယ့်အိမ်မီးလောင်တယ်လို့ ကြားကြားချင်း မြင်မြင်ချင်းမှာ ဘယ်လိုခံစားရလဲ။

ဖြေ ။ အစတုန်းကတော့ သူများနားမှာဖြစ်နေတုန်းက ဒုက္ခပဲနော်ဆိုပြီးခံစားရတာပေါ့၊ ကိုယ့်အိမ် ကိုယ်တိုင်တွေ့ချိန်မှာတော့ ဘယ်လိုပြောပြရမှန်းကို မသိဘူး။ ဘာနဲ့မှ နှိုင်းလို့မရဘူး။ ကျွန်မတို့အိမ်က ဘုရားတောင်နားမှာသီးသန့် အိမ်သုံးဆောင်ပဲရှိတယ်။ တအိမ်နဲ့ တအိမ်ကလည်း အရမ်းကိုကွာတယ်။ မီးကူးဖို့ မပြောနဲ့ ဘာနဲ့မှကို မဆိုင်တာ။ ကိုယ့်ဥယျာဉ်နဲ့ ကိုယ့်အိမ်နဲ့ချည်းပဲ။ သူတို့တက်လာတာနဲ့ ရွာအဝင်ကနေ စရှို့လိုက်တဲ့ အိမ်ဆိုလည်း ကျွန်မတို့အိမ်လိုမျိုးပဲ၊ ပျဉ်ထောင်အိမ်  အောက်ကတိုက်၊ အဲ့ဒီမှာလည်း ပြာကျ၊ နောက်ထပ်အိမ်တွေလည်း ပြာ ပြာ ပြာကျတယ်ဆိုပြောသံကြားတယ်။

သိတာကတော့ မနေ့ကတည်းက သိတယ်။ စစ်တပ်ကားတန်း ၂၅ မိုင်ကိုကျော်ပြီးတာနဲ့ သိတယ်။ တယောက်နဲ့တယောက် ဘယ်သူ့အိမ်တော့ မီးလောင်ရာပါပြီဆိုပြီး ဖုန်းနဲ့ဆက်ပြောကြတယ်။ ဖုန်းလိုင်းမိလို့တော်သေးတယ်။ တကယ်လို့ သူတို့ရှို့ပြီးတာနဲ့ ရွာကလူတွေတက်လာကြမယ်ဆို မီးငြိမ်းသတ်လို့ခံသေးတယ်။ အခုက သူတို့ရှို့ပြီးလို့ မီးဟုန်းဟုန်းတောက်မှ သွားတယ်၊ မီးလောင်တာကိုစောင့်နေကြပုံရတယ်၊ ထွက်လာတဲ့သူကို ပစ်သတ်ဖို့။ အဲလိုအခြေကိုရှိတယ်။

DW ။ ဒါဆိုသူတို့က အိမ်မှာ လူမရှိလို့ အိမ်ကို မီးရှို့တာလား။

ဖြေ ။ မဟုတ်ဘူး ရွာလုံးကျွတ်ကို အိမ်မှာ မရှိဘူး။ သူတို့ ရှို့ချင်လို့ကိုရှို့တာ၊ ပစ်သတ်ချင်လို့ကို ပစ်သတ်တာ၊ သူတို့လုပ်ချင်တာ လုပ်နေကြတာပဲ။ အဖေ့ကိုတောင် ပြောနေသေးတယ်။ တို့အဖေက PDF ခေါင်းဆောင်မို့လို့ တို့အိမ်ကို မီးနဲ့လာရှို့တာလားလို့ ကျွန်မက အဖေ့ကို ရယ်စရာပြောနေသေးတယ်၊ အဖေကလည်း အေး ပြောရလားတဲ့။ ကျွန်မတို့မှာ ဘာမှ ဆက်စပ်မှုလည်းမရှိဘဲနဲ့ သူတို့ဘာသူတို့ သက်သက်ကြီးကို ရှို့ချင်တဲ့အိမ်ရှို့တယ်။ လုပ်ချင်တာလုပ်တယ်၊ ပစ်သတ်ချင် ပစ်သတ်တယ်။ အဲလိုမျိုး သူတို့မှာ ဘာစည်းမျဉ်းစည်းကမ်း ဥပဒေမှ ရှိတာမဟုတ်ဘူး။

DW ။ အိမ်မီးရှို့ခံရတဲ့အပေါ် ဘယ်လိုခံစားရလဲ။

ဖြေ ။ ခံစားရတာတော့ မပြောတတ်တော့ဘူး၊ ဖန်ခွက်တခွက်ကွဲတာတောင် ကိုယ့်စိတ်ထဲက ဘယ်လိုခံစားရလဲ၊ အခုက အိမ်ကြီးတစ်ဆောင်လုံးပဲ၊ ကျွန်မတို့က ဖိုးဖွားလက်ထက် ဥယျာဉ်ခြံပဲ လုပ်စားကြတယ်။ အိမ်တစ်ဆောင်တန်ဖိုးကတော့ ကျွန်မလည်း ပြောမတတ်ဘူး။ ကျွန်မတို့ အဖိုးအဖွားလက်ထက်တည်းက အိမ်ဆိုတော့။ အိမ်ပေါ်မှာလည်း ပစ္စည်းကောင်းတွေနည်းနည်းပါးပါးရှိတယ်ဆိုတော့။ ကျွန်မထင်တာတော့ ပစ္စည်းတွေယူပြီးမှ မီးရှို့တာဖြစ်မယ်။ သူတို့လိုချင်တာဆို ယူဆောင်တယ်။ သူတို့ မလိုချင်တာဆို ရိုက်ဖျက်ပစ်ခဲ့တယ်။ အရင်က ထန်တလန်မှာတုန်းက အော် အဲ့လိုမျိုးလားဆိုပြီးဖြစ်တယ်၊ အခုကျွန်မတို့ရွာမှာလည်း အဲ့လိုပုံစံပဲ။ ကွက်တိပဲ။ တခါးတွေ ဖွင့်မရရင် ရိုက်ဖျက်၊ ဘီဒီုတွေဖွင့်မရရင် မှန်တွေကို ရိုက်ခွဲ။ ရွာထိပ်မှာဆို အပျိုကြီးနဲ့ လူပျိုကြီး မောင်နှမနှစ်ယောက်ရှိတယ်၊ အပျိုကြီးကလည်း ကျန်းမာရေးမကောင်းလို့ ရန်ကုန်မှာ ဆေးသွားကုနေတာ။ သူတို့အိမ်ဆို နှစ်ထပ်အိမ် တခါလာ တခါ ဘီဒိုတွေ တံခါးတွေကို ရိုက်ဖျက်ခက်ဖျက်၊ ပြီးမှ အိမ်ပေါ်တက်ပြီးမှ စားဆီ ငါးလီတာဗူးတွေကို ယူချပြီး ရိုက်ခွဲပစ်ခဲ့တယ်။ ဆန်တွေဆိုလည်း အားလုံးဖျက်ဆီး၊ ဖျာတွေ စောင်တွေ မွေ့ယာတွေကအစ မီးသွေးအိတ်ပါမကျန် ဖျက်ဆီးပစ်တယ်၊ တစ်ခေါက်လာရင် တစ်ခေါက် ဖျက်ဆီးတယ်။

DW ။ ကျေးဇူးတင်ပါတယ်။