“အစိုးရရဲ့ ပူးပေါင်းပါဝင်မှု ဌာနဆိုင်ရာတွေရဲ့ ပူးပေါင်းပါဝင်မှု အားနည်းလာတယ်လို့ ယူဆလာတယ်ပေါ့”
လူငယ်တာဝန်ရှိသူ
“သားသမီးတောင်းဆိုတိုင်း မိဘကလိုက်လျောနိုင်ချင်မှ လိုက်လျောနိုင်တာလေ”
ဝန်ကြီး ဦးဟိုပင်
တနင်္သာရီတိုင်း လူငယ်ရေးရာကော်မတီကို လူငယ်ကိုယ်စားလှယ် ၆၀ ရာခိုင်နှုန်းနှင့် အစိုးရဌာနဆိုင်ရာ ၄၀ ရာခိုင်နှုန်းဖြင့် ၂၀၁၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်။ အဆိုပါကော်မတီတွင် တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး လူငယ်ကိုယ်စားလှယ်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။
တိုင်းကော်မတီတွင် အစိုးရဘက်မှ ဥက္ကဋ္ဌအပါအဝင် ၁၀ ဦးနှင့် လူငယ်ကိုယ်စားလှယ် ၁၅ ဦးပါဝင်သည်။
ကော်မတီ၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအချို့၏ ပူးပေါင်းလုပ်ဆောင်မှု အားနည်းနေသည့်အတွက် လူငယ်ကိုယ်စားလှယ်အားလုံးနီးပါး နုတ်ထွက်ရန် ပြင်ဆင်နေသည်။
မည်သည့်အခြေအနေကြောင့် ယင်းကဲ့သို့ နုတ်ထွက်ရန် ပြင်ဆင်ကြသည်ကို သိရှိနိုင်ရန် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ တွဲဖက်အတွင်းရေးမှူးနှင့် တနင်္သာရီတိုင်းလူငယ်ရေးရာကော်မတီ၏ ပြည်ထောင်စု ကိုယ်စားလှယ်တို့ကို ဆက်သွယ်မေးမြန်းထားသည်။ ယင်းတို့၏ ဖြေဆိုချက်အချို့အား ကောက်နုတ်ဖော်ပြလိုက်သည်။
ကိုဝေဖြိုး
အတွင်းရေးမှူး
တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ
တနင်္သာရီအပတ်စဉ်- ကိုဝေဖြိုးအနေနဲ့ တိုင်းလူငယ်ရေးရာ ကော်မတီမှာ ဘယ်အချိန်ကစပြီး တာဝန်ထမ်းဆောင်ခဲ့တာလဲ။
ကိုဝေဖြိုး- အခုဆိုရင် တစ်နှစ်ကျော်ပြီ၊ မဲစနစ်နဲ့ ဝင်ပြိုင်တဲ့အချိန် မှာ ကျွန်တော်အရွေးခံရတယ်။ အဓိကဝင်ပြိုင်ရခြင်းက နဂိုကတည်းက လူငယ်အခြေခံပြီး အလုပ်လုပ်တာတွေရှိတယ်။
ကော်မတီမှာ အစိုးရ အနေနဲ့ ၄၀ ရာခိုင်နှုန်းနဲ့ လူငယ်က ၆၀ ရာခိုင်နှုန်းပါပြီးသားဖြစ်တဲ့ အတွက် လုပ်ရကိုင်ရတာ အရင်ကထက် ပိုပြီးကောင်းလာမယ်ပေါ့။လူငယ်အရေးကိစ္စတွေမှာ ပိုပြီးကောင်းလာမယ်ဆိုလို့ ဝင်အရွေးခံတာပါ။
တနင်္သာရီအပတ်စဉ်- လူငယ်ရေးရာကော်မတီအနေနဲ့ ဘယ်လို မျိုး အလုပ်တွေ လုပ်ဆောင်ကြတာလဲ။
ကိုဝေဖြိုး- လူငယ်ရေးရာ မူဝါဒထဲမှာပါတဲ့ အဓိကအချက်တွေပေါ့။ ဒီအချက်တွေကို အဓိက အခြေခံပြီး လုပ်တယ်ပေါ့နော်။ နောက်တစ်ခုက လူငယ်ရေးရာမူဝါဒကို တတ်နိုင်သလောက် ရှင်းလင်းပွဲတွေ အမြဲ လုပ်နေတယ်ပေါ့။ လူငယ်ရေးရာ မူဝါဒဆိုတာ ဘာလဲဆိုတာကို လူငယ် တွေသိထားမှသာ နောက်ပိုင်းမှာ သူတို့ စိတ်ဝင်စားမှုတွေ၊ သူတို့အတွက် ဒီမူဝါဒထဲမှာ ဘယ်လိုအကျိုးကျေးဇူးတွေရှိတယ်ဆိုတဲ့ဟာကို သူတို့ သိလာမှာပေါ့။ အခုလည်း ၁၀ မြို့နယ်စလုံး သူ့နေရာနဲ့ သူ လုပ်နေ ကြတာပဲ။
တနင်္သာရီအပတ်စဉ်- လူငယ်ရေးရာကော်မတီအနေနဲ့ လက်ရှိ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေက ဘာတွေဖြစ်နိုင်မလဲ။
ကိုဝေဖြိုး- အစိုးရဘက်က လူငယ်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အလေးထားမှု မရှိတာတွေကို ထပ်ခါထပ်ခါတွေ့လာရတယ်။ တိုင်း ကော်မတီအစည်းအဝေးကိုမှ တစ်ခါတလေ ပျက်ကွက်တာ တွေ ရှိတယ်။ ကော်မတီအစည်းအဝေးပျက်ကွက်တယ် ဆိုတာက အစိုးရဘက်က လူမစုံဘူးပေါ့။ ဥက္ကဋ္ဌကိုယ်တိုင်လည်း ပျက်ကွက်တာရှိတယ်။ (ကော်မတီ ဝင်) တခြားဌာနတွေလည်း ပျက်ကွက်တာ ရှိတယ်။ အခုဆို အစည်း အဝေးလုပ်တာ လေးကြိမ်ရှိပြီ။
အစည်းအဝေးတစ်ကြိမ် လုပ်ရတာက မလွယ်ဘူး။ ၁၀ မြို့နယ်စလုံးက လူငယ်တွေ အားလုံးစုံအောင်လုပ်ပြီး ဖိတ်ရတယ်။ ဘတ်ဂျက်တွေ တောင်းရတာတွေရှိတယ်။ ဒီအချိန်မှာမှ ကိုယ့်မှာ အခက်အခဲတွေ ကိုယ်ဖြစ်နေတာတွေကို ပြောရဆိုရတာ။ လူမစုံတော့ ပြောဖို့ဆိုဖို့ဟာတွေလည်း ပြောလို့မဖြစ်တော့ဘူး ပေါ့။
ဒီပုံစံအတိုင်းဆို ထွက်မယ့်သူတွေ အများကြီးရှိတယ်။ ပြော ထားရတယ် မထွက်ကြနဲ့ဦး။ ခဏလေးလို့။ ကိုယ်တိုင်လည်း စဉ်းစား နေတဲ့အထဲမှာ ပါတယ်။
(လူငယ်ရေးရာပွဲအခမ်းအနားတွေကို) ကော်မတီဥက္ကဋ္ဌတွေ၊ အစိုးရ အဖွဲ့ဝန်ကြီးတွေကို ဖိတ်တယ်။ တော်ရုံနဲ့ မလာကြဘူး။ ထားဝယ် တက္ကသိုလ်တို့ နည်းပညာတက္ကသိုလ်တို့မှာ ကျင်းပတဲ့ပွဲတွေမှာ ပြောဖို့ အတွက် တက်လာပြီး ကော်မတီဥက္ကဋ္ဌတစ်ယောက်အနေနဲ့ လူငယ် အရေးကိစ္စကို စိတ်ဝင်တစားနဲ့ လာပြောပေးဖို့ ကျွန်တော်တို့ ဖိတ်တာ တွေ ရှိတယ်။ အကြောင်းအရင်းအမျိုးမျိုးနဲ့ မလာဘူး။ နောက်ပိုင်း အချိန်အထိ လေးစားမှုသိပ်မရှိဘူးလို့ထင်တယ်။
တနင်္သာရီအပတ်စဉ်- လက်ရှိအခြေအနေမှာ အခြားတိုင်းနှင့် ပြည်နယ် လူငယ်ရေးရာကော်မတီ တွေနဲ့ တနင်္သာရီတိုင်း လူငယ်ရေးရာ ကော်မတီရဲ့ လုပ်ဆောင်နေရတဲ့အခြေအနေကို နှိုင်းယှဉ်မယ်ဆိုရင် ဘယ်လိုအခြေအနေရှိမလဲ။
ကိုဝေဖြိုး- စထွက်တုန်းကဆို တနင်္သာရီတိုင်းက ရှေ့ဆုံးက ပြေးနေတယ်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် လုပ်ဆောင် ချက်တွေက အရမ်းသွက်တယ်ဗျာ။ ဒါပေမယ့် အခုချိန်မှာ နောက်ဆုံးက ကျန်ရစ်နေတယ်။ အခုလက်ရှိမှာ မြို့နယ်နဲ့ ခရိုင်ကို ဖွဲ့ရမယ်ဆိုပြီး ပြည်ထောင်စုအဆင့် လူငယ်ရေးရာ ကော်မတီအစည်းအဝေးမှာ အားလုံး ဆုံးဖြတ်ထားတာ။ ဒီလို အားလုံးလိုက်ဖွဲ့တဲ့အချိန်မှာ ကျွန်တော်တို့ တိုင်းက ကျန်ရစ်တယ်။ ခရိုင်နဲ့ မြို့နယ် ဖွဲ့စည်းဖို့အပိုင်းမှာကျန်ခဲ့တယ်။ ကျွန်တော်တို့ တိုင်းထဲမှာ ပုလောက ပြီးထားပြီးသား။
ပုလော ကနေ အတည်ပြုပေးဖို့ စာတွေ အထပ်ထပ်တင်တယ်။ ကော်မတီ ဥက္ကဋ္ဌကိုပေါ့။ တင်တဲ့အချိန်မှာ အစိုးရက အတည်ပြုပေးဖို့ တင်ထား တာကလည်း သူတို့က မူဝါဒထဲမှာ မြို့နယ်နဲ့ ခရိုင်ဖွဲ့ဖို့က မပါဘူး ပေါ့။ ဒီလိုတွေပြောတယ်။ ကျွန်တော်တို့ကြားမှာ ဒီလိုနားလည်မှု လွဲနေတာတွေ ရှိနေတာပေါ့။ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ခရိုင်ရော မြို့နယ်ရောဖွဲ့ဖို့အတွက် အစိုးရကိုယ်တိုင်က ပံ့ပိုးပေး ကူညီပေးတယ်။ အနည်းဆုံးအဆင့် စာထုတ်တာ ဖုန်းလှမ်းဆက်ပေးတာမျိုး ကူညီပေး တယ် ။ ကျွန်တော်တို့လည်း ဒီလိုပုံစံမျိုး ဖြစ်စေချင်တာပေါ့။
တနင်္သာရီအပတ်စဉ်- အခုဆိုရင် ကော်မတီထဲကနေ နုတ်ထွက် ကြဖို့ ကြားနေတော့ အခြေအနေက ဘယ်လိုလဲ။
ကိုဝေဖြိုး- ကျွန်တော်တို့က ထွက်တာတော့ ထွက်မှာ။ ဒါပေမယ့် ကျွန်တော်တို့ထွက်ပြီးလို့ လူငယ်ရေးရာကော်မတီကြီး ဒီလိုကျန်ရစ် မယ်ဆိုတဲ့ ပုံစံမျိုးမဖြစ်စေချင်ဘူး။ မဖြစ်စေချင်တော့ အခြေအနေ တစ်ခုကို စောင့်ကြည့်ပြီး ပြန်ရွေးမယ်ဆိုလည်း အားလုံးပြန်ရွေးကြမယ်။ ဒါဆို ကျွန်တော်တို့နေရာတွေ အားလုံးလစ်လပ်ပြီး ကျန်ခဲ့တာမျိုး မဖြစ်ဘဲနဲ့ ပြန်ရွေးရဖို့ အခြေအနေမျိုးကို လိုလားတယ်ပေါ့။
တနင်္သာရီအပတ်စဉ်- လက်ရှိမှာ တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီးက ဥက္ကဋ္ဌဖြစ်နေတယ်။ ဆိုတော့ ဝန်ကြီးချုပ်တွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေဆီသွားပြီးတော့ အကူအညီတောင်းတာ အကြံ ဥာဏ်ယူတာမျိုးဆိုရင် ဘယ်လိုကြုံတွေ့ရတာမျိုးရှိလဲ။
ကိုဝေဖြိုး- ဝန်ကြီးချုပ်နဲ့ တွေ့ဖို့ပြောထားတာတွေရှိတယ်။ စာနဲ့ ပြောထားတာလည်းရှိတယ်။ ဒါပေမယ့် ဥက္ကဋ္ဌနဲ့ပဲတွေ့လိုက်ပါဆိုပြီး ပြန်လာတာမျိုးလည်းရှိတယ်။ ဝန်ကြီးချုပ်နဲ့ ကျွန်တော်တို့ လူငယ်ရေးရာ ကော်မတီနဲ့ တစ်ခါမှလည်း မတွေ့ရသေးဘူး။ ဝန်ကြီးချုပ်နှစ်ဆက်လုံး မတွေ့ရဘူး။
လွှတ်တော်မှာတော့ သွားပြီး လူငယ်ရေးရာ မူဝါဒရှင်းလင်းပွဲ တစ်ခါ သွားလုပ်ဖူးတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေရော လွှတ်တော် ဥက္ကဋ္ဌတွေပါတယ်ပေါ့။ သွားလုပ်ချိန်မှာလည်း သူတို့က ကောင်းတယ် လုပ်သင့်တယ်လုပ်ရမယ်ဆိုမျိုးပြောတာပေါ့။ ဒါပေမယ့် လွှတ်တော် အပိုင်းကဆိုလည်း အစိုးရဘက်ခြမ်းနဲ့စာရင် သူတို့မှာ ကောင်းတယ် ဆိုတာပဲ ပြောနိုင်မယ်။ လက်တွေ့မှာ သိပ်ပြီးမပါနိုင်ဘူးပေါ့။
တနင်္သာရီအပတ်စဉ်- လူငယ်ရေးရာကော်မတီအနေနဲ့ ဘတ်ဂျက် ကို ဘယ်လိုရရှိပြီး ဘယ်လိုသုံးစွဲနေလဲ။
ကိုဝေဖြိုး- ပြည်ထောင်စုကနေပေးတယ်။ ကျွန်တော်တို့ တစ်ခုခု လုပ်တော့မယ်ဆိုရင် တင်ရတယ်။ တင်ရင်ပေးတယ်။ ဒီကနေ တွက်ပေးရတယ်။
အခြားတိုင်းနဲ့ ပြည်နယ်မှာ တိုင်းဘတ်ဂျက်ကနေ ပြန်ဖဲ့ထုတ် ပေးတာရှိတယ်။ ပြည်ထောင်စုအစည်းအဝေးမှာ ပြောထားပြီးသား။ ပြည်ထောင်စုကနေ ခွဲထုတ်ပေးမယ်ဆိုရင် တိုင်းနဲ့ ပြည်နယ်အလိုက် အားလုံးကို အချိုးကျခွဲလိုက်ရင် နည်းနည်းစီပဲကျန်တယ်။ ဒါဆိုရင် မလောက်မငနဲ့ လုပ်ရကိုင်ရတာ အရမ်းခက်ခဲတယ်။ ဟို(ပြည်ထောင်စု)က ချပေးရင်လည်း များများစားစားချပေးလို့မနိုင်ဘူး။ ဆိုတော့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေနဲ့ ညှိနှိုင်းပြီးတော့ ဘတ်ဂျက် တွေကို သုံးဖို့ ပြောထားတာရှိတယ်။ တကယ်လက်တွေ့မှာ ဒီလိုမဖြစ် ဘူး။ ဒေါ်လဲ့လဲ့မော်တုန်းကလည်း ဘတ်ဂျက်မရှိဘူးဆိုတာနဲ့ ပြီးသွား တယ်။ အခုနောက်တက်တဲ့ သူကလည်း ဘတ်ဂျက်မရှိဘူးပဲပြောတယ်။ အခုချိန်ထိ တိုင်းတွင်းဘတ်ဂျက်နဲ့ သုံးခွင့်မရဘူးပေါ့။
သူတို့အမြင်က အခုလက်ရှိကော်မတီတွေဖွဲ့ထားတာ အမျာကြီးရှိ တယ်။ ဒီလိုကော်မတီတွေလို သဘောထားနေလားမသိဘူး။ ကော်မတီ တစ်ခါဖွဲ့ပြီးရင် တော်တော်ကြာမှတစ်ခါ အစည်းအဝေးထိုင်ပြီးတော့ ပြန်ပျောက်သွားတဲ့ ပုံစံမျိုးထင်လားမသိဘူး။
ကျွန်တော်တို့ကော်မတီက ဒီလိုလုပ်လို့မရဘူး။ အမြဲတမ်းလည်နေမှရတယ်။ အမြဲတမ်းအသက် ဝင်နေအောင် လိုတာကိုး။
လူငယ်စင်တာနဲ့ ပတ်သက်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်ဆွဲဖို့ စင်တာရဲ့ ဒီဇိုင်းနဲ့ ခန့်မှန်းတန်ဖိုး ပုံစံမျိုး ပေါ့။ မြေနေရာကို မယ်ဒီလန်း ဆေးရုံအနောက်ဘက် ကပ်လျက်နေရာကို သတ်မှတ်ပေးထားတယ်။ သိမ်းထားတဲ့မြေ။
ကိုဟိန်းထက်
(မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ တွဲဖက်အတွင်းရေးမှူးနှင့် တနင်္သာရီတိုင်းလူငယ်ရေးရာ ကော်မတီ၏ ပြည်ထောင်စုကိုယ်စားလှယ်)
တနင်္သာရီအပတ်စဉ်-တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီကို ဘယ်အချိန်က ဖွဲ့စည်းခဲ့တာလဲ။
ကိုဟိန်းထက်- တနင်္သာရိတိုင်း လူငယ်ရေးရာကော်မတီကို ၂၀၁၈ ခုနှစ် ကစပြီးဖွဲ့တာပေါ့။ တစ်နှစ်ကျော်အချိန်မှာ အစည်းအဝေးလေးကြိမ် ကျင်းပပြီးပြီပေါ့။ တောက်လျှောက်တော့ ညှိနှိုင်းပြီး ဆောင်ရွက်လာခဲ့ တာရှိတယ်။ အချို့ဟာတွေဆို အစိုးရကနေ ပူးပေါင်းပါဝင်ပေးရ တာတွေ၊ သူတို့ရဲ့ ပူးပေါင်းမှုတွေ လိုအပ်တာတွေရှိတယ်။ အထူးအားဖြင့် အစည်း အဝေးကနေ ဆုံးဖြတ်ချက် ချလိုက်တာတွေဖြစ်တဲ့ ဥပမာ မသန်စွမ်းသူများ အကျုံးဝင်တဲ့ အဆောက်အအုံဆောက်တာကို စောင့်ကြည့်တဲ့ ကော်မတီတွေပေါ့။
ဒီလိုမျိုး ကော်မတီက အစိုးရနဲ့ လူငယ်ပေါင်းပြီးဖွဲ့တာ။ ကော်မတီ ကနေ ဆုံးဖြတ်လိုက်တာဖြစ်လို့ အစိုးရကနေ စာတွေ ထုတ်ပေးရမှာ။ ကော်မတီတွေမှာ ဘယ်သူတွေပါတယ်။ ကော်မတီက လုပ်ရမယ့် တာဝန်နဲ့ ဝတ္တရားက ဘာတွေဆိုတာမျိုးပေါ့။ ခုချိန်ထိ စာကထွက် လာတာ မရှိဘူး။
ကျွန်တော်တို့ဘက်ကတော့ လမ်းကြောင်းအတိုင်းပဲ အစည်းအဝေးဆုံးဖြတ်ချက်အရ ဘယ်လိုရှိတယ်။ လူငယ်ကိုယ်စားလှယ် ပေးပို့တာတွေ လုပ်ပြီးသားပေါ့။ ဒါပေမယ့် ခုချိန်အထိ လုပ်ပေးပါ့ မယ်ဆိုတာပဲရှိတယ်။ ခုချိန်အထိ ဒါတွေက ထွက်မလာဘူး။
နောက်တစ်ချက်က တိုင်းလူငယ်ကော်မတီမှာ လူငယ်ကိုယ်စား လှယ်တွေကို မြို့တော်ခန်းမမှာ ရွေးချယ်ထားတာ။ အချို့ဆိုရင် မလုပ်နိုင်တာတွေ၊ နုတ်ထွက်တာတွေရှိတယ်။ ဒီလိုမျိုးဟာတွေကို အချိန်မီအစားထိုးဖို့တယ်ပေါ့။ အစားထိုးဖို့ ကိုယ်စားလှယ်စာရင်း တွေလည်း ပေးပို့ပြီးပြီပေါ့။
စာရင်းတွေဆိုရင် ၉ လလောက်ကိုရှိသွားပြီ ပေးပို့ထားတာ။ ဒါပေမယ့် သေချာတာတစ်ခုက အခုချိန်အထိ ဒါတွေက ထွက်မလာဘူး။ လမ်းကြောင်းအတိုင်းပဲ ကျွန်တော်တို့လုပ်တယ်။ စာတစ်တန် ပေတစ်ဖွဲ့နဲ့ သွားနေတာပဲ။
နောက်ဆုံးပြဿနာက မြို့နယ် ခရိုင်လူငယ်ကော်မတီတွေဖွဲ့ မယ်တဲ့ကိစ္စ။ ဒီကော်မတီတွေဖွဲ့မယ်ဆိုတာက ပြည်ထောင်စုရဲ့ တိုက်ရိုက် ညွှန်ကြားမှုတော့ မရှိဘူး။
ဘုံသဘောတူညီချက်တော့ရှိတယ် ပြည်ထောင်စုမှာ။ တိုင်းလူငယ်ရေးရာကော်မတီရဲ့ စတုတ္ထအကြိမ် အစည်းအဝေးမှာလည်းပဲ ဆုံးဖြတ်ပြီးသား။ မြို့နယ် ခရိုင်ကော်မတီ တွေမှာ ဘယ်သူတွေပါမယ်ပေါ့။ ဥပမာ ထွေအုပ်ကတော့ ဥက္ကဋ္ဌတာဝန် ယူမယ်။ လူငယ်က ဒုဥက္ကဋ္ဌတာဝန်ယူမယ် အစသဖြင့် ဘယ်လိုဖွဲ့မယ် ဆိုတာတွေကို ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းပြီးသားဖြစ်တယ်။ ဆုံးဖြတ် ပြီးသားလည်းဖြစ်တယ်။ ဆိုတော့ ဒီဆုံးဖြတ်ချက်အပေါ်မှာ အခြေခံ ပြီးတော့ ဖွဲ့စည်းပုံတွေလည်း တင်ပြပြီးသားဖြစ်တယ်။ ဆိုတော့ အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ယန္တရားတွေ၊ လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ မသိဘူး။
သေချာတာတစ်ခုကတော့ မူလကရည်ရွယ် ထားတဲ့ Plan အရဆိုရင် ၁၀ လ ပိုင်းကုန်ရင် မြို့နယ်ကော်မတီတွေ အားလုံးဖွဲ့ပြီးသားဖြစ်ရမယ်။ ဖွဲ့ပြီးသားမြို့နယ်ကော်မတီက ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး လူငယ်ကိုယ်စားလှယ်တွေကို ခေါ်လိုက်မယ်။ လူငယ်ရေးရာကော်မတီရဲ့ ၂ နှစ်စာ မဟာဗျူဟာရှိတယ်။ ဒီမဟာဗျူဟာ ကို Modify (ပြန်မွမ်းမံ) လုပ်ပြီး သူတို့အသံတွေထည့်မယ်။ ထည့်ပြီး ရင် ကျွန်တော်တို့က ဘတ်ဂျက်တွက်ပြီးရင် အစိုးရကို တင်မယ်ပေါ့။
အခုက ဒီလုပ်ငန်းစဉ်ကြီးက လုပ်မဖြစ်တော့ဘူးဗျာ။ အစိုးရဘက် ကနေ ဖွဲ့စည်းခွင့်နဲ့ ပတ်သက်ပြီး မထုတ်ပေးဘူးဗျာ။ ဒါက အခက် အခဲဖြစ်တယ်။
မြို့နယ်ကော်မတီတွေဖွဲ့မယ်ဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးမှာကို မရှိဘူး။ ကျွန်တော်တို့ ရပ်ကျေးအဆင့် လူငယ်တွေ့ဆုံပွဲတွေ လုပ်တယ်။ အတတ်နိုင်ဆုံး ရပ်ကျေးတွေကို ဆင်းပြီး လူငယ်မူဝါဒဆိုတာ ဘာလဲ၊ မြို့နယ်ကော်မတီဆိုတာ ဘာလဲ၊ မြို့နယ်ကော်မတီတွေမှာ ပါဝင်သင့် တယ်ဆိုတာတွေကို ရပ်ကျေးတွေ့ဆုံပွဲတွေ လုပ်ထားပြီးပြီ။ ဒီဘက်မှာက ဘာမှလည်း ပူးပေါင်းမှုမရှိတဲ့အတွက် ဒီလုပ်ငန်းစဉ်က ရှေ့တိုးရမလား။ လူငယ်တွေကြားထဲမှာလည်း ဘယ်အချိန် အပြီးဖွဲ့မယ်လို့ ပြောထား တာရှိတယ်။ ဒါဆို သို့လောသို့လောတွေ ဖြစ်ကုန်တာပဲ။ ဒီဖက်မှာလည်း တိကျတဲ့သတင်းအချက်အလက်တွေလည်း ဘာမှမရဘူး။
ဒီလိုအခြေအနေမှာ သေချာတာတစ်ခုက နောက်ဆုံးက ဒါဟာ (နုတ်ထွက်တာ)ထွက်ပေါက်ပဲ။ အားလုံးက ထွက်ကြတော့ မယ်ပေါ့။ ဒီအစိုးရနဲ့တော့ အလုပ်မလုပ်ဘူးဆိုတာမျိုး တော်တော်များများ ဖြစ်လာကြတယ်။ အတတ်နိုင်ဆုံး ကျွန်တော်တို့ ထိန်းတယ်။ ကြားထဲ မှာလည်း တွေ့ဆုံမှုတွေ အကြိမ်ကြိမ်လုပ်တယ်။ ဥက္ကဋ္ဌကို သွားတယ်၊ ဝန်ကြီးချုပ်ကိုလည်း ကျွန်တော်တို့ပြောတယ်။ ဦးဟိုပင်ဆီပဲ သွားခိုင်းတယ်။ ဦးဟိုပင်နဲ့ အဆင်မပြေဘူးပြောတယ်။ သူ့ဆီပဲ ပြန်သွားခိုင်းတယ်။
ကျွန်တော်တို့က အမှန်တိုင်းပြောရမယ်ဆိုရင် ဦးဟိုပင်နဲ့ အဆင် မပြေဘူး။ အဆင်ပြေတာတွေရှိတာမျိုး တချို့ဟာတွေ အားသွန်ခွန် စိုက်လုပ်ရမယ့်ဟာတွေမှာဆို အဆင်မပြေဘူးဗျ။ ဒါဆိုရင် ဝန်ကြီးချုပ် ရဲ့ အခန်းကဏ္ဍကလည်း တအားကြီး အရေးကြီးတယ်။ ငါးလဆိုတဲ့ အချိန်အတောအတွင်းမှာ မြို့နယ်ကော်မတီလည်း မဖွဲ့နိုင်ဘူး။ ဘာမှ လည်း မလုပ်နိုင်ဘူး၊ အရှေ့လည်းတိုးလို့မရ နောက်ကို ဆုတ်မရဘူး။ စိန်ခေါ်မှုတွေ တစ်ပုံကြီးရှိတယ်။ ဒါကြောင့်ပဲ ဆိုရှယ် (Facebook) ပေါ်မှာပဲ ဒါကနောက်ဆုံးနည်းလမ်းပေါ့။ ဒီလိုတင်လိုက်လို့ပဲ ပြန်တုံ့ပြန်မှုက သေချာတယ်။ ကျွန်တော်တို့အားလုံး နုတ်ထွက်မယ် ဆိုတာမျိုး။
တနင်္သာရီအပတ်စဉ်- ကော်မတီဝင်တွေက စဉ်းစားချက်တစ်ခု အနေနဲ့ နုတ်ထွက်မယ်ဆိုပြီး လုပ်နေတာရှိတာပေါ့နော်။ နုတ်ထွက် လိုက်မယ်ဆိုရင်ရော ဘာတွေဖြစ်လာနိုင်လဲ။
ကိုဟိန်းထက် – အကောင်းဆုံးဖြစ်အောင်တော့ ကျွန်တော်တို့ ညှိနှိုင်းမယ်။ အစိုးရဘက်ကတော့ ဘယ်လိုလုပ်ပြီး ကျွန်တော်တို့ကို ညှိနှိုင်းလာမယ် ဆိုတာလည်း ကျွန်တော်တို့ ဟိုဟာဖြစ်နေတာပေါ့။ အခုတော့ မနေ့က လူမှုဝန်ထမ်းနဲ့ ကျွန်တော်တို့ တွေ့ကြတယ်။
ကော်မတီဆိုတာ ကျွန်တော်တို့က ဝန်ထမ်းလည်းမဟုတ်ဘူး၊ လစာလည်း မဟုတ်ဘူး။ သေချာတာတစ်ခုက လူငယ်ကိစ္စကို ကျွန်တော်တို့ လုပ်သင့်တယ်လို့ တောက်လျှောက်လုပ်လာကြတာပဲ။ နေရာကြောင့် လုပ်နေကြတာလည်း မဟုတ်ဘူး။ အခြားအခွင့်အရေး အာဏာတစ်ခုခု ရလိုရငြားနဲ့ လုပ်နေတာလည်း မဟုတ်ဘူး။ တိုင်း ထဲမှာရှိနေတဲ့ လူငယ်ထုအတွက်ဆိုတာမျိုးပဲ ရည်ရွယ်ပြီး အလုပ် လုပ်နေကြတာ ရှင်းရှင်းလေးပဲ။
(ခရိုင် မြို့နယ်ကော်မတီဖွဲ့စည်းရေးနှင့် ပတ်သက်၍) တိုင်းအစိုးရ ကတော့ ပြည်ထောင်စုအစိုးရကို ပြန်သွားတယ်။ တိုင်းကော်မတီကတော့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ဌာနဆိုင်ရာတွေပါတဲ့ မြို့နယ် ခရိုင် ကော်မတီတွေဖွဲ့ဖို့ တင်ပြလာတယ်ပေါ့။ မူဝါဒထဲမှာတော့ ဖွဲ့ဖို့ဆိုတာ မပါဘူးပေါ့။ ပြည်ထောင်စုအစိုးရက လူမှုဝန်ထမ်းကိုပြပြီး Refer(ပြန်လွှဲ) ပြန်လုပ်တယ်။
တိုင်းအဆင့်ဖြစ်ပြီဆိုရင် မြို့နယ် ခရိုင်ဆို တာက ဖွဲ့သွားရမယ့်ဟာတွေ။ ဖွဲ့ကိုဖွဲ့ရမယ့်ဟာတွေ။
ဒါကို မူဝါဒထဲမှာ မပါလို့မဖွဲ့ဘူးဆိုတာက တော်တော်ကို စဉ်းစား စရာဖြစ်တယ်ဗျ။ ဒီမှာလိုပဲ အခြားတိုင်းနဲ့ပြည်နယ်မှာ ဖြစ်နေလားဆိုရင် မဟုတ်ဘူး။ နေပြည်တော်အပါအဝင် ကျန်တိုင်းနဲ့ပြည်နယ်တွေ အားလုံးဖွဲ့ပြီးသား။ တိုင်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ မြို့နယ် ခရိုင်ကော်မတီတွေဖွဲ့ပြီးပြီ။
တနင်္သာရီအပတ်စဉ်- လူငယ်ရေးရာကော်မတီလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ စာရင် တနင်္သာရီ တိုင်းအနေအထားက ဘယ်လိုရှိနေလဲ။
ကိုဟိန်းထက်- စပြီးတာထွက်တုန်းကတော့ တနင်္သာရီက ရှေ့ကို တော်တော်ရောက်တယ်ဗျ။ နောက်ပိုင်းတဖြည်းဖြည်းနဲ့ နောက်ကို ရောက်လာတယ်။ အကြောင်းရင်းက ဘာလဲလို့ ပြန်ဆန်းစစ် လိုက်တော့ အထူးအားဖြင့် လူမှုရေးဝန်ကြီးပေါ့။ သူကဥက္ကဋ္ဌလေ သူ့ရဲ့အခန်း ကဏ္ဍက အများကြီးအရေးကြီးတယ်။ ရန်ကုန်တို့ဆိုရင် အစိုးရရဲ့ ဘတ်ဂျက်ထဲကနေပြီးတော့ သီးခြားဘယ်လောက်သုံးပါဆိုတာတွေမျိုး စပြီးချဉ်းကပ်လာတာမျိုးရှိတယ်။ ကျွန်တော်တို့မှာဆိုရင် လူငယ်နဲ့ ပတ်သက်တဲ့ အားကစားပွဲတွေဆို အတတ်နိုင်ဆုံးလူငယ်ရေးရာကော် မတီကို အသိပေး။ လူငယ်ရေးရာကော်မတီက တက်ရောက်။ ဆိုတော့ ကျွန်တော်တို့က အသိအမှတ်ပြုခံချင်တာမျိုး မဟုတ်ဘူး။ လူငယ်နဲ့ ပတ်သက်တဲ့ ဗခအငလငအပ တွေလုပ်နေတဲ့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းတာမျိုး၊ အတူတကွလုပ်တာတွေမျိုးဖြစ်စေချင်တာ။
ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ဝိုင်းကူပေးမယ်ဆိုတာလည်း မရှိဘူး။ ဘယ်လိုအခက်အခဲတွေရှိတယ်၊ ဘယ်လိုအချက်တွေက စိန်ခေါ်မှုတွေရှိနေတယ်ဆိုတာမျိုး မရှိဘူး။ ရှိလို့ အစည်းအဝေးတွေမှာ တင်ပြရင်လည်း လုပ်ပေးမယ်ဆိုတာတွေပဲ ပြောတယ်။ ဒီလိုအခက်အခဲ တွေရှိတယ်။
တနင်္သာရီအပတ်စဉ်- ဒီလိုမျိုး အခင်းအကျင်းမှာ အစိုးရတာဝန် ရှိသူတွေကိုရော ဘာပြောချင်လဲ။
ကိုဟိန်းထက်- တိုင်းပြည်မှာ မူဝါဒပေါင်း သောင်းခြောက်ထောင် ရှိတယ်။ ရာဂဏန်းအထိရှိတယ်။ မြန်မာနိုင်ငံလူငယ်ရေးရာ မူဝါဒလည်း ပါတယ်။ လူငယ်ရေးရာမူဝါဒကို For Show (ဟန်ပြ) မလုပ်စေချင်ဘူး။ မူဝါဒချည်း On Paper မရဘူး။ တစ်ကယ်ကို လူငယ်တွေအတွက် ဒီမူဝါဒကြီးက ဘယ်လောက်အထိ အကျိူးပြုလဲပေါ့၊ မူဝါဒကြီး ဖြစ်လာပြီးနောက်မှာ လူငယ်တွေဘယ်လောက်အထိ အပြောင်းအလဲ ဖြစ်လာတယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍတွေမှာ ဘယ်လောက် အထိ တိုးတက်လာတယ်ဆိုတာ ဖြစ်ရမယ်။
ဒီလိုဖြစ်ဖို့အတွက်ဆိုရင် ပြည်ထောင်စု အစိုးရအပါအဝင် တိုင်းဒေသကြီး။ ပြည်နယ်အစိုးရ အဖွဲ့တွေ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေက အားလုံး ပူးပေါင်းပါဝင်ဖို့ လိုတယ်။
သက်ဆိုင်တဲ့တာဝန်ရှိသူတွေလို့ပြောရာမှာ အစိုးရအဖွဲ့တစ်ခု တည်းမဟုတ်ဘူး။ လွှတ်တော်က တာဝန်ရှိတဲ့သူတွေ။ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးလာတာပဲ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအားလုံးက အရေးကြီးတယ်ပေါ့။
တနင်္သာရီအပတ်စဉ်- လက်ရှိအခင်းအကျင်းမှာ လွှတ်တော်ရဲ့ ပါဝင်ပူးပေါင်းမှုက ဘယ်လိုအနေအထားရှိလဲ။
ကိုဟိန်းထက်- အစိုးရက သိပ်ပြီး အားကြိုးမာန်တက် မဖြစ်ဘူး။ ဌာနဆိုင်ရာတွေလည်း ဗခအငလန မဖြစ်ဘူး။ အစည်းအဝေး ဆိုရင် လာတယ်။ အစိုးရရဲ့ ပူးပေါင်းပါဝင်မှု ဌာနဆိုင်ရာတွေရဲ့ ပူးပေါင်းပါဝင်မှု အားနည်းလာတယ်လို့ ယူဆလာတယ်ပေါ့။ ယူဆလာ ချိန်မှာ တစ်ဖက်ကို ပြန်ပြီးချည်းကပ်တာ လွှတ်တော်ကို ချဉ်းကပ် တယ်ပေါ့။
ဥပမာ လွှတ်တော်မှာ ရေးရာကော်မတီလိုမျိုးဖွဲ့မယ်။ လူငယ်နဲ့ အမျိုးသမီးပေါ့။ ရေးရာကော်မတီဖွဲ့ပြီးရင် ရေးရာကော်မတီရဲ့ အခန်း ကဏ္ဍက ဘာလုပ်လဲဆိုရင် မလုပ်တဲ့ဌာနဆိုင်ရာတွေကိုသူကပြန်ပြီး တော့ ကြားနာတာတွေ လုပ်လို့ရတယ်။ ဒီဘက်က အားနည်းနေတာကို ဒီဘက်က ပြန်ပြီးထိန်းညှိမယ်ပေါ့။ လွှတ်တော်ကို ကျွန်တော်တို့ အများကြီးမျှော်လင့်တယ်။ လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်ကလည်း စိတ်ဝင်တစားနဲ့ ဒါကအရေးကြီးတယ် တို့တွေဝိုင်းလုပ်ပေးမယ်ဆိုတာမျိုးပေါ့။
ဆိုတော့ဒါက အစိုးရနဲ့ပဲဆိုင်တယ်။ နဂိုကတည်းက ဒါကအစိုးရ နဲ့သာမဟုတ်ဘူး လွှတ်တော်မှာလည်း တာဝန်ရှိ တယ်ဆိုတာမျိုးထင်လို့ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်မှုတွေလုပ်တယ်။ ဒါပေမယ့် သေချာတာတစ်ခုက ဒီဟာနဲ့ ပတ်သက်ပြီး ဒီဟာက တကယ်ကို အရေးကြီးတယ် အလုပ်လုပ်ရမယ်ဆိုတာတွေမျိုး လုပ်နေတာ ပြောနေ တာ ချဉ်းကပ်နေတာ ကျွန်တော်တို့ဆီမေးလာတာ အပြန်အလှန် ပူးပေါင်းတာတွေမျိုးက လုံး၀မရှိဘူး။ ဒါကတော့ ကျွန်တော်ထင်တယ် တကယ်ကို စိတ်ပျက်စရာကောင်းတယ်။
ဝန်ကြီးဦးဟိုပင်
ဥက္ကဋ္ဌ
တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ
တနင်္သာရီအပတ်စဉ်- ဝန်ကြီးက တနင်္သာရီတိုင်း လူငယ်ရေးရာကော်မတီဥက္ကဋ္ဌပေါ့ခင်ဗျား။ အခုဆိုရင် ကော်မတီဝင်တွေဘက်က ပြောလာတာရှိတာပေါ့။ ဒီကော်မတီက အလုပ်မဖြစ်သေးဘူး ပေါ့။ အလုပ်မဖြစ်ဘဲနဲ့ နှောင့်နှေးနေတယ်လို့ ပြောနေကြတယ်ပေါ့ ခင်ဗျား။ ဘတ်ဂျက်ပိုင်းမှာ လည်း အခက်အခဲတွေရှိနေတယ်။ ဒီအပေါ်မှာရော ဘယ်လိုမှတ်ချက်ပေးချင်လဲခင်ဗျား။
ဦးဟိုပင်- တို့ဌာနဆိုင်ရာမှာဆိုရင် လူမှုဝန်ထမ်းဦးစီးဌာနပေါ့။ အခုလာမယ့်နှစ်အတွက် လူငယ်ရေးရာတစ်ခုတည်းမဟုတ်ဘူး၊ မသန်စွမ်း၊ ကလေးသူငယ်တို့ရှိတယ်။ ဒီအတွက် လုပ်မယ့်အစီအမံတွေက ကုန်ကျစရိတ်များကို ဘတ်ဂျက်မှာကြိုတင်ပေးပါ။ ကြိုတင်ထားတယ်။
ဟိုတစ်ရက်က ဦးထွန်းနိုင်(လူမှုဝန်ထမ်းဦးစီးဌာန) လာတယ်။ သူတို့ လူငယ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘတ်ဂျက်ကျနေပြီလို့ ပြောတာ။ သူတို့ကိုလည်း အကြောင်းကြားပြီးပြီပြော တယ်။ အခုထိတော့ လာမယူ သေးဘူးဆိုပြီးတော့။ ဘတ်ဂျက်ကျတာက ဘာကိစ္စမှန်းတော့ မသိဘူး။ သူတို့လူငယ်တွေကိစ္စလို့တော့ ပြောတယ်။ ဘယ်လိုပုံစံနဲ့ ကျတယ်ဆို တာတော့ မသိဘူး။ ဦးထွန်းနိုင်(ဦးစီးမှူး)ကလေ လူငယ်တွေ သူတို့ ကော်မတီကို ဆက်သွယ်ပြီးတော့ လာယူပါဆိုပြီး ပြောထားတယ်တဲ့။ အခုထိတော့ လာမယူသေးဘူးတဲ့။
ဒီတော့ အမြင်ပြောရမယ်ဆိုရင် တစ်ခုက သူတို့မြေတောင်းတယ်။ မြေတောင်းတာလည်း တို့ဘက်က ဆောင်ရွက်ပေးပြီးပြီ။
သူတို့နဲ့ပဲ ညှိနှိုင်းပြီးတော့ပဲ သူတို့လိုအပ်တဲ့မြေကို။ မြေတောင်း ပြီးပြီဆိုတော့လည်း ဆက်ကဲလာမှာပေါ့။ သူတို့ဘက်မဟုတ်ဘူး။ ကော့သောင်းမှာလည်း ဒီလိုပဲလေ။ ကော့သောင်းက မသန်စွမ်းတွေ။ မြေတောင်းတယ် မြေရပြီးပြီ။ မြေရပြီးတာနဲ့ သူတို့မပြီးဘူးလေ။
အဆောက်အအုံအတွက်ပါ လိုလာပြန်တာပဲ။ တို့အစိုးရမှာကလည်းပဲ ဟိုဟာလည်းပေး ဒီဟာလည်းပေးရတယ်ဆိုတာက နည်းနည်းတော့ အခက်အခဲတော့ရှိတာပေါ့။ ရှိနေတဲ့ဘတ်ဂျက်နဲ့ မျှနေရတာ။ ရုတ်တရက် တော့ မရနိုင်ဘူး။
တနင်္သာရီအပတ်စဉ်- ဒါကတော့ ဘတ်ဂျက်လိုင်းပေါ့ခင်ဗျား။ ဒီဘက်က မြို့နယ် ခရိုင်ကော်မတီတွေဖွဲ့ဖို့အတွက်လည်း အစိုးရဘက်က အတည်ပြုပေးဖို့ အချိန်ကြာနေလို့ အခုချိန်ထိ မဖွဲ့နိုင်သေးဘူးလို့ ပြောလာတာရှိတယ်။
ဦးဟိုပင်- ဒီစာက သူတို့ဖတ်ရပြီးပြီလား မဖတ်ရသေးဘူးလား မသိဘူး။ မေးလိုက်တာ ဦးထွန်းနိုင်(လူမှုဝန်ထမ်း)ကတော့ ပြောတယ်။ စာပို့ထားပြီးပြီလို့။ ပြည်ထောင်စုအစိုးရကနေ စာဆင်းလာတယ်။ တို့ဆီကနေ တင်လို့။ ခရိုင်မြို့နယ် ကော်မတီတွေ ဖွဲ့ဖို့အတွက် ဟိုဘက်က သူတို့လူငယ်ဘက်က တောင်းလာတာက ခရိုင်မြို့နယ် ကော်မတီတွေမှာ ဝန်ထမ်းတွေထည့်ဖွဲ့ခွင့် ဆိုတဲ့ စာပါလာတော့ တို့ဘက်က ဝန်ထမ်းကိစ္စပါလာတာကိုး။ ဝန်ထမ်းကိစ္စတွေထည့်ဖွဲ့ခွင့် ရ/မရဆိုတာကို နေပြည်တော်တင်ပြီး မေးလိုက်တော့ နေပြည်တော်က ပြန်ဆင်းလာတယ်။ လူငယ်ရေးရာမူဝါဒမှာ ခရိုင် မြို့နယ်ဖွဲ့ဖို့ မပါသေးဘူးလို့။ ဒီစာကို သူတို့ကို ပို့ထားပြီးသား။
တနင်္သာရီအပတ်စဉ်- ကော်မတီဥက္ကဋ္ဌက ဝန်ကြီးဆိုတော့ အချို့ သောလုပ်ငန်းတွေမှာ နှောင့်နှေးတယ်လို့ ဒီလိုစွပ်စွဲပြောဆိုတာ ရှိတာ ပေါ့ခင်ဗျား။
ဦးဟိုပင်- နှောင့်နှေးတယ်ဆိုတာက သူတို့ဘက်က သူတို့ထည့် မပြောဘူး။ တစ်ခါတလေဆိုရင် ကြားပါတယ်။ သူတို့ ဖက်ဒရယ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖိုရမ်နဲ့ သင်တန်း။ ဖိုရမ်က တစ်ခု သင်တန်းက တစ်ခု။ မြို့တော်ခန်းမမှာ လုပ်သွားတာ။ ဒီဟာကို သူတို့က ရက်ကပ်မှ လာပို့တယ်။ တို့မှာက ဒီကိစ္စတွေကို တို့အစိုးရက ဆုံးဖြတ်လို့မရဘူး။ ဖက်ဒရယ်ဆိုတာနဲ့။
ငြိမ်းချမ်းရေးကောင်စီကို ပို့ရတယ်။ ငြိမ်းချမ်းရေး ကောင်စီက ပြန်ဆင်းလာတယ်။ ပြန်ဆင်းလာချိန်မှာ နောက်တောင်ကျ နေပြီ။ ဖိုရမ်ကို ခွင့်ပြုတယ်။ သင်တန်းကို ခွင့်မပြုဘူး။
ဒီဘက်ကနေပြီး သင်တန်းပေးသူ ဘယ်သူ ဘယ်သူနဲ့ နိုင်ငံခြားသား ပါ/မပါဆိုပြီးတော့ ပြန်တင်ပေးနေရတာတွေ ရှိတယ်။ ဒါတွေကို သူတို့တွေ မသိဘူး။ တို့လည်း ပြီးတာပြီးပါစေဆိုပြီး ဆက်မပြောတော့ဘူး။
နှောင့်နှေးတယ်ဆိုတာက သူတို့ဘက်ကနေ သူတို့ကို ရုံးတစ် ရုံးဖွင့်ပေးထားပြီးသား။ လူမှုဝန်ထမ်းက အခန်းတစ်ခန်းပေးထားပြီးသား။ ဒီအခန်းမှာ အမြဲတမ်းရှိရဲ့လားဆိုတာ မသိဘူးပေါ့လေ။ သူနဲ့ အချိန် မရွေးဆက်သွယ်နေတာမျိုး မဟုတ်ဘူးဆိုတော့လေ။
တနင်္သာရီအပတ်စဉ်- အခုလိုမျိုး ဖြစ်နေတဲ့ အခင်းအကျင်း အပေါ်မှာ ဘယ်လိုမှတ်ချက်မျိုး ပေးချင်လဲ ခင်ဗျား။
ဦးဟိုပင်- လူငယ်ဆိုတာ လူကြီးတွေကို ဘာပဲပြောပြောလေ။ လက်တွဲရမှာပေါ့။ ဒီတော့ လူငယ်များအနေနဲ့ လက်တွဲပါ။ သို့သော် သားသမီးတောင်းဆိုတိုင်း မိဘကလိုက်လျောနိုင်ချင်မှ လိုက်လျော နိုင်တာလေ။ တစ်ခါတလေ ဟန့်ရတာရှိတယ်။ တားရတာတွေ ရှိတယ်။
ငြင်းပယ်ရတာတွေရှိတယ်။ ပံ့ပိုးပေးရတာမျိုးရှိတာပေါ့။ ထိုနည်း လည်းကောင်းပဲ တို့အစိုးရသည်လည်းပဲ အလုံးစုံပြည့်စုံနေတဲ့ အစိုးရ မဟုတ်တဲ့အတွက် အချို့ကိစ္စတွေမှာ လူငယ်တွေရဲ့ လိုအင်အတိုင်း အပြည့်အဝ မပံ့ပိုးနိုင်တာတော့ ရှိမှာပဲ။ ဒါကို မကျေမနပ်ဒေါကန်နေရင် ကိုယ့်ရဲ့ အားနည်းချက်ပဲဖြစ်မှာပဲ။ ဘာပဲပြောပြော ကိုယ့်ဟာကိုပဲ လုံ့လထားပြီး လုပ်စေချင်ပါတယ်။ တို့ဘက်ကလည်း နိုင်သလောက် ပံ့ပိုးမှာပါ။
သို့သော်လည်းပဲ သားသမီးများတဲ့ မိဘတစ်ယောက်လိုပဲ။ ဟိုသားက စက်ဘီးလိုချင်ချိန်မှာ ဟိုသားက မိန်းမတောင်းခိုင်းနေတဲ့ ကိစ္စမျိုးတွေ ဝင်လာချိန်မှာတော့ ဘယ်ဟာကို ဦးစားပေးရမယ်ဆိုတဲ့ ချင့်ချိန်မှုတော့ နည်းနည်းရှိပါတယ်။
လူငယ်တွေကို အားပေးရမယ်၊ ချီးမြှင့်ရမယ်ဆိုတာမှန်ပါတယ်။ ဒါကြောင့်လည်း လာမယ့်နှစ်တွေမှာ လူငယ်ရေးရာကိစ္စတွေရော ကျန် တဲ့ ကလေးသူငယ်ကိစ္စတွေ၊ မသန်စွမ်းကိစ္စတွေ၊ အမျိုးသမီးတွေ အတွက် တစ်နှစ်တာလုပ်ငန်းစဉ်တွေကို ဘယ်လုပ်ငန်းအတွက် ဘယ်လောက်ကုန်မယ်ဆိုပြီးတော့ ခန့်မှန်း Estimate နဲ့ တိုင်းအစိုးရကို တင်တောင်းခိုင်းထားတယ်။ ဒီတစ်နှစ် မန္တလေးက သူတို့မန္တလေးတိုင်း အစိုးရကို သိန်းလေးထောင်တောင်းတယ်။ သိန်းနှစ်ထောင် ချပေးလိုက်တယ်။
တနင်္သာရီအပတ်စဉ်- ကျေးဇူးတင်ပါတယ် ဝန်ကြီးခင်ဗျား။
Dawei Watch