BREAKING
January 22, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

December 14, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ

ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသကို AA သိမ်းယူ၊ ဗိုလ်မှူးချုပ်သူရိန်ထွန်း ဖမ်းဆီးခံရ

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ မောင်တောဒေသတစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ပြီး စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ကိုလည်း ဖမ်းမိထားလို့ အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မောင်တောဒေသမှာ နောက်ဆုံးကျန်ရှိတဲ့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ခွဲ (နခခ-၅) စခန်းကို ၅၅ ရက်ကြာတိုက်ခိုက် ပြီးနောက် ဒီဇင်ဘာလ ၈ရက်မှာ သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ ဘူးသီးတောင်မြို့အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခ ၁၅ ရဲ့ စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ သူရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝေလင်းအောင် အပါအဝင် အရာရှိတွေ၊ မွတ်ဆလင် လက်နက်ကိုင် တွေကို ဖမ်းမိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ လက်နက်ချခဲ့တယ်လို့ ဖော်ပြပါတယ်။ ဗိုလ်မှူးချုပ်သူရိန်ထွန်းဟာ ရခိုင်တိုက်ပွဲကာလမှာ AA ဖမ်းမိတဲ့ ရာထူးအကြီးဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

နခခ ၅ ဟာ မောင်တောမြို့ မြို့သူကြီးရပ်ကွက်မှာ တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားခုနစ်ရာကျော်နဲ့ အခိုင်အမာ တပ်စွဲထားတဲ့ စခန်းကြီးဖြစ်တယ်လို့ AA က ဆိုပါတယ်။ နခခ ၅ ကို တိုက်ခိုက်ရာမှာ စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာ လက်နက် ကြီးကို အသုံးပြုတိုက်ခိုက်ခဲ့တာ၊ စခန်းထဲကို မြေအောက် လှိုက်ခေါင်းတူးဝင်တဲ့ ဗျူဟာတွေ အသုံးပြုခဲ့တာကိုလည်း AA က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။

အမ်းမြို့နယ်ထဲက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသလို တောင်ကုတ်၊ ဂွမြို့နယ်တွေကိုလည်း တိုက်ခိုက်နေပါတယ်။ ဒေသတွင်း သတင်းတွေမှာတော့ တောင်ကုတ် စကခ ၅ က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လက်နက်ချလို့ တောင်ကုတ်မြို့နယ်ကိုလည်း AA သိမ်းယူထားနိုင်ပြီလို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ AA ဘက်ကတော့ ဒီဇင်ဘာလ ၁၄ရက် နံနက်ပိုင်းအထိ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

……………………………………..

ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ် မြန်မာ ၂ နှစ်ဆက်ရပ်တည်

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ၂ နှစ်ဆက် ရပ်တည်နေပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၄ ရာခိုင်နှုန်းလျော့ကျခဲ့ပေမယ့် ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ဒီဇင်ဘာလ ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

အခုနှစ်မှာ ဘိန်းစိုက်ပျိုးမှု ဟတ်တာ ၄၅,၀၀၀ ကျော် ဆက်ရှိနေဆဲဖြစ်ပြီး အဲဒီထဲက ၈၈ ရာခိုင်နှုန်းဟာ ရှမ်းပြည်နယ်မှာ စိုက်ပျိုးထုတ်လုပ်တာလို့ ဆိုပါတယ်။ ကချင်၊ ရှမ်းတောင်နဲ့ ရှမ်းမြောက်မှာ ဘိန်းစိုက်ပျိုးမှု လျော့ကျခဲ့ပေမယ့် ရှမ်းအရှေ့မှာ မြင့်တက်လာတယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် ချင်းနဲ့ ကရင်နီ (ကယား) မှာလည်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၃ခုနှစ်မှာ အာဖဂန်နစ္စတန်ကိုကျော်ပြီး ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်လာ ခဲ့တာပါ။ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခတွေ မြင့်တက်လာချိန်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုလည်း ပြန်လည် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

……………………………………..

တိုက်ပွဲပြင်းထန်နေချိန် KIA ဥက္ကဋ္ဌ တရုတ်နဲ့သွားတွေ့၊ နယ်စပ်ဂိတ်တွေပြန်ဖွင့်

ကချင်မှာ တိုက်ပွဲတွေပြင်းထန်နေချိန်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA/KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပါတယ်။ အခုလိုသွားရောက်တွေ့ဆုံပြီးနောက်မှာ နယ်စပ်ဂိတ်တွေကို ပြန်လည်ဖွင့်လှစ်ခဲ့ ကြပါတယ်။

ဗိုလ်ချုပ်ကြီးအင်ဘန်နဲ့အဖွဲ့ဟာ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) နဲ့ အခုသီတင်းပတ်အတွင်း သွားရောက်တွေ့ဆုံခဲ့တာပါ။ ကချင်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေပြင်းထန်လာချိန်မှာ တရုတ်က တိုက်ပွဲရပ်ဖို့ ဖိအားတွေ ပေးခဲ့ပါတယ်။ ဒါပေမဲ့တိုက်ပွဲတွေ မရပ်တာကြောင့် နယ်စပ်ဂိတ်တွေကို ပြီးခဲ့တဲ့ အောက်တိုဘာလမှာ တရုတ်ဘက်က ပိတ်ခဲ့ပါတယ်။

လက်ရှိမှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေချိန် တရုတ်ဘက် ဆွေးနွေးဖို့ တရုတ်နိုင်ငံ ကူမင်းမြို့ကို ဖိတ်ခေါ်ခဲ့တာ လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ အခုတွေ့ဆုံဆွေးနွေးမှုအပြီးမှာ တရုတ်နဲ့ KIA နှစ်ဖက်စလုံးက နယ်စပ်ဂိတ် တွေကို ပြန်လည်ဖွင့်လှစ်ခဲ့ကြတာလို့ ဆိုပါတယ်။ အခုတွေ့ဆုံမှုနဲ့ပတ်သက်လို့ နှစ်ဖက်စလုံးက ထုတ်ပြန်တာမျိုး မရှိသေး ပါဘူး။

တစ်ကျော့ပြန်တိုက်ပွဲကာလမှာ မြေရှားသတ္တုတွင်းတွေရှိတဲ့ မြို့တွေကို KIA က သိမ်းယူထားပါတယ်။ တရုတ်က မြေရှား သတ္တုတွေ ပြန်လည်တူးယူ သယ်ယူခွင့်ရဖို့၊ နယ်စပ်တည်ငြိမ်ဖို့နဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ရပ်ဆိုင်းပြီး စစ်ကောင်စီနဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးဖို့ ခေါ်ယူတွေ့ဆုံဆွေးနွေးတာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

တရုတ်ဟာ ရှမ်းမြောက်က ကိုးကန့်၊ တအာင်းတပ်တွေကိုလည်း တိုက်ပွဲရပ်ဖို့ ဖိအားပေး ခြိမ်းခြောက်ခဲ့ပြီး နယ်စပ်ဂိတ် တွေကို ပိတ်ခဲ့ပါတယ်။ အဲဒီနောက် ကိုးကန့်နဲ့ တရုတ်တပ်တွေက တိုက်ပွဲရပ်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ စာထုတ်ခဲ့ပေမယ့် ရှမ်းမြောက်မှာတော့ နယ်စပ်ဂိတ်တွေ ကန့်သတ်ပိတ်ပင်ခံထားရဆဲဖြစ်ပါတယ်။

……………………………………..

အရေးပေါ် အကူအညီလိုသည့် ကမ္ဘာ့ထိပ်ဆုံးသုံးနိုင်ငံစာရင်းမှာ မြန်မာပါ

A family from Sittwe township, Rakhine State enjoys lunch with food assistance provided by WFP in the immediate aftermath of Cyclone Mocha Cyclone Mocha made landfall in Myanmar on 14 May with severe impact on hundreds of thousands of vulnerable people in areas its trajectory. WFP launched a large-scale emergency response soon after, with rapid food distributions starting in Rakhine State and Magwe region.

လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ အရေးပေါ်လိုအပ်နေတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာက ထိပ်ဆုံးသုံးနိုင်ငံထဲ ပါဝင်နေပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ အရေးပေါ်လိုအပ်နေတဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ပတ်သက်လို့ နယူးယောက်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကူညီကယ်ရေးကော်မတီ (IRC) က အစီရင်ခံစာ ထုတ်ပြန်ရာမှာ ဆူဒန်နဲ့ ပါလက်စတိုင်းပြီးရင် မြန်မာက နံပတ် သုံးမှာရှိနေတာပါ။ ဆီးရီးယားနဲ့ တောင်ဆူဒန်တို့ကတော့ မြန်မာနောက်မှာ အစဉ်အတိုင်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရပ်သားပြည်သူ ၃ဒသမ ၂သန်းဟာ စစ်ဘေးရှောင်နေကြရပြီး ၂၀၂၄ တစ်နှစ်တည်းမှာဆိုရင် စစ်ဘေးရှောင် ကိုးသိန်းကျော်ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် လူသန်း ၂၀နီးပါးဟာလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကာလဝမ်းရောဂါနဲ့ တခြားရောဂါတွေကြောင့် ကျန်းမာရေးကဏ္ဍကိုလည်း ဆိုးဝါးစေခဲ့ပြီး သဘာဝဘေးတွေကို မကိုင်တွယ် နိုင်တာကြောင့်လည်း နောက်နှစ်မှာ ဘေးဒုက္ခတွေကို ဆိုးဆိုးဝါးဝါး ခံရဖို့ရှိတယ်လို့ IRC ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ကမ္ဘာတစ်ဝန်းမှာ အခုနှစ်အတွင်း လူသန်းသုံးရာနီးပါး အရေးပေါ်အကူအညီတွေ လိုအပ်ခဲ့ပြီး လာမယ့် ၂၀၂၅ မှာဆိုရင် သုံးရာငါးသန်းကျော်အထိ ရှိလာမယ်လို့လည်း ခန့်မှန်းထားပါတယ်။

……………………………………..

မြန်မာ့စီးပွားရေး အနုတ်တစ်ဖြစ်လာမယ်

လက်ရှိဘဏ္ဍာနှစ်ကုန်ဆုံးမယ့် ၂၀၂၅ ခုနှစ် မတ်လအထိ မြန်မာ့စီးပွားရေးခန့်မှန်းချက်ဟာ အနုတ်တစ် ရာခိုင်နှုန်း ဖြစ်လာမယ်လို့ ကမ္ဘာ့ဘဏ်က ဒီဇင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

သဘာဝဘေးအန္တရာယ်တွေ၊ ပြည်တွင်းပဋိပက္ခတွေနဲ့ ကုန်ကြမ်းပြတ်လပ်မှုတွေကြောင့် မြန်မာ့စီးပွားရေးဟာ အားရစရာ မရှိဘူးလို့ ဆိုပါတယ်။ ကုန်ကြမ်းပြတ်တာ၊ လျှပ်စစ်မီး မလုံလောက်တာ၊ ပြည်တွင်းဝယ်လိုအားနည်းတာတွေကြောင့် ကုန်စည်ထုတ်လုပ်ရေး၊ ဝန်ဆောင်မှုနဲ့ စိုက်ပျိုးရေးကဏ္ဍတွေလည်း ဆက်လက်ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ မြို့နယ်ထက်ဝက်ကျော်မှာ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားနေပြီး ကုန်စည်ထုပ်လုပ်ရေးနဲ့ နယ်စပ် ကုန်သွယ်ရေးကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြို့နယ် ၁၉၀ကျော်မှာ ရေဘေးဒဏ်ခံရပြီး လူ နှစ်သန်းကျော်ကို ထိခိုက်စေခဲ့တဲ့ ယာဂိမုန်တိုင်းကြောင့်လည်း စားနပ်ရိက္ခာအကျပ်အတည်း မြင့်တက်လာတယ်လို့ ဖော်ပြပါတယ်။

……………………………………..

မြို့နယ် ၁၆၀ကျော်မှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်ကောင်စီ စီစဉ်

ပုံစာ – စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ ဒီဇင်ဘာလ ၇ရက်က တွေ့စဉ်ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မြို့နယ် ၃၃၀ ရှိတဲ့အထဲက မြို့နယ် ၁၆၁ခုမှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို ဖယ်ချန်ပြီး မြို့နယ် ၁၆၀ ကျော်မှာပဲ ရွေးကောက်ပွဲလုပ်မယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ ဒီဇင်ဘာလ ၇ ရက်က တွေ့ဆုံရာမှာ ပြောဆိုခဲ့တာပါ။ ဒါ့အပြင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေကို လေ့လာစောင့်ကြည့်ခွင့်ပြုမယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

စစ်ကောင်စီ ဆီမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၅၀ ကျော်ရှိပြီး စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို တရုတ်နဲ့ ရုရှားနိုင်ငံတွေက ထောက်ခံအားပေးနေကြပါတယ်။ စစ်ကောင်စီဟာ ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချဖို့ လုပ်နေတာလို့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။

……………………………………..