BREAKING
January 23, 2025

ကော့သောင်းတွင် ဒီဇင်ဘာလ၏ မိုးရေချိန် စံချိန်သစ်တင်

December 14, 2024

ပုံစာ - ဒီဇင်ဘာ ၁၂ ရက်က ကော့သောင်းမြို့တွင် မိုးရွာသွန်းနေစဥ်။ photo - Kawthaung vlog

ကော့သောင်းမြို့တွင် ယနေ့( ဒီဇင်ဘာလ ၁၄ ရက်) မိုးရေချိန် ၆ ဒသမ ၁၄ လက်မ ရွာသွန်းခဲ့ပြီး ဒီဇင်ဘာလ၏ မိုးရေချိန် စံချိန်သစ်တင်ခဲ့ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ယနေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်သည် ။

မိုးလေဝသစခန်းစဖွင့်သည့် ၇၈ နှစ်အတွင်း ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် ရွာသွန်းခဲ့သည့် မိုးရေချိန် ၅ ဒသမ ၅၁ လက်မကို ကျော်လွန်ကာ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည် ။

ကော့သောင်းမြို့တွင် ယခုသီတင်းပတ် ဒီဇင်ဘာလ ၁၂ ရက်ကတည်းက ယနေ့အထိ မိုးရွာသွန်းနေကြောင်း မြို့ခံများကပြောသည် ။

“မိုးတော်တော်ကြီးတယ်။ မိုးဦးကျမိုးလိုပဲ ရွာနေတယ်။ မိုးတိတ်ရင် ခဏလောက် ပဲ ရပ်ပြီး ဆက်တိုက်ရွာနေတယ်။ မနေ့ မနက်ပိုင်းကတော့ ခဏတိတ်တယ် အခုတော့ရွာနေတယ် ” ဟု ကော့သောင်းမြို့ခံတစ်ဦးက ယနေ့မွန်းလွဲပိုင်းတွင် ပြောသည်။

တနင်္သာရီတိုင်းတွင် ဒီဇင်ဘာလ ၁၃ ရက်မှ ၁၅ ရက်အတွင်း မိုးရွာနိုင်ကြောင်း စစ်ကောင်စီ မိုးဇလနှင့် မိုးလေဝသလေ့လာသူများက ခန့်မှန်းပြောဆိုထားကြသည်။

ယမန်နေ့ နှင့်ယနေ့တွင် ထားဝယ်မြို့ နှင့် ထားဝယ်ခရိုင်အတွင်း ရှိနေရာအချို့၌ မိုးရွာသွန်းမှုရှိခဲ့ပြီး မြိတ်ခရိုင်အတွင်းရှိ နေရာများတွင်မူ မိုးတိမ်တောင်ဖြစ်ပေါ်ခြင်းနှင့် နေရာကွက်ကျား မိုးရွာခြင်းများ ဖြစ်ခဲ့သည်ဟု ဒေသခံများထံဆက်သွယ်မေးမြန်းချက်အရသိရသည်။

နောက်နှစ်ရက်အထိ ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်း အပါအဝင် ပြည်နယ်နှင့်တိုင်းအချို့ တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာသွန်းနိုင်သေးကြောင်း၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း စစ်ကောင်စီ မိုးဇလကထုတ်ပြန်ထားသည် ။