BREAKING
January 22, 2025

စစ်ကောင်စီဖမ်းထားသည့် ရေလုပ်သားများ ပြန်လွတ်ရေး တာဝန်ယူလုပ်ပေးရန် ထိုင်းအစိုးရကိုတောင်းဆို

December 14, 2024

စစ်ကောင်စီက ဖမ်းဆီးထားသည့် ရေလုပ်သားသုံးဆယ်ကျော် ဘေးကင်းစွာပြန်လွတ်လာရန် ထိုင်းအစိုးရနှင့်အလုပ်ရှင်က အပြည့်အဝတာဝန်ယူပေးရန် တံငါသည်များ အခွင့်အရေးကွန်ရက်က တောင်းဆိုလိုက်သည်။

စစ်ကောင်စီရေတပ်က ဖမ်းဆီးသွားသည့် မြန်မာရေလုပ်သား ၂၇ ဦးနှင့် ထိုင်းရေလုပ်သား ၄ ဦး ဘေးကင်းစွာဖြင့် မိသားစုထံပြန်လာနိုင်ရေးအတွက် ဒီဇင်ဘာလ ၁၃ ရက်နေ့က တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ရနောင်းမြို့အခြေစိုက် တံငါသည်များ အခွင့်အရေးကွန်ရက်က ထိုင်းရောက်မြန်မာရွှေ့ပြောင်း ငါးဖမ်းလုပ်သားများကိုယ်စား ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ပင်လယ်ငါးဖမ်းလုပ်ငန်း အလုပ်သမားညှိနှိုင်းရေးစင်တာသို့ သွားရောက် တောင်းဆိုခဲ့သည်။

ထိုသို့ သွားရောက်တောင်းဆိုချိန်တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်အချို့နှင့် အခြားတာဝန်ရှိသူများ လာရောက်ခဲ့သည်။

ယင်းသို့တောင်းဆိုချိန်တွင် ထိုင်းတာဝန်ရှိသူဘက်က ပြန်လည်လွတ်မြောက်ရေး အာမခံချက်မပေးခဲ့သော်လည်း ရေလုပ်သားများ ဖမ်းဆီးခံထားရချိန်ကာလအတွင်း လစာခံစားခွင့်နှင့်ပတ်သက်၍ ဆက်လက်လုပ်ဆောင်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း တံငါသည်များ အခွင့်အရေးကွန်ရက်(FRN) ဥက္ကဋ္ဌ ဦးရဲသွေးက ဆိုသည်။

“ထိုင်းတာဝန်ရှိသူကတော့ တိတိကျကျကြီးတော့ (ပြန်လွတ်ရေး) အာမခံပေးသွားတာမျိုး လိုက်လျောမယ်ဆိုတဲ့ ကတိမျိုးတော့မပြောဘူး”ဟု ဦးရဲသွေးက ပြောသည်။

ထို့အပြင် မြန်မာအလုပ်သမားသံအရာရှိဟု ယူဆရသူတစ်ဦးလည်း ရောက်ရှိလာပြီး အထက်အဆင့်ဆင့်ကို ဆက်လက်တင်ပြပေးမည်ဟု ပြောဆိုခဲ့ကြောင်း သွားရောက်တောင်းဆိုရာတွင် ပါဝင်သည့် ရေလုပ်သားတစ်ဦးက ဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့က ထိုင်း-မြန်မာ နှစ်နိုင်ငံရေပိုင်နက်အစပ် တနင်္သာရီတိုင်း ဇာဒက်ကြီးကျွန်းဝန်းကျင်ရှိ သံကျွန်းအနီးတွင် ထိုင်းငါးဖမ်းလှေ(ဝါတန်း) လေးစီးကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုနောက် မြန်မာရေလုပ်သား ၂၇ ဦး၊ ထိုင်းရေလုပ်သား ၄ ဦးနှင့်အတူ ငါးဖမ်းလှေတစ်စီးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်။

အဖမ်းခံရသည့်ရေလုပ်သားအများစုမှာ ထားဝယ်ဒေသခံများဖြစ်ကြပြီး လက်ရှိတွင် ကော့သောင်းမြို့ ၂ မိုင်ရှိ စစ်ကောင်စီတပ်စခန်းတစ်နေရာတွင် ဖမ်းဆီးထားသည်ဟု ကြားသိရကြောင်း ဖမ်းဆီးခံ ရေလုပ်သားတစ်ဦး၏ ညီမဖြစ်သူက Dawei Watch ကိုပြောသည်။

အဖမ်းခံရပြီးနောက် ပင်လယ်အတွင်းရှိ ကျွန်းတစ်ကျွန်ပေါ်တွင် ၂ ရက်တာ ချုပ်နှောင်ထားပြီးမှ ကော့သောင်းမြို့ရှိ တပ်စခန်းကို ပို့ဆောင်ခဲ့သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

“သူတို့(ရေလုပ်သားတွေ)က ဘာအပြစ်မှမရှိဘူးဆိုတော့ ပြန်လွတ်လာဖို့ မျှော်လင့်နေပါတယ် ။ အခုက ဘာဆက်ဖြစ်မယ်မှန်းမသိတော့ စိုးရိမ်နေရတယ်”ဟု အထက်ပါ ရေလုပ်သား၏ ညီမဖြစ်သူက ပြောသည်။

လက်ရှိဖမ်းဆီးခံထားရသည့် ထိုင်းနှင့်မြန်မာ ငါးဖမ်းလုပ်သား ၃၁ ဦးကို ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ရမန်ကြီး(၁၅ ရက်) ယူကာ ကော့သောင်းမြို့ရှိ တရားရုံးတွင် ရုံးထုတ်မည်ဟု ကြားသိရကြောင်း တံငါသည်များ အခွင့်အရေး ကွန်ရက်(FRN) ဥက္ကဋ္ဌ ဦးရဲသွေးက ဆိုသည်။

မြန်မာစစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ထိုင်းငါးဖမ်းသမားလေးဦးကို ဒီဇင်ဘာ ၅ ညပိုင်းတွင် ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်လွတ်လာခြင်း မရှိသေးပေ။

ထိုင်းငါးဖမ်းသမား ၄ ဦး ပြန်လွှတ်ပေးရေးအတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သွားမည်ဟုလည်း သတင်းများထွက်နေသည်။