ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် အူဖန်းဒေသတွင် ယမန်နေ့ညက ပြုလုပ်သော ကြက်ခြေနီရန်ပုံငွေပွဲ၌ ဗုံးပေါက်မှုဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးမှုများနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
မနေ့ (ဒီဇင်ဘာ ၁၃) ည ၁၁ နာရီခွဲအချိန်ခန့်က စတိတ်စင်ရှေ့ရှိ ကနေသော လူအုပ်အနီးတွင် ဗုံးပေါက်ခဲ့ခြင်းဖြစ်သည်။
ဗုံးပေါက်မှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး ၃၉ ဦး ဒဏ်ရာရရှိထားကာ ၅ ဦးမှာ စိုးရိမ်ရသော အခြေအနေတွေ ရှိနေကြောင်း သတင်းများအရသိရသည်။
လက်လုပ်ဗုံးဟု ယူဆရသော ဗုံးကို လူအုပ်ကြားထဲ ပစ်လိုက်ခြင်းဖြစ်နိုင်ကြောင်း ကနဦး အတည်ပြုထားသည်။
လက်ရှိတွင် သံသယရှိသူနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း၊ လူငယ်အချင်းချင်း ရန်ပွဲဖြစ်ရာမှ ဗုံးဖောက်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားသည်။
Ref: Thai Enquirer, Khaosod English