BREAKING
December 22, 2024

ထားဝယ်မြို့ဝင်ကြေးဂိတ် ပေါက်တိုင်းတံတားအနီး ပြောင်းဖွင့်

December 14, 2024

ပုံစာ - ပေါက်တိုင်းတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ် (ပုံဟောင်း)

ထားဝယ် – မြိတ် ကားလမ်းပေါ်မှ ကနိုင်းဒါရွာရှိ မြို့ဝင်ကြေးကောက်သည့် တိုးဂိတ် ဖျက်ဆီးခံရပြီးနောက် မြို့ဝင်ကြေးကောက်ရန် ဂိတ်အသစ် တစ်ခုကို ဒီဇင်ဘာလ ၁၃ ရက်က နေရာပြောင်းကာ ပြန်ဖွင့်လိုက်သည်ဟု ဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ်သားများ ဘန်ကာအဆောက်အအုံများဆောက်၍ အခိုင်အမာတပ်စွဲထားသည့် ပေါက်တိုင်းတံတားနှင့် ထားဝယ်မြို့အဝင် ဆိုင်းဘုတ်အကြားတွင် ဂိတ်အသစ်ဖွင့်ထားခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။

“မဏ္ဍပ်ပုံစံ လိုမျိုး အမိုးအကာဆောက်ပြီး လမ်းအသုံးပြုခ မြို့ဝင်ကြေးကောက်ခံရေး ယာယီ ဂိတ်ဆိုပြီး စာပြားချိတ်ထားတဲ့ ဂိတ်တစ်ခု ပေါက်တိုင်းတံတားနားမှာ လာဖွင့်ထားတယ် ” ဟု ပေါက်တိုင်းတံတားကို ဖြတ်သန်းအသုံးပြုခဲ့သည့် မြို့ခံတစ်ဦး ကပြောသည်။

ဒီဇင်ဘာလ ၃ ရက်ညတွင် ထားဝယ်မြို့နယ် ၊ ကနိုင်းဒါရွာရှိ တိုးဂိတ် ဖျက်ဆီးခံခဲ့ရပြီး ယင်းသို့လုပ်ဆောင်ခဲ့သည့် အဖွဲ့အစည်းကိုမူ ယနေ့ (ဒီဇင်ဘာ ၁၄) အထိ သီးခြားအတည်မပြုနိုင်သေးပေ။

တိုးဂိတ်ဖျက်ဆီးခံရပြီးနောက် မြို့ဝင်ကြေးကောက်ခံခြင်းရပ်နားထားပြီး ဒီဇင်ဘာလ ၁၃ ရက်မှ စ၍ ဂိတ်အသစ်ဖွင့်ကာ ပြန်လည်ကောက်ခံခြင်းဖြစ်သည် ။

ယခု မြို့ဝင်ကြေးကောက်သည့် ဂိတ် ပြောင်းရွှေ့လိုက်သည့် နေရာအနီးရှိ ပေါက်တိုင်းတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်သည်လည်း တော်လှန်ရေးအင်အားစုများ မကြာခဏ လာရောက်တိုက်ခိုက်လေ့ရှိသည့် ဂိတ်တစ်ခုဖြစ်သည်ဟု ဒေသခံများထံမှသိရသည် ။