<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၀)
အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ)
အခန်း-၄၁-
(၁) ဗကပ မြိတ်ခရိုင်စခန်းဆီသို့
ချုံချီစခန်းရှိ ပူးတွဲပင်လယ်ပြင် ရန်ပုံငွေရှာဖွေရေးရုံးခန်းမှာ ၄၊ ၅ လ တာဝန်ထမ်းနေစဉ်အတွင်း ကျနော့်မျက်စိထဲ အခုချိန်အထိ မှတ်မိနေတဲ့ မြင်ကွင်းတခုကတော့ ဒုတိယ-ကမ္ဘာစစ်လက်ကျန် စစ်သုံးဒေါ့ဂျစ်ကားဟောင်းပေါ်မှာ ဆန်အိတ်တွေကိုတင်၊ အဲဒီကားကို ဆင်နဲ့ဆွဲပြီး သယ်နေတဲ့ ဗကပ-မြိတ်ခရိုင် ရဲဘော်တွေပဲ ဖြစ်ပါတယ်။
မိုးတွင်းကာလဆိုရင် မြေနီလမ်းမှာ ရေအိုင်ပြီး ဗွက်ထနေတဲ့အတွက် ရှေ့မှာပြောခဲ့တဲ့ မွန်-စီးပွားရေးဌာနအထိပဲ ထိုင်းဖက်ကကားတွေ လာလို့ရပါတယ်။ အဲဒီနေရာမှာ ဆန်အိတ်တွေကို ထိုင်းကားပေါ်ကနေချ၊ အင်ဂျင်ပျက်နေတဲ့ ဒေါ့ဂျစ်ကားအဟောင်းပေါ်တင်၊ ပြီးမှ သူတို့ တပ်ရင်းပိုင် ဆင်ကြီးတကောင်နဲ့ အဲဒီဒေါ့ဂျစ်ကားပျက်ကို ကြိုးနဲ့ဆွဲ။
ရဲဘော်တချို့က ကားပေါ်ထိုင်ပြီး အော်ဟစ်ဆူညံစွာနဲ့ လိုက်ပါသွားကြပါတယ်။ သူတို့ရဲ့ ထူးဆန်းတဲ့ ဆင်ဆွဲ-ဆန်ကားကြီးဟာ စီးပွားရေးဌာနကနေ ကျနော်တို့ရဲ့ ပင်လယ်ပြင်ရုံးရှေ့ကိုဖြတ်၊ အဲဒီကနေ ကုန်းဆင်းတခုကို ခဲရာခဲဆစ်ဆင်းပြီးတဲ့ အခါမှာတော့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်မှုအောက်ရှိ အိမ်ခြေ ၁၀၀ ဝန်းကျင် မွန်ဒုက္ခသည်ရွာလေး တရွာကို ရောက်ပါတယ်။
အဲဒီရွာက မွန်ဘုန်းကြီးကျောင်းမှာ သီတင်းတပတ်ခန့် ထိုင်းစာသင်ဖူးခဲ့ပေမယ့် ရွာအမည်ကို ကျနော်မမှတ်မိတော့ပါ။ ဒီရွာကအိမ်တွေဟာ ထီးထာကအိမ်တွေလို ကျွန်းသစ်တွေနဲ့ အခိုင်အမာ ဆောက်ထားတာမျိုး မဟုတ်ပေမယ့် သစ်တို ဝါးစတွေနဲ့ အတော်လေး သေသေသပ်သပ် ဆောက်ထားတာဖြစ်ပြီး သားနားတဲ့ ဘုန်းကြီးကျောင်းကြီးတခုနဲ့ စာသင်ကျောင်းတခုကိုလည်း တွေ့ရပါတယ်။
အဲဒီရွာကနေ တောတန်းလေးကိုကျော်ပြီး သစ်မှောင်ခိုကားလမ်းအတိုင်း မိနစ် ၂၀ ခန့် ဆက်လျှောက်သွားမယ်ဆိုရင် စမ်းချောင်းငယ်တခုကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီစမ်းချောင်းဘေးက တောင်ကုန်းလေးပေါ်မှာတော့ ဗိုလ်မှူးစိုးလွင် စခန်းထိုင်တဲ့ ဗကပ မြိတ်ခရိုင်တပ်ရင်း ဌာနချုပ်စခန်းကို တွေ့ရပါတယ်။
ဗကပ-စခန်းကတော့ ကရင်နဲ့ မွန်ခရိုင်စခန်းတွေလို အခိုင်အမာ ဆောက်ထားတာမျိုး မဟုတ်ပါ။ ယာယီတဲအိမ် ၂၀-ခန့်ကိုသာ တွေ့ရပြီး ဒီစခန်းဆီ သူတို့အဖွဲ့ရောက်လာတာကလည်း သိပ်ကြာပုံ မရသေးပါဘူး။ ဒီစခန်းကနေ ရှေ့တန်းစစ်ဆင်ရေးကိစ္စတွေကိုဆောင်ရွက်နေပြီး နောက်ထပ် မြိတ်ခရိုင် စခန်းခွဲတခုလည်း တောထဲမှာ သီးခြားရှိသေးတယ်လို့ ဗိုလ်မှူးစိုးလွင်နဲ့ ကိုဖေကြည်တို့က ပြောပါတယ်။
မြိတ်ခရိုင်ဆိုပေမယ့်လည်း ကိုဖေကြည်နဲ့ ကိုအေးထွန်း အပါဝင် ရဲဘော်အများစုဟာ ထားဝယ်သားတွေဖြစ်တဲ့အတွက် ကျနော်နဲ့ စကားပြောဖော်ရလို့ မကြာခဏ သူတို့စခန်းဆီ သွားလည်ဖြစ်ပါတယ်။
———-
(၂) လွတ်မြောက်နယ်မြေ ရှာဖွေခြင်း
ကျနော်တို့အဖွဲ့ ပင်လယ်ပြင် စစ်ကြောင်းရုံးမှာ တာဝန်ထမ်းဆောင်နေစဉ် ၁-လကျော်၊ ၂-လ ဝန်းကျင်ကြာတဲ့အခါမှာ ကိုနိုင်အောင်တို့ဗဟိုက အထွေထွေအတွင်းရေးမှူး ကိုမျိုးဝင်း ကျနော်တို့ရုံးဆီ ရောက်လာပါတယ်။ သူရဲ့အဓိက ဦးတည်ချက်ကတော့ ပင်လယ်ပြင်ရုံးရှိ ကျနော်တို့ကိုအခြေခံပြီး ဒီဒေသမှာလွတ်မြောက်နယ်မြေတခု ရှာဖွေဖို့၊ ပြီးရင် မင်းသမီးဖက်က တပ်တချို့ကိုခေါ်ယူပြီး အမြန်ဆုံးအခြေ စိုက်လှုပ်ရှားဖို့ဖြစ်ပါတယ်။
ဘာကြောင့် နယ်မြေသစ်ရှာဖို့ ဖြစ်လာသလဲဆိုတဲ့ နောက်ခံအချက်လက်တွေကို ကျနော်အသေချာ မမှတ်မိတော့ပေမယ့် အဲဒီကာလဟာ KNU မြိတ်-ထားဝယ်ခရိုင်နဲ့ တောင်ပိုင်း ဗလဖ-အကြား ဆက်ဆံရေးက သိပ်အဆင်မပြေလှပါ။ နောက်တခုကတော့ KNU က စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးလုပ်သွားရင် ငါတို့တပ်တွေ ဘယ်မှာနေမလဲ။ ကိုယ်ပိုင်နယ်မြေ ရှာထားမှဖြစ်မယ်ဆိုတဲ့ စဉ်းစားချက်မျိုးလဲ ရှိနေတယ်လို့ ထင်ပါတယ်။
တခါ လက်တွေ့အခြေနေအရလည်း အမရာစခန်း (မင်းသမီးစခန်း) မှာ နေရတဲ့ဘဝကို KNU ဆီ အိမ်ငှားပြီးနေ နေရတဲ့သဘော။ အရာအားလုံး KNU ခွင့်ပြုချက်ရမှ လုပ်ခွင့်ရတဲ့သဘော ဖြစ်နေတဲ့အတွက် ရဲဘော်အများစုက နောက်တန်းမှာ နေရတာမပျော်ပဲ ရှေ့တန်းက ရွာတွေမှာချည်း အမြဲတမ်း နေချင်နေတာကို ကျနော် သတိထားမိပါတယ်။
KNU အပေါ် ဘယ်လောက်အထိ မှီခိုနေရသလဲဆိုရင် ကျနော်တို့ခစန်းကနေ ထီးထာကို သွားမယ်ဆိုရင် KNDO ဂိတ်မှာ လက်မှတ်ယူရပါတယ်။ အလားတူ ထီးခီးသွားမယ်ဆိုရင်လဲ လက်မှတ် လိုပါတယ်။ နောက်တခါ ထီးခီးနေက ထိုင်းဖက်ထွက် မယ်ဆိုရင်လည်း KNU လက်မှတ်ကို ထီးခီးရုံးမှာ တခါ ထပ်တောင်းရပြန်ပါတယ်။
နောက်ထပ် တိုက်ဆိုင်မှုတခုကတော့ အဲဒီလို နယ်မြေသစ်ရှာဖို့ ကျနော်တို့ ကြိုးစားနေတဲ့ ကာလဟာ ကိုမိုးသီးဇွန်တို့ ဗဟိုကလည်း ထပ်စကဲမြို့အနီးရှိ ချုံချီနဲ့ ဟွေးဖတ်စခန်းဝန်းကျင်မှာ လွတ်မြောက်နယ်မြေတခုထူထောင်ပြီး သူတို့ရဲ့ဗဟိုဌာနချုပ်ကိုတောင် မာနယ်ပလောဖက်ကနေ တောင်ပိုင်းဒေသဆီ ပြောင်းကာ ပင်လယ်ပြင်လှုပ်ရှားမှုကို အရှိန်မြင့် ဆောင်ရွက်နေတဲ့ကာလလည်း ဖြစ်နေပါတယ်။
——————
(၃) ရွှေပြည်တော် သို့မဟုတ် စခန်းသစ်ကို ရှာဖွေတွေ့ရှိခြင်း
ဒီလိုနယ်မြေသစ် ရှာဖွေဖို့အတွက် ကျနော်တို့ရဲ့ အဓိကမဟာမိတ် ဖြစ်လာသူကတော့ ကျနော်တို့လိုပဲ နယ်စပ်မှာ နယ်မြေအတိအကျ မရှိသေးတဲ့ ဗကပ-မြိတ်ခရိုင်ဖြစ်ပါတယ်။ ဒီလိုရှာဖွေဖို့အတွက် ကျနော်တို့ ရွေးချယ်လိုက်တဲ့ နေရာကတော့ ချုံချိစခန်းကနေ အပေါ်ဖက်ကို မိုင် ၁၀၀-ကျော်ဝေးတဲ့ (ဘန်ကောက်နဲ့ ကီလို ၂၀၀ နီးပါးဝေးပြီး ဘတ်စ်ကား ၃ နာရီခန့်ပဲ စီးရ) နာမည်ကြီး ပင်လယ်အပန်းဖြေစခန်း ဟွာဟင်မြို့ရဲ့ အနောက်ဖက်တည့်တည့်နေရာဖြစ်ပါတယ်။
နာမည်ကြီးပင်လယ်ကမ်းခြေ ဟွာဟင်မြို့ကနေ နာမည်ကြီး ရေတံခွန် ဘန်းလာဥ ဆိုတဲ့ရွာကို တနာရီနီးပါး ကားမောင်းရပါတယ်။ ပြီးရင် မြေနီလမ်းအတိုင်း နောက်ထပ် တနာရီကျော် ထပ်မောင်းတဲ့အခါမှာတော့ ထိုင်းနယ်စပ်ရဲ့ နောက်ဆုံးရွာ ခေါင်ယိုင်ကို ရောက်ပါတယ်။ မြန်မာဖက်ကဆိုရင်တော့ မြိတ်ခရိုင် တနင်္သာရီသစ်တောကြိုးဝိုင်း နောက်ကျောပေါ်က နေရာဖြစ်ပါတယ်။
ထိုင်းထောက်လှမ်းရေးကားနဲ့ ရောက်လာတဲ့ ကျနော်တို့အုပ်စုဟာ ခေါင်ယိုင်ရွာက သူကြီးအိမ်မှာ တညအိပ်ပြီး၊ နောက်တရက်မနက်စောစောမှာတော့ တခါမှ မရောက်ဖူးသေးတဲ့ အဲဒီနယ်မြေသစ်၊ စခန်းသစ်ဒေသဆီ လမ်းပြတဦးနဲ့အတူ ABSDF ကိုယ်စားလှယ်တဦး၊ ဗကပ- ကိုယ်စားလှယ် တဦးနဲ့ ဗကပ ရဲဘော် ၂ ဦး သွားဖို့ ပြင်ပါတယ်။
မူလအစီစဉ်အရဆိုရင် ABSDF က ကိုသန်းနိုင်နဲ့ ဗကပ-က ကိုဖေကြည်တို့ သွားဖို့ တာဝန်ပေးထားတာပါ။ ဒါပေမယ့် သွားခါနီး မနက်စောစော အဝတ်စားနဲ့ အထုတ်အပိုးတွေပြင်တော့မှ ကျနော်တို့ကို လိုက်ပို့တဲ့ ထိုင်းထောက်လှမ်းရေးက ထလာပြီး “သန်းနိုင်ပုံက ပိန်ပိန်ချုံးချုံးနဲ့ မဖြစ်ဘူးထင်တယ်။ မင်းက တုတ်တုတ်ခိုင်ခိုင်နဲ့ ဘာကြောင့်မသွားတာလဲ။ မင်းသွားမှ ပိုအဆင်ပြေမယ်” ဆိုပြီး ကျနော်ကို လက်ညှိုးထိုး အဆိုပြုလာပါတယ်။
ဒီအဆိုကို ကိုဖေကြည်က ထောက်ခံပြီး ကိုသန်းနိုင်ကပါ မြှောက်ပေးလိုက်တဲ့အတွက် နောက်ဆုံးတော့ အဖော်လိုက်လာတဲ့ ကျနော်ဟာ အဓိကနေရာမှာ နောက်တခါ ပါသွားပြန်တယ်ဆိုပါတော့။
ကျနော်မှတ်မိသလောက်ဆိုရင် ကျနော်တို့မှာ ဘာသေနတ်မှ မပါဘူး။ ထိုင်းထောက်လှမ်းရေး ပေးလိုက်တဲ့ ကင်မရာတလုံးနဲ့ ရိက္ခာတွေ ထည့်ထားတဲ့ ကျောပိုးအိတ်တလုံးကိုလွယ်ပြီး ကိုဖေကြည် နောက်ကို ကျနော်လိုက်သွားပါတယ်။ ကိုဖေကြည်ကလည်း ဒီလမ်းကနေ ဗကပ မြိတ်ခရိုင်ရုံးကိုသွားလို့ရတယ်လို့ ကြားဖူးယုံသာရှိပြီး တခါမှမရောက်ဖူးသေးပါ။
ဒီတော့ ထိုင်း-ကရင်တဦး လမ်းပြတဲ့အတိုင်း ချောင်းရိုးလေးတလျောက် ကျနော်တို့ ၅ ဦး လျှောက်သွားကြပါတယ်။ တောက အတော်နက်ပြီး လမ်းကလည်းကြမ်းတဲ့အတွက် ခရီးကသိပ်မတွင်လှ။ တောင်ခပ်မြင့်မြင့် တလုံး၊ မနိမ့်မမြင့်အလုံးများစွာကိုကျော်၊ နောက်ထပ်တွေ့တဲ့ စမ်းချောင်းလေးအတိုင်း ဆက်လျှောက်ပြီး ညနေ ၄-နာရီခန့်မှာတော့ မြန်မာနယ်စပ်အနီးကို ရောက်လာပြီး စမ်းချောင်းဘေးမှာ ကရင်တဲအိမ်ကြီးတလုံးကို တွေ့လိုက်ရပါတယ်။
လမ်းပြ ကရင်ဖထီးက ဟာလဲဂေး၊ ဝါလဲဂေးနဲ့ ကရင်လို နှုတ်ဆက် ပြောဆိုအပြီးမှာတော့ အဲဒီအိမ်မှာ ညအိပ်ဖို့ ကျနော်တို့ စခန်းချလိုက်ပါတယ်။ ခရီးပန်းလွန်းလို့ ညစာ ဘယ်လိုစားမှန်းတောင် မမှတ်မိ။ တခါတည်း တန်းအိပ်ပျော်သွားတယ်လို့ ထင်ပါတယ်။
နောက်တနေ့ မနက်မှာတော့ အဲဒီအိမ်ကနေ မြန်မာနယ်စပ်ဖက် တောင်ထိပ်ဆီ ကျနော်တို့လမ်း ဆက်လျှောက်သွားပါတယ်။ လူသွားလမ်းကြမ်းလေးရှိနေပြီး တောင်ထိပ်နယ်စပ် တည့်တည့်မှာ နတ်စင်လေးတခု ဆောက်ထားတာကို ထူးထူးခြားခြား တွေ့ရပါတယ်။
နတ်စင်ဘေးက တောင်ထိပ်ကျော လမ်းတလျှောက်မှာတော့ ဆင်ချေးတွေကို တွေ့ရတဲ့အတွက် တောဆင်ရိုင်းတွေ ကျက်စားတဲ့နေရာလို့ လမ်းပြဖထီးက ပြောပါတယ်။ သစ်ပင်ကြီးတွေကြားမှာ ဝါးရုံပင်တွေကိုလည်း တွေ့ရပြီး ဆင်တိုးထားတဲ့၊ ဆင်တွေ ဆွဲစားထားတဲ့ နေရာတွေကိုလည်း တွေ့ရပါတယ်။
အဲဒီ နတ်စင်ကနေ မြန်မာဘက် ရေဝေတောင်တန်းအတိုင်း နာရီဝက်လောက် ဆက်ဆင်းလာတဲ့ အခါမှာတော့ တောအုပ်က ထိုင်းဘက်ကထက် ပိုထူ၊ သစ်ပင်တွေကလည်း ပိုကြီးပြီး နေရောင်တောင် ကောင်းကောင်း မရဖြစ်နေပါတယ်။
အဲဒီတောအုပ်ထဲမှာ မြန်မာဘက်ကိုရေစီးတဲ့ စမ်းချောင်းငယ်တခုကို တွေ့ရပြီး ဒီနေရာမှာ ကျနော်တို့ ABSDF စခန်းသစ် အထိုင်ချဖို့ ကျနော်နဲ့ကိုဖေကြည် သဘောတူ ရွေးချယ်လိုက်ပါတယ်။
………………………………………..
သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၂) >>>>>
ထက်အောင်ကျော်