BREAKING
October 19, 2024

နိုင်ငံရေးခိုလှုံခွင့်တောင်းသူအပါအဝင် မြန်မာတစ်ရာကျော်ကို ပြန်ပို့ရန် မလေးရှားဆုံးဖြတ်ချက် ကန့်ကွက်ခံရ

December 14, 2022

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးစခန်းတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ၁၁၄ ဦးကို နေရပ်ပြန်ပို့ရန် တရားရုံးက ဆုံးဖြတ်လိုက်သည့်အပေါ် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ကြောင်း ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြသည်။

မလေးရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံသားများကို နေရပ်ပြန်လည်ပို့ဆောင်ပေးမည့် အစီအစဉ်ကို ရပ်တန့်ရန်နှင့် အလေးအနက်ပြန်လည် စဉ်းစားပေးရန် Amnesty International Malaysia အဖွဲ့နှင့် Asylum Access အဖွဲ့များက ပူးတွဲထုတ်ပြန်တောင်းဆိုထားသည်။

အဆိုပါမြန်မာ ၁၁၄ဦးကို နေရပ်ပြန်ပို့မည့်အရေး ဆိုင်းငံ့ထားသည်ကို တရားရုံက ဒီဇင်ဘာလ ၁၃ ရက်တွင် ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများ၏ နေထိုင်ခွင့်ကို ရုတ်သိမ်းပေးရန် မလေးရှားအစိုးရက ယခုနှစ် မေလတွင် တရားရုံးသို့ လျှောက်ထားခဲ့မှုကို တရားရုံးက အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းတွင် မလေးရှားအစိုးရသည် မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို နေရပ်ပြန်ပို့ ခဲ့ပြီး ၁၁၄ ဦးကို ကိုဗစ် ရောဂါတွေ့ရှိခဲ့သဖြင့် နေရပ်ပြန်ပို့ရန် ဆိုင်းငံ့ထားခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။

လက်ရှိတွင် တရားရုံးက ဆုံးဖြတ်ချလိုက်ပြီဖြစ်သော်လည်း မြန်မာနိုင်ငံသားများကို ချက်ချင်းပြန်ပို့မပို့နှင့် ပြန်ပို့မည့် နေ့ရက် အသေးစိတ်တို့ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သတင်းတွင် ရေးသားထားသည်။

နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများတွင် ကလေးငယ်များနှင့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားသူများလည်း ပါဝင်နေ ကြောင်း Amnesty International Malaysia အဖွဲ့မှ ညွှန်ကြားရေးမှူး Katrina Maliamauv က ရိုက်တာသို့ ပြောကြားထားသည်။

မလေးရှားအစိုးရအနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို လေးစားလိုက်နာပေးရန်နှင့် အကြမ်းဖက်မှုများ ဖြစ်ပွားနေသော မြန်မာနိုင်ငံအတွင်းသို့ နေရပ်ပြန်ပို့မည့် ဆုံးဖြတ်ချက်ကို ရပ်တန့်ပေးရန်လည်း ပူးတွဲကြေညာချက် တွင် ဖော်ပြထားသည်။

ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများ၏အခြေအနေကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က စုံးစမ်းမေးမြန်းရန်အတွက်လည်း မလေးရှားအစိုးရက ခွင့်မပြုကြောင်း သတင်းတွင် ဖော်ပြသည်။

မလေးရှားအစိုးရသည် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများ၊ ဒုက္ခသည်များကို ပုံမှန်အခြေအနေအတိုင်း အသိအမှတ် ပြုထားခြင်းမရှိဘဲ ၎င်းတို့ကို အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအဖြစ်သာ သတ်မှတ်၍ ဆက်ဆံခဲ့ ကြောင်း ရိုက်တာသတင်းက ဆိုသည်။

ပြီးခဲ့သော အောက်တိုဘာလကလည်း နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားသော မြန်မာရေတပ်အရာရှိဟောင်း ခြောက်ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၅၀ ကို မလေးရှားနိုင်ငံမှ နေရပ်ပြန်လည်ပို့ဆောင်ခဲ့သေးသည်။

၎င်းတို့အနက် အရာရှိဟောင်းတစ်ဦးနှင့် ဇနီးဖြစ်သူတို့ ရန်ကုန်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သတင်းတွက် ဆက်လက်ဖော်ပြသည်။

မလေးရှားအစိုးရသည် အာဏာသိမ်းမှုနှင့်ပတ်သက်၍ စစ်ကောင်စီကို အာဆီယံအပါအဝင် နိုင်ငံတကာတွင် အပြင်းအထန်ဝေဖန်နေသော်လည်း ၎င်းကိုယ်တိုင်ပင် နိုင်ငံရေးခိုလှုံခွင့်တောင်းထားသူများအပါအဝင် မြန်မာများကို ပဋိပက္ခဖြစ်နေသည့် မြန်မာနိုင်ငံသို့ ပြန်ပို့နေသဖြင့်လည်း အပြင်းအထန်ဝေဖန်ခံနေရသည်။