BREAKING
December 29, 2024

ထားဝယ်က စစ်ဘေးရှောင်တစ်ဦး ထိုင်းသို့ထွက်လာချိန် လမ်းတွင်အမောဖောက်သေဆုံး

November 14, 2024

ထားဝယ်မြို့နယ်က စစ်ဘေးရှောင် အမျိုးသမီးကြီးတစ်ဦးသည် ထိုင်းနိုင်ငံသို့ ထွက်ခွာလာချိန် ထိုင်း-မြန်မာနယ်စပ်တွင် အမောဖောက်ပြီး သေဆုံးကြောင်း နီးစပ်သည့် ဒေသခံများက ပြောသည်။

အဆိုပါအမျိုးသမီးမှာ မောင်မယ်ရှောင်ကျေးရွာဇာတိဖြစ်ပြီး ယခုလ ၁၁ ရက်တွင် ထားဝယ်အရှေ့ တောဒေသမှ တောလမ်းခရီးဖြင့် ထိုင်းသို့ စတင်ထွက်ခွာခဲ့ကြောင်း မောင်မယ်ရှောင်ရွာမှ ဒေသခံများက ဆိုသည်။

ယင်းသို့ ထွက်ခွာလာချိန် နိုဝင်ဘာလ ၁၃ ရက် နေ့လယ်ပိုင်းတွင် ထိုင်းဘက်ခြမ်း တောလမ်းတစ်နေရာ၌ ရုတ်တရက်အမောဖောက်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“သူ့မှာ ရောဂါအခံရှိတယ်။ တောင်တက်ရင်း အမောဖောက်လို့ နားတဲ့ အချိန်မှာ ရုတ်တရက် နေမကောင်းဖြစ်ပြီးဆုံးသွားတာ” ဟု ၎င်းက ပြောသည်။

သေဆုံးသူသည် အသက် ၅၀ ဝန်းကျင်အရွယ်ရှိ ဒေါ်စန်းစန်းဝင်းဖြစ်ပြီး ၎င်းသည် စစ်ဘေးရှောင်နေရာမှ သားသမီးများရှိရာ ထိုင်းနိုင်ငံကို အောက်လမ်းမှ သွားရောက်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဒေါ်စန်းစန်းဝင်း၏ ရုပ်အလောင်း ယနေ့ နိုဝင်ဘာလ ၁၄ရက် နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံ ဗောဓိဒေသတွင် သင်္ဂြုဟ်လိုက်ပြီဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ထားဝယ်မြို့၏ မြောက်ဘက် ခုနစ်မိုင်ခန့်ဝေးသည့် မောင်မယ်ရှောင်ရွာက ဒေသခံများသည် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ကြားဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ယခုနှစ် ဧပြီလကစပြီး နီးစပ်ရာဒေသများသို့ အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ကြရသည်။

ဒေါ်စန်းစန်းဝင်းသည်လည်း မောင်မယ်ရှောင်ကျေးရွာ၏ အနောက်ဘက် ရှင်ဓာတ်ဝဲဘုရားလမ်းတွင် နေထိုင်သူဖြစ်ပြီး တိုက်ပွဲများကြောင့် ထားဝယ်မြို့နယ်ထဲရှိ ကျေးရွာတစ်ရွာတွင် လွန်ခဲ့သည့် ရှစ်လခန့်မှစ၍ စစ်ဘေးရှောင်နေထိုင်သူဖြစ်ကြောင်း ဒေသခံများက ပြောသည်။