BREAKING
November 21, 2024

မြန်မာတစ်ဦးကို သေသည်အထိ ဖမ်းဆီးနှိပ်စက်ခဲ့သော ထိုင်းစစ်သားများ အရေးယူမခံရ

November 14, 2024

ပုံစာ – ဇန်နဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးခံရစဉ် အသက်ရှင်နေသေးသော အောင်ကိုကိုကို စစ်သားတစ်ဦးက ဓါတ်ပုံရိုက်ထားစဉ်။ ဓာတ်ပုံ - Fortify Rights

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ခရိုင်တွင် မြန်မာနိုင်ငံသားတစ်ဦးကို အသက်သေဆုံးသည်အထိ ဖမ်းဆီးနှိပ်စက်ခဲ့သော ထိုင်းစစ်သားသုံးဦးကို ၁၀ လခန့် ကြာလာသော်လည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူခြင်း မရှိသေးပေ။

ကိုအောင်ကိုကို ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံးခဲ့မှုအတွက် မြန်မာစေတနာ့ဝန်ထမ်းတစ်ဦးကိုသာ ရုံးတင်စစ်ဆေးကာ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အမှုတွင် ပါဝင်ခဲ့သော ထိုင်းစစ်သားသုံးဦးကို ယနေ့ နိုဝင်ဘာ ၁၄ ရက်နေ့အထိ ဖမ်းဆီးစစ်ဆေးခြင်း မပြုလုပ်သေးကြောင်း Fortify Rights အဖွဲ့ကဆိုသည်။

ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သော ထိုင်းစစ်သားများကိုလည်း စုံစမ်းစစ်ဆေးပြီး ဥပဒေအရ အရေးယူပေးရန် Fortify Rights အဖွဲ့က ယနေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ထိုင်းနိုင်ငံအခြေစိုက် Fortify Rights မှာ အခွင့်အရေးများ ခိုင်မာအောင် လုပ်ဆောင်ရေးအဖွဲ့ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသားကို အသက်သေသည်အထိ ဖမ်းဆီးနှိပ်စက်ခံရမှုတွင် တရားမျှတစေရေးအတွက် လုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ထိုင်းစစ်သားသုံးဦး၏ နှိပ်စက်ညှင်းပန်းမှုများကြောင့် ဖမ်းဆီးခံရပြီး လေးနာရီခန့်အကြာတွင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများမှတစ်ဆင့် စုံစမ်းမှုရလဒ်များကို Fortify Rights အဖွဲ့က စုံစမ်းဖော်ထုတ်ကာ အစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုင်းစစ်သားများ ဖမ်းဆီးနှိပ်စက်

သေဆုံးသွားသည့် အသက် ၃၇ နှစ်အရွယ် ကိုအောင်ကိုကိုမှာ ယခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဘန်တိုင်းရွာတွင် ထိုင်းစစ်သားများ၏ ဖမ်းဆီးခြင်းခံရသူဖြစ်ကြောင်း Fortify Rights ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုအောင်ကိုကိုသည် မဲဆောက်မြို့ ဘန်တိုင်းရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ရ ချော်ရော်ဘော်ဟုခေါ်သော ရပ်ရွာအခြေပြု လုံခြုံရေးအဖွဲ့တွင် စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ထိုင်းစစ်သားများက ကိုအောင်ကိုကိုကိုတွေ့ရှိပြီး မြန်မာနိုင်ငံသားတစ်ဦး ထိုင်းလုံခြုံရေးအဖွဲ့ဝတ်စုံ ဝတ်ဆင်ထားသဖြင့် စစ်ဆေးမေးမြန်းမည်ဟုဆိုကာ စစ်တပ်ဘန်ကာအဟောင်းထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ကိုအောင်ကိုကိုသည် စေတနာ့ဝန်ထမ်းဖြစ်သဖြင့် ပြန်လွှတ်ပေးရန် အခြားမြန်မာစေတနာ့ဝန်ထမ်း သုံးဦးက လိုက်လာပြီး တောင်းဆိုခဲ့ကြသော်လည်း ထိုင်းစစ်သားများက ပြန်မလွှတ်ပေးဘဲ စစ်သားသုံးဦးက ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း မျက်မြင်သက်သေ စေတနာ့ဝန်ထမ်းများ၏ ပြောကြားချက်ကို အစီရင်ခံစာတွင် ရေးသားထားသည်။

ဖမ်းဆီးခံရစဉ် ထိုင်းစစ်သားများက သစ်သားတုတ်ကျိုးသည်အထိ ရိုက်နှက်ခဲ့သဖြင့် ခန္ဓာကိုယ်အနှံ့ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ကို မျက်မြင်သက်သေများက မြင်တွေ့ခဲ့ရဟုဆိုသည်။

ထိုင်းစစ်သားများက ကိုအောင်ကိုကိုအား ရိုက်နှက်နှိပ်စက်နေစဉ် စေတနာ့ဝန်ထမ်းတစ်ဦးကိုလည်း အတင်းဖိအားပေး၍ ဝင်ရိုက်ခိုင်းသဖြင့် နှစ်ချက် ဝင်ရိုက်ပေးခဲ့ရကြောင်း Fortify Rights အဖွဲ့ထံမှ သိရသည်။

နှိပ်စက်ခံရပြီးနောက် ဒဏ်ရာအပြင်းအထန်ရရှိထားသော အောင်ကိုကိုအား မြန်မာဘက်ခြမ်းသို့ သွားပစ်ထားရန် နောက်စေတနာ့ဝန်ထမ်းတစ်ဦးကို ထိုင်းစစ်သားများက စေခိုင်းခဲ့ရာ ထိုင်း-မြန်မာနယ်စပ် အနားသို့ သယ်ယူစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စုံစမ်းအရေးယူ

ကိုအောင်ကိုကို၏ အလောင်းကို မိသားစုဝင်များက သေဆုံးခဲ့သော ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ယူနိုင်ခဲ့ပြီး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ မဲဆောက်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

အလောင်းတွင် မျက်နှာအပါအဝင် ခန္ဓာကိုယ်အနှံ ရိုက်နှက်ခံထားရသည့် ဖူးယောင်ဒဏ်ရာများနှင့် ပြတ်ရှဒဏ်ရာများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရင်ခွဲမှု ရလဒ်ကို အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမှုနှင့် ပတ်သက်၍ ရိုက်နှက်မှုတွင် ပါဝင်ခဲ့သော အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသား စေတနာ့ဝန်ထမ်းတစ်ဦးကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖမ်းဆီးခဲ့ပြီး အဓိက ပြစ်မှုကျူးလွန်သူအဖြစ် စွဲချက်တင်ခဲ့သည်။

ယင်းနောက် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ယင်းမြန်မာနိုင်ငံသားကို ကိုအောင်ကိုကိုအား နှိပ်စက်သတ်ဖြတ်မှုအတွက် မဲဆောက်တရားရုံးက ထောင်ဒဏ် ၃ နှစ် ၄ လချမှတ်ခဲ့ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

ထိုင်းစစ်သားများ ကင်းလွတ်နေ

ကိုအောင်ကိုကို အသတ်ခံရမှုအတွက် မြန်မာစေတနာ့ဝန်ထမ်းကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းသည် ထိုင်းစစ်သားများ ကျူးလွန်ခဲ့သော ရာဇဝတ်မှုအတွက် ခုတုံးလုပ်ခံရပြီး စီရင်ချက်ချခံရခြင်းသာ ဖြစ်ကြောင်း Fortify Rights ၏ အမှုဆောင်အရာရှိချုပ် Matthew Smith က ကောက်ချက်ချသည်။

အသက်သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်ခဲ့သော ထိုင်းစစ်သားများကိုမူ ယနေ့ နိုဝင်ဘာ ၁၄ ရက်နေ့အထိ ဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း မရှိသကဲ့သို့ တရားစွဲဆိုထားခြင်းလည်း မရှိကြောင်း Fortify Rights အဖွဲ့၏ အမှုဆောင်အရာရှိချုပ် Matthew Smith က Dawei Watch ကို ပြောသည်။

“တရားရုံးမှာ အမှုစစ်ဆေးနေတုန်းကလည်း ထိုင်းစစ်တပ်ဘက်က ပါဝင်ပတ်သက်မှုရှိတယ်လို့ ထွက်ဆိုထားတာလည်း ရှိတယ်။ ဒါပေမဲ့လည်း ရဲတွေက စစ်သားတစ်ယောက်ကိုမှ တာဝန်ယူမှု တာဝန်ခံမှုရှိအောင် မလုပ်ဆောင်နိုင်သေးပါဘူး။ ကျွန်တော်တို့က ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ကို စာပေးပို့ထားပေမယ့် အခုထိ အကြောင်းမပြန်သေးဘူး” ဟု အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောဆိုသည်။

မြန်မာနိုင်ငံသားများအပေါ် ထိုင်းအရာရှိများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ ယခင်ကလည်း ပြစ်ဒဏ်ကျခံရခြင်းမရှိဘဲ ကင်းလွတ်ခဲ့သည့် သာဓကများလည်း ရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ကိုအောင်ကိုကို သေဆုံးမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး ထိုင်းတော်ဝင်စစ်တပ်၊ ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဌာနနှင့် လူ့အခွင့်အရေးကော်မရှင်များကို ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျကျ စုံစမ်းစစ်ဆေးပေးရန် Fortify Rights အဖွဲ့က တိုက်တွန်းထားသည်။

အောင်ကိုကိုမသေဆုံးမီ ထိုင်းစစ်သားများက ခြိမ်းခြောက်ပြောဆိုခဲ့ပြီး ရိုက်နှက်နှိပ်စက်ခဲ့သည့် သက်သေများရှိနေသဖြင့် ပြစ်မှုကျူးလွန်သူများအားလုံး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သင့်ကာ စစ်ဆေးတွေ့ရှိချက်များကိုလည်း အများပြည်သူများကို ချပြသင့်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းဖော်ပြထားသည်။