BREAKING
January 22, 2025

အမေရိကန်ရွေးကောက်ပွဲအတွင်း တရုတ် ဆိုက်ဘာတိုက်ခိုက်

November 14, 2024

သမ္မတရွေးကောက်ပွဲကာလတွင်း အမေရိကန်တယ်လီကွန်းဆက်သွယ်ရေးစနစ်များ ဖောက်ထွင်းခံရမှုတစ်ခုသည် မျှော်လင့်ထားသည်ထက် ပိုကြီးမားကျယ်ပြန့်ပြီး တရုတ်အစိုးရနှင့် ဆက်စပ်နေသည်ဟု စုံစမ်းစစ်ဆေးရေးအေဂျင်စီများက ဗုဒ္ဓဟူးနေ့က သတိပေးထုတ်ပြန်ခဲ့သည်။

ယင်းဖောက်ထွင်းမှုသည် အမေရိကန်ပြည်ထောင်စုကို လျှို့ဝှက်ထောက်လှမ်းရန် အကြီးအကျယ်ကြိုးစားနေသည့် တရုတ်အစိုးရ၏ လုပ်ရပ်များအနက် တစ်ခုဖြစ်ကြောင်း သိရသည်။

တရုတ်အစိုးရနှင့် ဆက်စပ်သော ဟက်ကာများ၏ ယင်းဆိုက်ဘာတိုက်ခိုက်မှုကို အမေရိကန်စုံစမ်းစစ်ဆေးရေးအေဂျင်စီများမှ ယခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် ပထမဆုံးစတင် သတိပြုတွေ့ရှိခဲ့သည်။

ဆက်လက်စုံစမ်းစစ်ဆေးကြည့်ရာ ယင်းဖောက်ထွင်းမှုမှာ “ကြီးမားကျယ်ပြန့်သည့် သူလျှိုစစ်ဆင်ရေးတစ်ခု” ဖြစ်နေကြောင်း FBI နှင့် CISB ၏ ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်တယ်လီကွန်းကုမ္ပဏီများ၏ ကွန်ရက်စနစ်များကို ဖောက်ထွင်းခဲ့ပြီးနောက် ယင်းဟက်ကာများသည် များစွာ အရေးကြီးသည့် သတင်းအချက်အလက်အစုအဝေးကို လက်လှမ်းမီသွားခဲ့သည်ကို စုံစမ်းစစ်ဆေးမှုအရ အတည်ပြုပြီးဖြစ်ကြောင်း အထက်ပါ အေဂျင်စီနှစ်ခုက ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံသားများ၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ ၊ အစိုးရအရာရှိများနှင့် နိုင်ငံရေးသမားများ၏ ပုဂ္ဂိုလ်ရေးဖုန်းခေါ်ဆိုမှုများကိုပါ စိမ့်ဝင်ထိုးဖောက်နိုင်ခဲ့ကြသည်ဟု ဆိုသည်။

တရားရုံး၏ ခွင့်ပြုချက်ဖြင့် အမေရိကန်တရာဥပဒေစိုးမိုးရေးအေဂျင်စီများက ဆက်သွယ်ရေးကုမ္ပဏီများထံမှ တောင်းခံထားသည့် သတင်းအချက်အလက်များကိုပါ ခိုးယူနိုင်ခဲ့ကြသည်ဟု ယင်းအေဂျင်စီနှစ်ခုက ပြောသည်။

“စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ရင်း ဒီဖောက်ထွင်းမှုတွေအကြောင်း ပိုနားလည်လာဖို့ ကျွန်တော်တို့ တွက်ဆထားတယ်”ဟု FBI နှင့် CISB က ဆိုသည်။

“မိမိတို့ရဲ့ အချက်အလက်တွေ ခိုးယူခံလိုက်ရပြီလို့ ယုံကြည်နေတဲ့ ဘယ်အဖွဲ့အစည်းမဆို မိမိနယ်မြေက FBI ရုံး သို့မဟုတ် CISA နဲ့ ဆက်သွယ်စကားပြောကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ၎င်းတို့က ဖြည့်စွက်ပြောဆိုခဲ့သည်။

အမေရိကန်တယ်လီကွန်းဆက်သွယ်ရေးစနစ်များ ဖောက်ထွင်းတိုက်ခိုက်ခံရမှုတစ်ခုကို စုံစမ်းစစ်ဆေးနေပြီ ဖြစ်ကြောင်း ယင်းအေဂျင်စီနှစ်ခုက အောက်တိုဘာလကုန်ပိုင်းတွင် ပထမဆုံး အသိပေးထုတ်ပြန်ခဲ့သည်။

သမ္မတလောင်းဒေါ်နယ်ထရမ့်နှင့် ဒုတိယသမ္မတလောင်း ဂျေဒီဗန်းစ်၏ မဲဆွယ်ကမ်ပိန်းအပေါ် ပစ်မှတ်ထားသည့် ဆိုက်ဘာတိုက်ခိုက်မှုကို တရုတ်ဘက်က ကျူးလွန်ခဲ့ပုံရကြောင်း The New York Times မှ ပထမဆုံး ဖော်ပြခဲ့ပြီးနောက်တွင် FBI နှင့် CISB ၏ ယင်းထုတ်ပြန်ချက်ထွက်ရှိလာခြင်း ဖြစ်သည်။ တရုတ်ဟက်ကာများက ထရမ့်နှင့် ဂျေဒီဗန်းစ်တို့၏ ဖုန်းပြောဆိုမှုများပါ ဖောက်ထွင်းခံခဲ့ရသည်ဟု The New York Times သတင်းဌာနမှ ဖော်ပြခဲ့သည်။

ယင်းသို့ ဖောက်ထွင်းခံခဲ့ရသည်ဆိုခြင်းမှာ မှန်ကန်ကြောင်း ထရမ့်၏ ရွေးကောက်ပွဲမဲဆွယ်ကမ်ပိန်းအဖွဲ့ကလည်း အတည်ပြုပြောကြားခဲ့သည်။

ဒုတိယသမ္မတ ကမ်မလာဟဲရစ်၏ မဲဆွယ်ကမ်ပိန်းနှင့် ဆက်စပ်သူများမှာလည်း ပစ်မှတ်ထားခံခဲ့ရကြောင်း သိရသည်။

တရုတ်ဟက်ကာများ၏ ဆိုက်ဘာတိုက်ခိုက်မှုနှင့် ပတ်သက်သည့် စွပ်စွဲချက်များကို ဝါရှင်တန်ဒီစီမြို့တော်ရှိ တရုတ်သံရုံးမှ ငြင်းပယ်ခဲ့ပြီး “ဆိုက်ဘာတိုက်ခိုက်မှုများ၏ မူလဇစ်မြစ်နှင့် အကြီးဆုံးတရားခံမှာ အမေရိကန် ဖြစ်သည်”ဟု ဆိုသည်။

ယခုနောက်ဆုံး ထွက်ရှိလာသည့် FBI နှင့် CISA ၏ စွပ်စွဲချက်များကို တရုတ်သံရုံးဘက်မှ တုံပြန်ပြောဆိုခြင်း မရှိသေးပေ။

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ရန်အတွက် နိုင်ငံခြားရန်သူများက ဆိုက်ဘာတိုက်ခိုက်မှုနှင့် စိတ်ဓာတ်စစ်ဆင်ရေးများကို ပေါင်းစပ်အသုံးပြုနေကြောင်း အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများက သတိပေးနေခဲ့သည်မှာ လနှင့်ချီ ရှိနေခဲ့ပြီ ဖြစ်သည်။

ရုရှား၊ တရုတ်၊ အီရန်နှင့် ဆက်စပ်သည့် ဆိုက်ဘာတိုက်ခိုက်မှုများမှာ အနည်းငယ်မြင့်တက်လာနေကြောင်း ဂ္ဂလိကဆိုက်ဘာလုံခြုံရေးကုမ္ပဏီများက ထုတ်ပြန်သည့် အစီရင်ခံစာများတွင် ဖော်ပြနေသည်။

အမေရိကန်ရွေးကောက်ပွဲတွင် ကြားဝင်စွက်ဖက်ရန် ကြိုးပမ်းခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို ယင်းနိုင်ငံသုံးနိုင်ငံစလုံးက ငြင်းဆန်ထားသည်။

အမေရိကန်ကွန်ပျူတာစနစ်များနှင့် ကွန်ယက်များကို တရုတ်အစိုးရနှင့် ဆက်စပ်နေသည့် ဟက်ကာများက ဖောက်ထွင်းနေကြောင်း ၊ ဖောက်ထွင်းခံရကြောင်း မသိဘဲ နှစ်ချီကြာနေသည့် ဖြစ်ရပ်များလည်း ရှိနေကြောင်း CISA နှင့် FBI ဦးဆောင်သည့် အမေရိကန်အေဂျင်စီများက အချိန်ကြာမြင့်စွာကတည်းကတည်းက သတိပေးလာနေခဲ့သည်။

တရုတ်အစိုးရနှင့် ဆက်စပ်ပြီး Volt Typhoon ဟု အမည်ရသည့် ဟက်ကာအဖွဲ့သည် “အမေရိကန်နိုင်ငံသားများ၏ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုပါ အန္တရာယ်ပေးနိုင်သည့် ဆိုက်ဘာတိုက်ခိုက်မှုများကို လုပ်ဆောင်ရန် ကြိုးစားနေကြောင်း” ယခုနှစ် ဖေဖော်ဝါရီလက ထွက်ရှိခဲ့သည့် ဆိုက်ဘာလုံခြုံရေးအကြံပေးအစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

Source – VOA