BREAKING
December 29, 2024

ထားဝယ် ရှင်သာလျောင်းဘုရားကြီးတွင် တန်ဆောင်တိုင် စတုဒီသာပွဲ ပထမအကြိမ်ကျင်းပမည်

November 14, 2024

ပုံစာ - ယခုနှစ် သီတင်းကျွတ်လပြည့်က ပြုလုပ်ခဲ့သည့် ရှင်သာလျောင်းဘုရားကြီး နိဗ္ဗာန်စျေးမြင်ကွင်း။ ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့နယ်၊ ကနိုင်းဒါရွာတွင် တည်ရှိသည့် လောကသရဖူလျောင်းတော်မူ ရှင်သာလျောင်းဘုရားကြီးတွင် မနက်ဖြန် တန်ဆောင်မုန်းလပြည့် နိုဝင်ဘာလ ၁၅ ရက်တွင် စတုဒီသာကျွေးမွေးမည်ဖြစ်ကြောင်း အလှူရှင်များထံမှ သိရသည်။

တန်ဆောင်တိုင် စတုဒီသာကျွေးမွေးခြင်းကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်မည်ဖြစ်ပြီး စတုဒီသာလှူဒါန်းခြင်းကို ရှင်သာလျောင်ဘုရားကြီး ပတ်ဝန်းကျင်ရှိ ကူးတို့ ၊ ကနိုင်းဒါ၊ ကဒင်ဝ နှင့် အလယ်ကုန်း ရွာလေးရွာက အလှူရှင်များ စုပေါင်းလှူဒါန်းမည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည် ။

ထားဝယ်မုန့်လက်သုပ်၊ မာလာရှမ်းကော၊ အသုပ်၊ အအေး စသဖြင့် မုန့်အမျိုးအစား တစ်ဆယ်ကျော်ကို ဘုရားဖူးလာ ပရိသတ်များအား ဘုရားရင်ပြင်တွင် ကျွေးမွေးဧည့်ခံနိုင်ရန် စီစဥ်ထားကြောင်း အလှူရှင်တစ်ဦးက ပြောသည်။

“အခုလောလောဆယ်ကတော့ မုန့်အမျိုးအစား ဆယ်မျိုး စာရင်းရထားပြီးပြီ။ နောက်ထပ်လာလှူမယ့် သူတွေလည်း ရှိသေးတယ်။ ဘုရားဖူးလာရင်း စတုဒီသာ လာစားဖို့ (ဖိတ်) ခေါ်ပါတယ်” ဟု ၎င်းက ပြောဆို သည်။

စတုဒီသာလှူဒါန်းမည့်အချိန်သည် နိုဝင်ဘာလ ၁၅ ရက် ညနေ ၄ နာရီမှ ညနေ၆ နာရီအထိဖြစ်ကြောင်း အလှူရှင်များထံမှ သိရသည်။

သီတင်းကျွတ်လပြည့်နေ့ကလည်း ထားဝယ်ရှင်သာလျောင်းဘုရားကြီးတွင် နိဗ္ဗာန်စျေးပွဲနှင့် ဆီမီးထွန်းပွဲ ဒုတိယအကြိမ် ကျင်းပခဲ့သေးသည်။

သီတင်းကျွတ်လပြည့်က ကျင်းပခဲ့သည့် နိဗ္ဗာန်စျေးအလှူပုံစံအတိုင်း ဘုရားဖူးများစည်ကားစေရန် ရည်ရွယ်ချက်ဖြင့် အလှူရှင်များ၏ တောင်းဆိုချက်အရ ပိဋကတ်တိုက်ကျောင်းဆရာတော်၏ သြဝါဒကို ခံယူ၍ ပထမအကြိမ် တန်ဆောင်တိုင် စတုဒီသာ အလှူကို ပြုလုပ်ခြင်းဖြစ်ကြောင်း စီစဥ်သူတစ်ဦးကပြောသည်။