BREAKING
November 21, 2024

ထားဝယ်မြို့တွင် အမျိုးသားလေးဦးဖမ်းဆီးခံရ

November 14, 2024

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် နိုဝင်ဘာလ ဒုတိယအပတ်အတွင်း အမျိုးသားလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး နေအိမ်ငါးလုံးထက်မနည်းကိုလည်း ဝင်ရောက်စစ်ဆေးကြောင်း ရပ်ကွက်တွင်နေထိုင်သူများက ပြောသည်။

ကြက်စားပြင်ရပ်ကွက်က အသက် ၃၀ အရွယ် ကိုသူရအောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သမက်နှင့် သံပန်းလုပ်ငန်း လုပ် ကိုင်သည့် အမျိုးသားတစ်ဦးနှင့် အခြားအမျိုးသားတစ်ဦးတို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူများက ဆိုသည်။

နိုဝင်ဘာလ ၉ရက် ညတွင် ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားဘက်ရှိ နေအိမ်တွင် ကိုသူရအောင်နှင့် မင်းရပ်ကူးတို့အနီး သံပန်းလုပ်ငန်းလုပ်နေသည့် အမျိုးသားတစ်ဦးတို့ စတင်ဖမ်းဆီးခံရကြောင်း ရပ်ကွက်နေသူများက ပြောဆိုသည်။

ယင်းညတွင်ပင် သံပန်းလုပ်သည့် အမျိုးသား၏ အိမ်နှင့် ၎င်းမိဘ၏ အိမ်တို့ကို စစ်ကောင်စီတပ်သားများ ဝင်ရောက် စစ်ဆေးကာ ဓာတ်ပုံရိုက်သွားခဲ့ပြီး သံပန်းလုပ်ရာတွင်သုံးသည် လေအိုးနှင့် ပစ္စည်းကိရိယာများကို သိမ်းသွားကြောင်း နီးစပ်သူတို့ထံမှ သိရသည် ။

ကြက်စားပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သမက်ကိုမူ နိုဝင်ဘာလ ၁၀ရက် နေ့လယ်ပိုင်းတွင် အုပ်ချုပ်ရေးမှူး၏ နေအိမ်၌ ဖမ်းဆီးသွားပြီး မော်တော်ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးပါသိမ်းဆည်းသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

နိုဝင်ဘာလ ၁၂ရက်တွင်လည်း မင်းရပ်ကူးတို့လမ်းဆုံအနီးရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေခဲ့ပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးကာ ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံးကို သိမ်းသွားကြောင်း မင်းရပ်ကူးတို့အနီး နေသူတစ်ဦး က ပြောဆိုသည် ။

“မင်းရပ်ကူးတို့က ဦး—- တို့အိမ်မှာ ဝင်ရှာပြီး သူ့သားကို ဖမ်းသွားတာ။ ဆိုင်ကယ်ရော၊ ဖုန်းရောသိမ်းသွားတယ်။ ဦး—- က သတိပါမေ့သွားတယ်” ဟု ၎င်းက ပြောသည်။

ကြက်စားပြင်ရပ်ကွက် စောမိညိုစာသင်ကျောင်းအနီးရှိ နေအိမ်တစ်လုံးကိုလည်း စစ်ကောင်စီတပ်သားများ နိုဝင်ဘာလ ၁၂ရက်တွင် ဝင်ရောက် ရှာဖွေခဲ့ပြီး ယင်းနေအိမ်ရှိ အိမ်ထောင်ပရိဘောဂအချို့ကို သယ်ဆောင်သွားကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။

“ကားအမဲက နှစ်စီး၊ ကားအဖြူက တစ်စီးနဲ့ အိမ်ကိုလာဝိုင်းကြတယ်။ အိမ်ရှင်တွေ မရှိတော့ စစ်သားတွေက ပစ္စည်းတွေ တင်ဆောင်နေတာ ထွက်မကြည့်ရဲပေမယ့် အိမ်နီးနားချင်းတွေက အကုန်ကြားနေရတယ်” ဟု ယင်းရပ်ကွက်တွင် နေထိုင် သည့် အမျိုးသမီးတစ်ဦးက ပြောသည် ။

အထက်ပါ ဖမ်းဆီးခံရသူတို့မှာ ယနေ့ နိုဝင်ဘာလ ၁၄ ရက် နံနက်ပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ရပ်ကွက်တွင်နေထိုင်သူတို့ထံမှ သိရသည်။

ကြက်စားပြင်ရပ်ကွက်တွင် ယင်းရက်သတ္တပတ်အတွင်း ဧည့်စာရင်းကိစ္စဖြင့် အဖမ်းခံရ၍ ပြန်လွတ်လာသူများလည်း ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

မြို့ပေါ်ရပ်ကွက်များတွင် ဖမ်းဆီးခံရသည့် ဖြစ်စဉ်အချို့ရှိနေသည်ဟု မြို့ခံအချို့က ပြောဆိုကြပြီး Dawei Watch က အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။