BREAKING
December 22, 2024

တနင်္သာရီ၊ လယ်တောင်ယာရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်

November 14, 2024

သန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးပေးရန် ရောက်လာသည့် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာတွင် နိုဝင်ဘာလ ၁၂ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံကသိရသည် ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လယ်တောင်ယာရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်နေခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များက လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လယ်တောင်ယာရွာသည် တနင်္သာရီနှင့် ဘုတ်ပြင်းအကြားရှိ ပြည်ထောင်စုကားလမ်းမပေါ်၌ တည်ရှိသည့် ကျေးရွာဖြစ်သည်။

ယင်းတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း၌ အရပ်သားတစ်ဦး ဦးခေါင်းတွင်ကျည်ထိမှန် ဒဏ်ရာရသည်ဟု ဒေသခံများကပြောသည် ။

“တိုက်ပွဲဖြစ်တာက ရုတ်တရက်ဆိုတော့ အိမ်မှာရှိနေတုန်း ဦးတင်ယု ခေါင်းမှာ ကျည်ရှပ်ထိသွားတယ်။ တနင်္သာရီဆေးရုံကို ပို့ပြီး သက်သာလို့ (အခု)အိမ်ပြန်ရောက်နေပြီ” ဟု ကျည်ထိမှန်သည့် ရွာသားနှင့်နီးစပ်သူတစ်ဦးက ယနေ့ (နိုဝင်ဘာ ၁၄) နံနက်တွင် ပြောသည် ။

နိုဝင်ဘာလ ၁၂ ရက်ကစ၍ လယ်တောင်ယာရွာသို့ စစ်ကောင်စီတပ်သား အင်အားတစ်ရာဝန်းကျင်ခန့် ရောက်လာပြီး ရပ်မိရပ်ဖများနှင့်ကျောင်းဆရာမများကို ခေါ်ယူ၍ သန်းခေါင်စာရင်းကောက်ရန် စီစဥ်နေခြင်းဖြစ်သည်။

“သန်းခေါင်စာရင်းက ကောက်နေတယ်။ တစ်ရွာလုံး တခါတည်းကောက်တာတော့ မဟုတ်ဘူး။ ၁၅ အိမ်တစ်ဖြတ် အပိုင်းလိုက်လိုက်ကောက်နေတယ်။ အခုထိ လယ်တောင်ယာမှာ စစ်သားတွေရှိနေတုန်းပဲ။ ရွာက အချို့လည်းကြောက်လို့ ရှောင်ကြတယ်။ အများစုက ရွာမှာရှိသေးတယ်” ဟု လယ်တောင်ယာရွာသားတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်အထိ လယ်တောင်ယာရွာတွင် စစ်ကောင်စီတပ်သားများ ဆက်ရှိနေပြီး သန်းခေါင်စာရင်း ဆက်ကောက်နေသေးသော်လည်း လယ်တောင်ယာရွာတွင် ထိတွေ့ပစ်ခတ်မှုများ မရှိတော့ကြောင်း ရွာသားများကဆိုသည်။

လယ်တောင်ယာရွာ အနီးရှိ တမုတ်ချုံးနှင့် အောက်ကင်းရွာဘက်တို့တွင်လည်း နိုဝင်ဘာလ ၁၃ ရက်အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုများ ရှိခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံက သိရသည်။