BREAKING
December 23, 2024

ကံပေါက်တန်ဆောင်တိုင် ဘုရားပွဲလှည့်ရန် ရပ်ကွက်အချို့တွင် ဘုရားပင့်

November 14, 2024

ပုံစာ - ၇၁ နှစ်မြောက် ၊ ကံပေါက်တန်ဆောင်တိုင်ဘုရားပွဲတွင် ဘုရားတစ်ဆူအား ပင့်ဆောင်နေစဥ်။ Photo - Beauty Land

ရေဖြူမြို့နယ် ၊ ကံပေါက်တွင် မနက်ဖြန် (နိုဝင်ဘာ ၁၅၊ တန်ဆောင်မုန်းလပြည့်နေ့) ကျင်းပပြုလုပ်မည့် တန်ဆောင်တိုင်ဘုရားပွဲ၌ လှည့်လည်ရန်အတွက် ရပ်ကွက် ၇ ခုတွင် ဘုရားများ ပင့်ဆောင်အပူဇော်ခံထားသည်ဟု ရပ်ကွက်ဂေါပကများထံမှသိရသည် ။

ကံပေါက်တန်ဆောင်တိုင် ဘုရားပွဲကို ကိုဗစ်ကာလနှင့် အာဏာသိမ်းမှုကာလအတွင်း ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တွင် ၂ နှစ်ရပ်နားခဲ့ပြီး ၂၀၂၂ ခုနှစ်မှစ၍ ရပ်ကွက်များက မပင့်ဆောင်ဘဲ ကံပေါက်၊ကျောင်းသစ်ဘုန်းကြီးကျောင်း အစီအစဥ်ဖြင့် ဘုရားများအားလုံးစုပေါင်း၍ မော်တော်ယာဥ်ဖြင့် လှည့်လည်ကျင်းပခဲ့သည် ။

ယခုနှစ်တွင်မူ ရပ်ကွက်ဂေါပကများအား အစည်းအဝေးခေါ်ယူ ညှိနှိုင်းပြီးနောက် ဘုရားပြန်လည်ပင့်ဆောင်ရန် တတ်နိုင်သည့် ရပ်ကွက် ၇ ခုက ဘုရားများကို ရပ်ကွက်အတွင်း ပြန်လည်ပင့်ဆောင် အပူဇော်ခံမည်ဟု ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည် ။

“ဘုရားပင့်ထားတဲ့ ရပ်ကွက် ၇ ခုက ဘုရားလှည်းတွေကို ကားနဲ့တင်ပြီး ၇ ဆူလှည့်မယ် ။ ဘုန်းကြီးကျောင်း က ကျန် ၂၁ ဆူ ကို တာဝန်ယူပြီး အရင်နှစ်တွေအတိုင်း ကားနဲ့ပဲ လှည့်မယ် ။ ကိုဗစ်မတိုင်ခင်ကတော့ ဘုရားလှည်းနဲ့လှည့်တယ် ။ အခုက လှည်းတွန်းမယ့်လူငယ်အားနည်းလို့ ကားနဲ့လှည့်မယ်ဆိုပြီး အားလုံးက ဆုံးဖြတ်ထားတယ် ” ဟု ကံပေါက်ရွာ ၊ လှည်းကုန်းရပ်ကွက်က ဂေါပက တစ်ဦးကပြောသည်။

ဘုရားများကို နိုဝင်ဘာလ ၁၂ ရက်ကတည်းက ရပ်ကွက် ၇ ခုတွင် ပင့်ဆောင်ထားပြီး ယနေ့ နိုဝင်ဘာလ ၁၄ ရက်တွင် ကံပေါက် ၊ ကျောင်းသစ်သို့ပြန်လည်ပို့ဆောင်ကာ တန်ဆောင်မုန်းလပြည့် နိုဝင်ဘာလ ၁၅ ရက် နေ့ခင်းဘက်တွင် ယခင်လမ်းကြောင်းအတိုင်း လှည့်လည်မည်ဖြစ်သည် ။

ကံပေါက်တန်ဆောင်တိုင်ပွဲတော်တွင် ယခင်က ကျေးရွာအုပ်စု အတွင်းရှိ ရပ်ကွက် ၁၁ ခု ၊ ခလရ ၂၇၃ ခြေလျင်တပ်ရင်း နှင့် မောရဝတီရေတပ်စခန်းဌာနချုပ်တို့က ဘုရားများ ပင့်ဆောင်ကြပြီး ယခုနှစ်တွင် မူ ရပ်ကွက် ၇ ခုသာ ဘုရားပြန်ပင့်၍ စစ်ကောင်စီတပ် နှစ်ခု နှင့် ရပ်ကွက် ၄ ခု ဘုရားပင့်ဆောင်ခြင်းမရှိကြောင်း ဂေါပကများ ထံကသိရသည် ။

ကံပေါက်ဒေသ၏ တန်ဆောင်တိုင်ပွဲတော်ကို မြန်မာနိုင်ငံ လွတ်လပ်ရေးစရသည့် ၁၉၄၈ ခုနှစ်မှစကျင်းပခဲ့၍ နှစ်အားဖြင့် ၇၆ နှစ် သက်တမ်းရှိပြီး ကြားထဲတွင် ၂ နှစ်ရပ်နားခဲ့ရသဖြင့် ယခုနှစ်တွင် ၇၄ ကြိမ်အဖြစ် ကျင်းပမည်ဖြစ်သည်။