BREAKING
October 19, 2024

ထိုင်းတွင် ကားမှောက် သေဆုံးသွားသော မြန်မာလုပ်သားနှစ်ဦးအတွက် အာမခံ ဘတ်နှစ်သန်းကျော်ရ

November 14, 2022

ထိုင်းနိုင်ငံတွင် ကားမှောက်မှုကြောင့် သေဆုံးသွားသော အထောက်အထားမဲ့ မြန်မာအလုပ်သမား နှစ်ဦးအတွက် အာမခံအကျိုးခံစားခွင့် ဘတ် နှစ်သန်းကျော်ရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။

တာခ့်ခရိုင်မှ ကန်ဖန်းဖက်ခရိုင်ဘက်သို့ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ တင်ဆောင်လာသော ကားတစ်စီး လွန်ခဲ့သည့် တစ်နှစ်ခန့်က တိမ်းမှောက်မှုကြောင့် ကားပေါ်ပါ မြန်မာအလုပ်သမား သုံးဦးသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သို့သော် ကားမှောက်မှုဖြစ်ပွားသည့် နေ့ရက်နှင့် ဖြစ်စဉ်အသေးစိတ်ကို ဖော်ပြထားခဲ့ခြင်း မရှိပေ။

မြန်မာအလုပ်သမားများ သေဆုံးခဲ့မှုအတွက် အာမခံအကျိုးခံစားခွင့် ရရှိစေရန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ တွင် အမျိုးသားညီညွတ်ရေးအစိုးမှ ကိုရဲမင်းဦးဆောင်သော AAC မဟာမိတ်အဖွဲ့သို့ ညွှန်ကြားခဲ့ကြောင်း ဖော်ပြသည်။

သေဆုံးခဲ့သူ နှစ်ဦးအတွက် ပုဂ္ဂလိက ကားအာမခံအတိုင်း တစ်ဦးလျှင် ဘတ် ဆယ်သိန်းငါးသောင်းကို ယခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျန်ရစ်သူမိသားစုဝင်များကို ပေးအပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကားမှောက်မှုဖြစ်ပြီးနောက် တစ်နှစ်အကြာတွင် သေဆုံးသူ နှစ်ဦး၏ ကျန်ရစ်သူမိသားစုဝင်များမှ အာမခံ အကျိုးခံစားခွင့်အဖြစ် ဘတ် ၂သန်းကျော် (ဘတ် ၂၁ သိန်း) ကို ရရှိခဲ့ခြင်းဖြစ်သည်။

ကျန်ရှိနေသေးသော သေဆုံးသူတစ်ဦးအတွက် အာမခံအကျိုးခံစားခွင့်ရရှိရန် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

အာမခံအကျိုးခံစားခွင့် ရရှိရန် ပူးပေါင်းဆောင်ရွက်ပေးခဲ့သော သက်ဆိုင်ရာ ထိုင်းအစိုးရဌာနများ၊ ပုဂ္ဂလိက ကားအာမခံ ကုမ္ပဏီများနှင့် AAC မဟာမိတ်အဖွဲ့တို့ကို ကျေးဇူးတင်ရှိကြောင်း ရေးသားထားသည်။

ကားမှောက်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ AAC မဟာမိတ်အဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် ပြန်လည် ဖြေကြားပေးခဲ့ခြင်း မရှိသေးပေ။

ပြည်တွင်းတွင် မလုံခြုံမှု၊ ကုန်ဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ စားဝတ်နေရေးကျပ်တည်းလာသဖြင့် မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိနေခဲ့ရာမှ သေဆုံးသည့်ဖြစ်စဉ်များအထိ ကြုံတွေ့နေခဲ့ကြရခြင်းဖြစ်သည်။