BREAKING
October 16, 2024

မဟာသမုဒ္ဒရာစက်ခါးပတ်ကြီး ပျက်စီးဖို့ နီးလာ

October 14, 2024

ကမ္ဘာကြီး ပူနွေးမှုကို ထိန်းညှိပေးသော အတ္တလန္တိတ်သမုဒ္ဒရာ၏ ရေစီးကြောင်းလှည့်ပတ်မှုစနစ်ကြီး (AMOC) သည် ၂၀၅၀ ခုနှစ်အထိ ပိုစောစွာ လုံးဝပျက်စီးသွားနိုင်သည်ဟု လေ့လာတွေ့ရှိမှုအသစ်တစ်ရပ်က သတိပေးလိုက်သည်။

အဆိုပါ စနစ်ကြီးပျက်စီးသွားပါက ကမ္ဘာအနှံ့တွင် ရာသီဥတုပုံသဏ္ဍာန်များ ယိုယွင်းပျက်စီးလာပြီး ပြင်းထန်ဆိုးရွားသည့် ရာသီဥတုဖောက်ပြန်မှုများ၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုများ၊ ဂေဟစနစ်ဖရိုဖရဲဖြစ်မှုများ ဖြစ်ပေါ်လာစေနိုင်သည်။

“မဟာသမုဒ္ဒရာစက်ခါးပတ်ကြီး”ဟု မကြာခဏရည်ညွှန်းဖော်ပြခြင်းခံရသည့် အတ္တလန္တိတ်သမုဒ္ဒရာရေစီးကြောင်းလှည့်ပတ်မှုစနစ်(AMOC)သည် ပင်လယ်ကွေ့ရေစီးကြောင်း(Gulf Stream) အပါအဝင် သမုဒ္ဒရာရေစီးကြောင်းများစွာ ပါဝင်လည်ပတ်နေသည့် သဘာဝယန္တရားစနစ်ကြီး ဖြစ်သည်။

အဆိုပါရေစီးကြောင်းလှည့်ပတ်မှုစနစ်သည် အပူပိုင်းဒေသ သမုဒ္ဒရာထဲမှ ပူနွေးသည့် ဆားငန်ရေများကို အတ္တလန္တိတ်သမုဒ္ဒရာမြောက်ပိုင်းသို့ သယ်ဆောင်ပေးသည်။

အဆိုပါ ဆားငန်ရေများသည် အတ္တလန္တိတ်သမုဒ္ဒရာမြောက်ပိုင်းသို့ ရောက်သည့်အခါတွင် အေးမြလာပြီး သမုဒ္ဒရာရေနက်ပိုင်းသို့ ရောက်ရှိနိမ့်ဆင်းသွားသည်။

သမုဒ္ဒရာရေနက်ပိုင်းသို့ ရောက်ရှိလာရာမှ တစ်ဆင့် အတ္တလန္တိတ်သမုဒ္ဒရာတောင်ပိုင်းသို့ ပြန်လည်စီးဆင်းလာပြီး အဆိုပါနည်းအတိုင်း ထပ်တလဲလဲ သံသရာလည်နေသည့် သဘာဝစနစ်တစ်ခု ဖြစ်သည်။

အပူပိုင်းဒေသမှ အပူဓာတ်ကို ပြန်လည်ဖြန့်ခွဲပေးသည့် ယင်းသဘာဝဖြစ်စဉ်က ဥရောပတိုက်နှင့် ကမ္ဘာ့မြောက်ခြမ်းရှိ အပူချိန်ကို ထိန်ညှိပေးလျက်ရှိသည်။

သို့သော် ကမ္ဘာကြီး ပိုမိုပူနွေးလာသည်နှင့်အမျှ ဂရင်းလန်းကျွန်းမှ ရေခဲအရည်ပျော်မှုနှင့် ဒေသတွင်း မိုးရွာသွန်းမှုများ ပိုမိုများပြားလာသည်။

ယင်းကြောင့် ကမ္ဘာ့မြောက်ခြမ်း အတ္တလန္တိတ်သမုဒ္ဒရာ၏ မျက်နှာပြင်ပေါ်မှ ပိုမိုပူနွေးလာပြီး ဆားဓာတ်ပါဝင်မှုနှုန်းလျော့ကျကာ ပိုမိုသန့်စင်လာသည်။

ယင်းဖြစ်စဉ်ကြောင့် အတ္တလန္တိတ်သမုဒ္ဒရာမြောက်ပိုင်းမှ ပင်လယ်ရေများမှ သိပ်သည်းဆ လျော့ကျလာပြီး သမုဒ္ဒရာရေနက်ပိုင်းသို့ မရောက်ရှိနိုင်တော့ချေ။ ယင်းကြောင့် အတ္တလန္တိတ်သမုဒ္ဒရာရေစီးကြောင်းလှည့်ပတ်မှုစနစ် ကြီးသည် ပျက်စီးမည့် အန္တရာယ်ရှိလာသည်။

မကြာသေးခင်က ထွက်ရှိလာသည့် သိပ္ပံလေ့လာမှုတစ်စောင်၏ ဖော်ပြချက်အရ အတ္တလန္တိတ်သမုဒ္ဒရာရေစီးကြောင်းလည်ပတ်မှုစနစ်သည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်းမှာပင် ၁၅ ရာခိုင်နှုန်းအထိ အားနည်းသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို မထိန်းချုပ်နိုင်လျှင် ယခုရာစုနှစ်အကုန်တွင် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပျက်စီးသွားနိုင်သည်ဟု ခန့်မှန်းထားသည်။

ပင်လယ်ရေအတွင်း ဆားဓာတ်ပါဝင်မှုနှုန်း မညီမျှမှုကြောင့် အဆိုပါ ရေစီးကြောင်းလည်ပတ်မှုစနစ်သည် ရုတ်တရက် အလုံးစုံပျက်စီးသွားနိုင်ခြေရှိသည်ဟုလည်း တွက်ချက်မှုများ ရှိနေသည်။

Ref: BBC Science Focus