BREAKING
October 16, 2024

ထားဝယ် ကမ်းနားလမ်းက ဆီဘော မီးလောင်ပေါက်ကွဲပြီး တစ်ဦးသေ၊ တစ်ဦးဒဏ်ရာပြင်း

October 14, 2024

ထားဝယ်မြို့၊ ကမ်းနားလမ်း၊ ကြက်စားပြင်ရပ်ကွက် ထားဝယ်မြစ်အတွင်းရှိ စက်သုံးဆီတင်သည့် ဆီဘောသည် ယနေ့ အောက်တိုဘာလ ၁၄ ရက် ညနေ ၄နာရီခန့်‌တွင် မီးလောင်ပေါက်ကွဲကြောင်း မြို့ခံနှင့် ကူညီကယ်ဆယ်သူများထံမှ သိရသည်။

အဆိုပါဆီဘောသည် ထားဝယ်ခရိုင်အတွင်း စက်သုံးဆီများကို အဓိက ဖြန့်ဖြူးပေးနေသည့် လုပ်ငန်းဖြစ်သည်။

မီးလောင်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၏ ဦးဆောင်သူ ဦးနိုင်မျိုးသွင်က ကနဦးသိရသည့်အခြေအနေကို ပြောဆိုသည်။

“အခုတစ်ဦးသေသွားတယ်။ အခုထိ မီးတောက်တွေ ငြှိမ်းသတ်နေရတုန်း” ဟု ၎င်းက ပြောသည်။

မီးလောင်ရသည့်အကြောင်းအရင်း အသေးစိတ်အခြေအနေကို Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါမီးလောင်မှုကို ယနေ့ ညနေ ၄ နာရီကျော်ကစပြီး မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့များ ပူးပေါင်းပြီး ဝိုင်းဝန်ငြှိမ်းသတ်နေကြောင်း မြို့ခံများ၏ ပြောကြားချက်အရသိရသည်။

ယနေ့ နံနက် ၁၁ နာရီခန့်တွင်လည်း ထားဝယ်မြို့ကမ်းနားဈေးအနီးရှိ ထားဝယ်ရိုးရာသပိတ်မျှောပွဲ ကျင်းပမည့်ကွင်းအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနီးအနားရှိ နေအိမ်အချို့ မိုင်းစထိမှန်ခဲ့သေးသည်။