BREAKING
October 16, 2024

ပုလော မီးလောင်ချောင်းရွာတွင် စစ်ကောင်စီတပ် အင်အားရာချီတိုးချဲ့

October 14, 2024

ပုံစာ - ပုလောမြို့နယ် မီးလောင်ချောင်းရွာရှိ စစ်ကောင်စီနှင့်ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များစီးနင်းခဲ့စဉ်။ ဓာတ်ပုံ - မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း

စစ်ကောင်စီတပ်က ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ စခန်းတွင် စစ်အင်အား ရာချီတိုးချဲ့ချထားလာပြီး လက်နက်ကြီးများ ပါကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၁၄ရက်တွင် စစ်အင်အားတိုးချဲ့လိုက်ခြင်းဖြစ်ပြီး အနီးဝန်းကျင်ကို စစ်ကြောင်းထိုးလာလျှင် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း မီးလောင်းချောင်းရွာနှင့် အနီးတဝိုက်ရွာများရှိ ဒေသခံအချို့က ပြောသည်။

“အင်အားတော်တော်များတယ်။ ကျွန်မတို့လည်း ရင်တတိတ်တိတ်နဲ့ စိုးရိမ်နေရတာပေါ့။ စစ်ကြောင်းထိုးတာရော တိုက်ပွဲတွေပါ ဖြစ်လာမှာကို ကြောက်နေရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့က မီးလောင်ချောင်းရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပူးပေါင်းနေရာယူထားသည့် စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ဖူးသည်။

အဆိုပါစခန်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ စခန်းစွန့်ခွာသွားသဖြင့် ကျေးရွာစာသင်ကျောင်းအတွင်း ဆောက်ထားသည့် ဘန်ကာနှင့် ရပ်ရွာအတွင်းရှိ ကတုတ်ကျင်းအားလုံးကို တော်လှန်ရေးတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်။

တော်လှန်ရေးတပ်များက ပြန်လည်ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်သားများ ပြန်လည်တပ်စွဲထားခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

မီးလောင်ချောင်းရွာတွင် စစ်ကောင်စီ ခြေလျင်တပ်ရင်း ၁၇ ၏ ကာကင်းစခန်းရှိပြီး ထိုကဲ့သို့ အင်အားတိုးချဲ့နေခြင်းက ၎င်းတို့၏တပ်ရင်းကို ကာကွယ်ရန် ဖြစ်နိုင်ကြောင်း မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နယ်မြေများကို ပြန်လည်သိမ်းယူနိုင်ရန်အတွက် စစ်ကြောင်းထိုးမှုများ ဖြစ်လာနိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ပြည်သူကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၁တပ်ရင်း ပြန်ကြားရေးတာဝန်ခံကမူ စစ်အင်အားတိုးချဲ့မှုကြောင့် စစ်ကြောင်းထိုးမှုနှင့် တိုက်ပွဲများ ပိုမိုဖြစ်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန်နှင့် တိုက်ပွဲ ဖြစ်လာနိုင်မည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားရန် အကြံပြုပြောဆိုသည်။