ဝါလကင်းလွတ် မိုးလေကျွတ်ပြီဆိုရင် တနင်္သာရီတိုင်းထဲက မြို့ရွာဒေသတွေမှာ ပွဲလမ်းသဘင်တွေအပြိုင်အဆိုင် လတိုင်းကျင်းပကြပါတယ်။
သီတင်းကျွတ်ဆိုရင် သီတင်းကျွတ်မီးထွန်းပွဲ၊ သပိတ်မျှောပွဲ၊ ကထိန်အောင်ပွဲ၊ တန်ဆောင်မုန်းလ ဘုရားလှည့်ပွဲ၊ တန်ဆောင်တိုင်ပွဲ၊ နတ်တော်လ ရွာရှင်ဘိုးဘိုးပူဇော်ပသတဲ့ပွဲ (နတ်ပွဲ) စသည် စသည်။
အဲဒီပွဲတော်တွေထဲမှာ ဇာတ်သဘင်ပွဲတွေက မပါမဖြစ်။ ထားဝယ်ဒေသခံတွေကတော့ ဇာတ်သဘင်ပွဲကျင်းပတာကို “ပွဲခံတယ်” လို့ ခေါ်ဆိုသုံးနှုန်းကြပါတယ်။
အခုချိန်လို ပွင့်လင်းရာသီအစဆိုရင် ဇာတ်သဘင်ပွဲတွေ ခြိမ့်ခြိမ့်သဲ့ကျင်းပဖို့ တာစူနေတဲ့အချိန်။ တစ်ရွာနဲ့တစ်ရွာ သူထက်ငါသာ နာမည်ကြီး၊ ဈေးကြီးတဲ့ ဇာတ်အဖွဲ့တွေကို ကြိုငှားထားကြလေရဲ့။
နောက်ကျမှဆိုရင် သူများရွေးပြီးသားတွေပဲ ရတော့တာကိုး။ ရွာခံလူငယ်တွေကြားမှာလည်း ငါတို့ရွာမှာတော့ ဘယ်မင်းသမီး၊ ဘယ်မင်းသားပါတဲ့ ဇာတ်ပွဲကို ဘယ်လိုဈေးကြီးပေးပြီး ငှားထားတာဟ ဆိုပြီး အချင်းချင်း ကြွားလုံး ထုတ်လိုက်ကြပါသေးတယ်။
ဇာတ်ပွဲကျင်းပတဲ့ညဆိုရင် ဖျာအဟောင်းတွေ၊ မြွေရေအိတ်အခွံတွေ၊ တာလပတ်အဟောင်းတွေကို သယ်လာပြီး ဇာတ်စင်အရှေ့ နေရာရရေး သူ့ထက်ငါဦးအောင် အပြေးအလွှားသွားပြီး နေရာဦးထားကြလေရဲ့။
ညမမှောင်ခင်ကတည်းက အိမ်ကလေးတွေကို ရေချိုး၊ သနပ်ခါးလိမ်း၊ ဝတ်ကောင်းစားလှတွေဆင်းမြန်း ပြီးသား။ လူကြီးတွေ ဖြီးလိမ်းပြင်ဆင်ပြီးတာနဲ့ ဇာတ်ပွဲရှိရာ ပွဲခင်းကိုတန်းသွားကြတော့တာပဲ။ ကလေးတွေကလည်း ချားရဟတ်စီးဖို့၊ ပွဲဈေးတန်းက အရုပ်တွေပူဆာဖို့ စောစောသွားချင်ကြတာပါပဲ။
ကလေးတွေနဲ့ လူကြီးတွေပဲလားဆိုတော့ မဟုတ်။ အပျို၊ လူပျိုတွေကလည်း သူ့အုပ်စုနဲ့သူ ပွဲသွားဖို့ ဟန်ရေးတပြင်ပြင်။ စုံတွဲတွေအတွက်ကတော့ မဟာအခွင့်အရေးကြီးပေါ့။
မြို့ကြီးတွေထက်စာရင် နယ်ဒေသခံတွေက ဇာတ်ပွဲကိုပိုပြီး ကြိုက်နှစ်သက်ကြပါတယ်။ တချို့နယ်တွေမှာဆို လချီငှားရမ်းပြသာတာမျိုး အထိပါ။ နယ်တွေမှာက ပျော်ပွဲ၊ ရွှင်ပွဲရယ်လို့ ခပ်ရှားရှားမဟုတ်လား။ တစ်နှစ်နေလို့မှ တစ်ခါသာကျင်းပတဲ့ ရွာဇာတ်ပွဲကိုတော့ လူတိုင်းနွှဲချင် ကြတာချည်းပါပဲ။
နယ်ဒေသခံတွေရဲ့ အသည်းစွဲလို့ဆိုရမယ့် ဇာတ်ပွဲတွေဟာ ၂၀၂၀ ကိုဗစ်ကပ်ရောဂါ ကျရောက်ကတည်းက ရပ်နားထားခဲ့တာ အခုဆို ငါးနှစ်တိတိရှိပါပြီ။
ကိုဗစ်အလွန်ကာလတွေမှာ ဇာတ်ပွဲတွေပြန်ကျင်းပနိုင်ဖို့ အားခဲထားကြပေမယ့် အာဏာသိမ်းမှုက ဆက်လာပြန်တော့ ခဲလေသမျှ သဲရေကျဖြစ်ခဲ့ရပြန်ပါတယ်။ အဲဒီအစားရောက်လာတာက လက်နက်ကိုင်တိုက်ပွဲတွေ။
ဒေသခံဇာတ်သမားတွေလည်း ဇာတ်ခေါင်းကွဲကုန်ကြပြီး အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ကို ပြောင်းရွှေ့သွားကြပါပြီ။ ဟိုဖက်ကမ်းမှာ မီးထိန်ထိန်ဖြစ်နေကြလေရဲ့။
ပြည်တွင်းက ဒေသခံတွေကတော့ တိုက်ပွဲတွေကြား၊ လူမှုစီးပွားဒုက္ခတွေကြား နာတာရှည်ပွဲငတ်သူအဖြစ်နဲ့ ကျန်ရစ်ခဲ့ ပါတယ်။ အလွမ်းဓာတ်ခံပါတဲ့ အတိတ်က ဇာတ်ပွဲတွေအကြောင်းနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေ အကြောင်း ဒေသခံတွေ ဖွင့်ဟထားတာကို သိရှိခံစားနိုင်ဖို့ တနင်္သာရီပုံရိပ်အစီအစဉ်မှာ တင်ဆက်လိုက်ပါတယ်။
“လူတိုင်းက ပွဲငတ်နေကြတာလေ”
လောင်းလုံးဒေသခံ အသက် ၂၉နှစ်အရွယ်လူငယ်တစ်ဦး
DW ။ သီတင်းကျွတ်ပြီးရင် ပွင့်လင်းရာသီစပြီ။ ဇာတ်ပွဲရာသီလို့လည်းပြော (လို့) ရတာပေါ့လေ။ ပွဲကြည့်ချင်စိတ်ဖြစ်မိလား။
ဖြေ ။ ရမယ်ဆိုရင်တော့ ကြည့်ချင်တာပေါ့။ ဒါပေမဲ့ တိုက်ပွဲကြားထဲမှာ ဘယ်ကပွဲရှိမှာလဲ။ ဖြစ်မှမဖြစ်နိုင်တာ။
DW ။ အရင်ပွဲကြည့်ခဲ့တဲ့အချိန်တွေကိုရော သတိရလား။ အဲဒီအချိန်ကအကြောင်းတွေ ပြန်ပြောဖြစ်သေးလား။
ဖြေ ။ သူငယ်ချင်းတွေဆုံရင်တော့ အမြဲပြောဖြစ်တယ်။ နှစ်တိုင်းကိုပြောဖြစ်တာ။ ကျွန်တော်တို့နားမှာ သီတင်းကျွတ်ပြီးတာနဲ့ ကထိန်ခင်း ရှိတယ်လေ။ ကထိန်အောင်ပွဲဆိုပြီး ဇာတ်ပွဲတွေငှားပေးကြတယ်။ အဲဒီကနေစပြီး တောက်လျှောက် တစ်ရွာပြီးတစ်ရွာပဲ ပွဲခံကြတာ။ အခုကတော့ ပွဲမမြင်ဖူးတာ လေးငါးနှစ်ရှိပြီ။
DW ။ သူငယ်ချင်းတွေဆုံရင် ဇာတ်ပွဲအကြောင်းပြောကြတာဆိုတော့ ဘာတွေပြောကြတာလဲ။
ဖြေ ။ အစုံပဲပေါ့။ ဘယ်ရွာကပွဲမှာ ဘယ်လို ဘာလုပ်ခဲ့တာတွေ အဲဒါတွေပြန်ပြောကြတာပေါ့။ ဘယ်ဇာတ်ပွဲက မင်းသမီးက ချောတယ်တို့ပေါ့။ ဆော်ရှိတဲ့သူကလည်း သူ့ဆော်နဲ့ ဘယ်လိုတွဲပြီးသွားတယ်တို့ အဲဒီလိုကြွားကြတာပေါ့လေ။ အခုချိန်သာ (နိုင်ငံရေးအခြေအနေ) အေးဆေးနေမယ်ဆို ပွဲကြည့်ရတော့မှာ။
DW ။ ပွဲသွားရတာကြိုက်လား။
ဖြေ ။ ပွဲကတော့ သွားဖြစ်တယ်။ တော်တော်များများ ရွာနားမှာဆို အကုန်သွားတယ်။ တစ်ခါတလေဆို မောင်းမကန်အထိ သွားတယ်။ သူငယ်ချင်းတွေ စုံရင်ပေါ့။ ဒါပေမဲ့ ပွဲကြိုက်လားဆိုတော့ အဲဒီလိုမျိုးပွဲကြိုက်လို့သွားတာမဟုတ်ဘူး။ ပွဲကိုကောင်းကောင်းတစ်ခါမှ မကြည့်ဖူးဘူး။ သူငယ်ချင်းတွေနဲ့ (ပွဲခင်းထဲ) ဟိုလျှောက်သွား၊ ဒီလျှောက်သွားပေါ့။ စတိတ်ရှိုးထွက်ရင်ကြည့်လိုက်တယ်။ အဲဒါပြီးရင် မကြည့်တော့ဘူး။ ဆိုင်ထိုင်ချင်ထိုင်တယ်။ လျှောက်ကြည့်တယ်။ အဲဒီလောက်ပဲ။
DW ။ တကယ်လို့ တိုက်ပွဲတွေလည်း မဖြစ်ဘူးဆိုရင် ဇာတ်ပွဲကို သွားမှာလား။
ဖြေ ။ သွားမှာပေါ့။ ပွဲငတ်နေတာကြာပြီလေ။ လူတိုင်းသွားကြမှာပဲထင်တယ်။ အခုလိုမျိုးအချိန် ဇာတ်ပွဲကျင်းပမယ်ဆို တိုးလို့ ပေါက်မှာတောင် မဟုတ်ဘူး။ တော်တော်ကိုစည်မှာ။ ဘာဖြစ်လို့လည်းဆို လူတိုင်းက ပွဲငတ်နေကြတာလေ။ ပွဲမကြည့်ရတာ သုံးလေးငါးနှစ်ဖြစ်ပြီဆိုတော့ လူတိုင်းက ပွဲကြည့်ချင်နေကြတာ။
DW ။ အခုကတော့ နိုင်ငံရေးပဋိပက္ခကြောင့် တိုက်ပွဲတွေဖြစ်ပြီး ဇာတ်ပွဲတွေ မကြည့်ရတော့ဘူးပေါ့။ အဲဒီအပေါ်မှာရော ဘယ်လိုခံစားရလဲ။
ဖြေ ။ စိတ်မကောင်းဘူးပေါ့။ ဘယ်သူမဆိုပဲ အရင်လို လွတ်လွတ်လပ်လပ်နေရတာကို လိုချင်မှာပဲ။ ကျွန်တော်လည်း လိုချင်တာပဲ။ အခုဖြစ်နေတာတွေက သိတဲ့အတိုင်းပဲလေ။ အမြဲတမ်းကြောက်နေရတာ။ စစ်တပ်ကိုလည်းကြောက်ရ၊ ဒီဖက်ကလူတွေလည်း ကြောက်ရ။ တော်ကြာတိုက်ပွဲဖြစ်လိုက်၊ အိမ်မီးရှို့လိုက်နဲ့။ စိတ်ညစ်စရာတွေချည်းပဲလေ။
DW ။ နောက်ဆုံးအနေနဲ့ပေါ့။ ဇာတ်ပွဲသွားတဲ့အထဲက အမှတ်တရတစ်ခုခုရှိရင် ပြောပြပါလား။
ဖြေ ။ အမှတ်တရကတော့ ဇာတ်ပွဲအချိန်ဆိုရင် ဆောင်းရာသီကိုး။ အဲဒီလိုပွဲသွားတဲ့အချိန်တို့၊ ပြန်တဲ့အချိန်တို့ဆိုရင် အေးအေးလေးနဲ့ အနွေးထည်ဝတ်ပြီးပြန်ရတာအရမ်းသဘောကျတယ်။ အရင်လေးငါးနှစ်ကဆို ပွဲကပြန်တဲ့အချိန် အရမ်းအေးလို့ ဆိုင်ကယ်တောင် မောင်းလို့မရတဲ့အထိပဲ။ ဖြေးဖြေးနဲ့ အိမ်အထိရောက်အောင် မနည်းမောင်းလိုက်ရတယ်။ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်ကြီးဆိုတော့ ပျော်စရာကောင်းတယ်လေ။
DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
“ဇာတ်ပွဲဆိုတာကို တီဗီဖန်သားပြင်ပေါ်မှာပဲ ကြည့်ဖူးတော့မယ်။ အရင်ကလို ပွဲခင်းထဲ ဖျာခင်းပြီး ထိုင်မကြည့်နိုင်တော့ဘူး”
သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးရွာက အသက် ၅၀ ခန့်ရှိ ဒေသခံအမျိုးသမီးတစ်ဦး
DW ။ အခုလို ပွင့်လင်းရာသီမှာ ဇာတ်ပွဲတွေကို လွမ်းဆွတ်တမ်းတတာမျိုးရှိလား။
ဖြေ ။ ရှိတာပေါ့။ တို့တွေတော့ ပြောနေကြတာပေါ့။ ပွဲဆိုတာ တီဗွီမျက်နှာပြင်မှာပဲ ကြည့်ဖူးတော့မယ်ဆိုပြီး။ အရင်တုန်းကလိုမျိုး သွားချင်တဲ့အချိန် သွားလာလို့ မရတော့ဘူး။ ခါတိုင်းဆို ၁၂ နာရီ ၁ ချက်တီး ညဉ့်နက်သန်းခေါင်လည်း တက်ချင်တက် ဆင်းချင်ဆင်းသွားလာရတယ်။ အခုဆို ထားဝယ်မြို့ပေါ်ကို မပြောနဲ့ သရက်ချောင်းမြို့ပေါ်ကိုတောင် မရောက်ဖြစ်ကြလို့ ဝမ်းနည်းပက်လက်ဖြစ်နေကြတာပေါ့။
DW ။ အရင်တုန်းကဆို ဘယ်လိုပွဲတွေရှိလဲ၊ ဘာဇာတ်တွေငှားလဲ။
ဖြေ ။ ထားဝယ်ပွဲတွေပေါ့။ ထိပ်တန်းဇာတ်အဖွဲ့တို့ ရွှေမင်းသားပွဲတို့ နောက်ဘာလဲ ရှိသေးတယ်။ ရွာကငှားတယ်၊ ရွာမှာအမှုကိစ္စရှိတဲ့အခါဆို ငှားတာပေါ့၊ ဖိုးရှင်ကြီးပွဲ (နတ်ပွဲ) တွေလိုမျိုး ရွာမှာ အလှူလုပ်တဲ့ အလှူရှင်တွေလည်း ပွဲခံပေးတာတွေ ရှိတယ်။ ပဌာန်းပွဲတွေမှာလည်း ပွဲငှားကြတာရှိတယ်။
တစ်နှစ်မှာတော့ နှစ်ခါလောက် ပွဲခံတာရှိတယ်။ ကျွန်မတို့ရွာကတော့ သူများရွာတွေထက် နောက်ကျတယ်။ ရွာမှာ ကောက်ခံ တဲ့ အလှူငွေနဲ့ ပွဲခံကြတယ်။ ပွဲမုန့်ဈေးတန်းကရတဲ့ငွေနဲ့ ကစားဝိုင်းကရတဲ့ အကောက်နဲ့ ည ၁၂ နာရီထိ ညထက်ဝက်ပဲ တတ်နိုင်လည်း ထက်ဝက်ပဲငှားတယ်။ ညလုံးပေါက် မိုးလင်းထိ ငှားနိုင်လည်း မိုးလင်းထိ တစ်ညလုံးငှားတာ ရှိတယ်။
ရွာက တစ်ရက်ပဲငှားတယ်ဆို ပွဲကို အကြောင်းပြုပြီးဖြစ်လာတဲ့ ကစားဝိုင်းတွေလည်း နောက်တစ်ရက်ဆက်ငှားပေးတာ နှစ်ရက်ဆက်ငှားပေးတာတွေလည်းရှိတယ်လေ။ သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွေဆို ပွဲကျင်းပတဲ့ လတွေပေါ့။ ကိုယ်လိုချင်တဲ့ ဇာတ်ပွဲငှားမရတာလည်း ရှိတယ်။ တန်ဆောင်မုန်းလမှာ ပွဲကျင်းပချင်တယ်ဆို ဝါခေါင်၊ တော်သလင်းလလောက်တည်းက ကြိုတင်ပြောထားရတယ်။ ဒီအချိန် ဒီအချိန်မှာ ပွဲငှားချင်တယ် အားရဲ့လားဆိုပြီး။
DW ။ သူများရွာမှာ ပွဲခံရင်ရော သွားကြည့်ဖြစ်လား။
ဖြေ ။ အခုကတော့ သူများရွာမှာ ပွဲခံရင်သွားမကြည့်ဖြစ်ဘူး။ ကလေးတွေကတော့ ဘယ်ချိန်သွားသွား ဘယ်ချိန်ပဲလာလာ သွားနေကြတာပဲ။ ဆိုင်ကယ်ရှိတဲ့လူလည်း ဆိုင်ကယ်နဲ့သွားကြတယ်။ ဆိုင်ကယ်မရှိတဲ့လူလည်း ထော်လာဂျီရှိရင် ထော်လာဂျီနဲ့ သွားကြတာပေါ့။ အရင်တုန်းကဆို ဘုရားပွဲ၊ ဇာတ်ပွဲဆို ကနက်သီရိ (ရွာ) အထိ သွားကြတာပဲ။ ရှင်မုတ္ထီး၊ ညောင်ဇင်၊ ထားဝယ် လျှောက်သွားကြတာပဲ။ သားငယ်တွေကတော့။
DW ။ အစ်မတို့ဆို ပွဲနဲ့ ပတ်သက်ပြီး ဘာကိုကြိုက်လို့ သွားကြတာလဲ။ ဥပမာ-ပွဲမင်းသမီး၊ မင်းသားကိုကြိုက်လို့လား၊ ပြဇာတ်၊ နှစ်ပါးသွားအကတွေကို ကြိုက်လို့လား၊ မုန့်ဈေးတန်းလည်ရတာကို ကြိုက်လို့သွားတာလား။
ဖြေ ။ ကျွန်မအနေနဲ့ပြောရရင်တော့ ပွဲကြိုက်လို့တော့မဟုတ်ဘူး။ ဒါပေမဲ့ သားငယ်တွေ သူတို့ကို ကစားစရာတွေ ဝယ်ပေးခြမ်းပေး၊ ကိုယ်စားချင်တာတွေလည်း ဝယ်စားရင်း လမ်းလျှောက်တာပေါ့။ မင်းသမီး၊ မင်းသားကြိုက်လို့ ပွဲကို သွားကြတာလည်းရှိတာပဲ။ ကျွန်မတို့ အရွယ်ရှိနေတုန်းကဆိုရင် မင်းသားအလှည့်ရောက်ရင် မင်းသားကိုကြိုက်လို့ အားပေးချင်လို့ သွားတာလည်းရှိတယ်။ (ရယ်လျက်) ပွဲကိုအစအဆုံးမကြည့်နိုင်ရင်တောင် ကိုယ်ကြည့်ချင်တဲ့ မင်းသားအလှည့်ရောက်တဲ့အထိကြည့်ပြီး ပြန်လာလိုက်တာပေါ့။
DW ။ ပွဲနဲ့ပတ်သက်ပြီး အမှတ်တရတွေရော ရှိလား။
ဖြေ ။ ရှိတယ်။ အရင်တုန်းက သွားထားလာထားတာတွေ၊ ကိုယ့်မျက်စိရှေ့မှာ သူများတွေ ခိုက်ရန်ဒေါသဖြစ်တာတွေ၊ အသွားတုန်းက လှည်းနဲ့သွားပြီး ပြန်လာတော့ ခြေကျင်ပြန်လာရတာတွေရှိတယ်။ ငယ်ငယ်တုန်းကဆိုရင် ခြေကျင်သွားတယ်။ ကလေးဆိုတော့ လူစည်ကားတဲ့နေရာ ပျော်တာပေါ့၊ သွားချင်လာချင်တာကိုး။
DW ။ အခုဆို ဇာတ်ပွဲမကြည့်ရတာ ဘယ်လောက်ကြာပြီလဲ။ အလှူအတန်းတွေရှိလား ပွဲခံတာတွေရှိသေးလား။
ဖြေ ။ ကိုဗစ်ဖြစ်ပြီးတည်းကပဲ။ အခုက အလှူအတန်းတွေလည်း နည်းသွားပြီ။ ပွဲကျင်းပတာလည်း မရှိတော့ဘူး။ အခုလိုအချိန်ဆို။
DW ။ ဒါဆို ပွဲကိုလွမ်းလား။
ဖြေ ။ လူကြီးတွေနဲ့ အခု TV မှာကြည့်ပြီးပြောနေတာပေါ့။ အင်း…တို့တွေတော့ ဇာတ်ပွဲဆိုတာကို TV ဖန်သားပြင်ပေါ်မှာပဲ ကြည့်ဖူးတော့မယ်။ အရင်ကလို ပွဲခင်းထဲ ဖျာခင်းပြီး ထိုင်ကြည့်နိုင်တော့မှာ မဟုတ်ဘူးဆိုပြီး။ ဝမ်းနည်းနည်းနဲ့ ပြောနေကြတာပေါ့။ အရင်တုန်းက အခြေအနေတွေကို ပြန်သတိရနေကြတာကိုး။ ဒါပေမဲ့ ကျွန်မအနေနဲ့ အခုလို အချိန်မှာတော့ ပွဲကို မတမ်းတချင်ဘူး။ ဘာလို့လဲဆိုတော့ အန္တရာယ်များလို့။ လူဆိုတာ မပြောနိုင်ဘူးလေ။ ခေတ်ကောင်းလာလည်း ညီညွတ်ကြမှပဲ ကြည့်ရဲမယ်။ တော်တော်နဲ့တော့ ကြည့်မရဲတော့ဘူး။ ကလေးတွေတော့ ပွဲငတ်ကြတာပေါ့။ ပွဲလမ်းဆို လူစည်တာကိုး။ လူစည်နေတာနဲ့ကို ကလေးတွေက ပျော်နေကြတာပဲ။
DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
“ဖြစ်နိုင်မယ်ဆိုရင် အရင်က ဇာတ်ပွဲတွေကြည့်ရတဲ့အချိန်မျိုး ပြန်လိုချင်တယ်”
ရေဖြူမြို့နယ်၊ နဘုလယ်ဒေသခံ အမျိုးသမီးတစ်ဦး
DW ။ ပွင့်လင်းရာသီမှာ အရင်က ဘယ်လိုပျော်ပွဲရွှင်ပွဲမျိုးတွေရှိလဲ။
ဖြေ ။ အလှူပွဲတွေရှိတယ်။ ရပ်ကွက်အလိုက် ဘောလုံးပွဲတွေရှိတယ်။ တပို့တွဲလဆိုရင် ကျွဲမင်းခြေရာဘုရားပွဲရှိတယ်။ တပေါင်းလဆိုရင် နဘုလယ်ခြေတော်ရာဘုရားပွဲရှိတယ်။
DW ။ ဘုရားပွဲသွားရတဲ့ ခံစားချက်လေး ပြောပြပါလား။
ဖြေ ။ ပျော်တာပေါ့။ စိတ်လက်ပေါ့ပါးစေတယ်။ သွားနေလာနေရတာကပဲ စိတ်ကျေနပ်မှုရှိတာပေါ့။ စိတ်လွတ် ကိုယ်လွတ် အေးအေးဆေးဆေးသွားရတယ်။ မွန်းကြပ်မှုတွေ ပြေပျောက် စေတယ်။
DW ။ ပွဲသွားရင်ဘာတွေ ကြည့်ဖြစ်၊ လုပ်ဖြစ်လဲ။
ဖြေ ။ ပွဲဈေးပတ်မယ်၊ စတိတ်ရှိုးကြည့်မယ်။ ငယ်ငယ်ကတော့ မိုးလင်းပေါက်ကြည့်တယ်။ သူများသွားရင် သွားချင်တယ်။ ဇာတ်ပွဲဆိုတာလည်းကြိုက်တယ်။ ပွဲနဲ့ပတ်သတ်ပြီးအကုန်ကြိုက်တယ်။ ညဦးကတည်းကနေ ဇာတ်စင်ရှေ့မှာထိုင်လိုက်တာ မိုးလင်းပေါက်ပါပဲ။
DW ။ အစ်မတို့ဒေသမှာ ဘယ်လိုဇာတ်တွေ ကြည့်ရလေ့ရှိလဲ။
ဖြေ ။ အခုနောက်ပိုင်း (လွန်ခဲ့တဲ့လေးနှစ်ကျော်က) ချမ်းညီချမ်းဇာတ်သဘင်တွေ၊ မွန်ဇာတ်တွေ တော်တော်များများလာပြီး ကကြတယ်။ အဲဒီဇာတ်တွေက လူကြိုက်များတယ်။ ထားဝယ်ဘက်မှာတောင်မှ အဲဒီဇာတ်ကြီးတွေကတာ တော်ရုံမကြားရဘူး။ အစ်မတို့ ဒေသမှာပဲကကြတာများတယ်။
DW ။ ဒီလိုပွဲတော်မျိုးတွေ ကိုယ်ဒေသမှာ မတွေ့ရတာဘယ်လောက်တောင်ကြာနေပြီလဲ။
ဖြေ ။ ကိုဗစ်စဖြစ်ကတည်းက အခုဆိုရင် လေးနှစ်ကျော်ပြီပေါ့။
DW ။ အဲဒီလို ဒေသပွဲတော်တွေ၊ ပွဲလမ်းသဘင်တွေ မရှိတော့တဲ့အပေါ်မှာ ဘယ်လိုခံစားရတာမျိုးရှိလဲ။
ဖြေ ။ လွတ်လပ်ပျော်ရွင်မှုတွေ ပျောက်ဆုံးသွားသလို ခံစားရတယ်။ ထူးထူးခြားခြားပျော်ရွင်မှုတွေ စိတ်ဖြေသိမ့်စရာတွေမရတော့ ကိုယ့်စိတ်ထဲ အလိုမကျသလိုခံစားရတာပေါ့။ ဖြစ်နိုင်ရင် အဲဒီလိုမျိုးအနေထားတွေ ပြန်လိုချင်တယ်။ အရင်ကဆို ကိုယ့်ဒေသမှာ ရာသီအလိုက် တပို့တွဲ ဘာပွဲရှိတယ်၊ တပေါင်း ဘာပွဲရှိတယ်ဆိုပြီး ရင်ခုန်မျှော်လင့်ရတာတွေရှိတယ်။ အခုက ဘာမှ မရှိတော့တာလေ။ အဲဒီလိုထူးထူးခြားခြားခံစားချက်မျိုးတွေ ပွဲကျရင် ဘာလုပ်မယ်ဆိုတဲ့ ကြိုတင်စိတ်ကူးထားတာတွေလည်း ပျောက်ဆုံးကုန်တော့ မကျေနပ်ဘူး။ ပြန်လိုချင်တယ်။
DW ။ ဒီလိုဆုံးရှုံးသွားတာဘာကြောင့်လို့ထင်လဲ။
ဖြေ ။ အာဏာသိမ်းလို့ပေါ့။ ကိုဗစ်ကပြီးသွားပြီလေ။ အာဏာသိမ်းတာကြောင့် ကိုယ်ပျော်ရွှင်မှုတွေလည်း အားလုံးဆုံးရှုံးသွားတယ်။
DW ။ ကိုယ်ကလည်း ဝါသနာရှိတယ်ဆိုတော့ အရင်ကလိုမျိုး ပြန်မရတော့တဲ့ လေးနှစ်ကျော်ကာလမှာ ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်အောင် ဘယ်လိုနေလဲ။
ဖြေ ။ သီချင်းနားထောင်တယ်။ အကပြိုင်ပွဲတွေ လိုင်းပေါ်မှတင်ထားတာတွေ လိုက်ကြည့်တယ်။ ဟာသဆိုလဲ ဟာသနဲ့ ပတ်သက်တာတွေ၊ သဘင်ဆိုလည်း သဘင်နဲ့ပတ်သက်တာတွေ လိုက်ကြည့်ဖြစ်တယ်။ အဲဒီလောက်ပဲ ရတော့တယ်ပေါ့။ ကိုယ်တိုင်ကိုယ်ကျ ထိတွေ့မှု မရတော့ဘူး။ လိုင်းပေါ်က ဖုန်းထဲမှာပဲ ထိတွေ့ခွင် (ရှိ) တော့တယ်။ အပြင်မှာ ကိုယ်ရဲ့ ပကတိမျက်လုံးနဲ့ မမြင်ရတော့ဘူးပေါ့။
DW ။ အဲဒါတွေမျိုး ပြန်ရမယ်ဆိုရင်ရော။
ဖြေ ။ ပျော်မှာပေါ့။ ကိုယ်စိတ်တိုင်းကျ ကိုယ်ရဲ့လိုအင်တွေပြည့်သွားတာပေါ့။ ကိုယ်ရွာ၊ ကိုယ်ဒေသမှာ တကယ်ပြန်ရလာမယ် ဆိုရင် အတိုင်းမသိပျော်ရမှာပေါ့။ ပြောလည်းပြောဖြစ်ပါတယ်။ အရင်ကဒီ အချိန်ဘယ်လိုပွဲတော်မျိုးတွေ လာတော့မယ် ဆိုပြီး။ အဲဒါတွေမျိုးပြန်လိုချင်တယ်။ အချင်းချင်းတွေ့ရင်လည်း အရင်က ပွဲတော်တွေအကြောင်း ပြန်ပြောဖြစ်တယ်။ ဖြစ်နိုင်မယ်ဆိုရင်ပြန် လိုချင်တာပေါ့လေ။
DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
“ကိုယ့်အိမ်၊ ကိုယ့်ရပ်မှာနေရင်တောင် မလုံခြုံတော့တဲ့ အခြေအနေဖြစ်လာတော့ ဇာတ်ပွဲလုပ်ဖို့ဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့”
မြိတ်မြို့ခံ အမျိုးသမီးတစ်ဦး
DW ။ ဇာတ်ပွဲတွေကို ဘယ်အချိန်လောက်ကတည်းက ကြည့်ဖြစ်ခဲ့လဲ။ ဘယ်နှစ်ခုနှစ်အထိကြည့်ဖြစ်လဲ။
ဖြေ ။ ကျွန်မက ကလင်ပန်းရွာမှာ နေခဲ့တာဆိုတော့ ကျွန်မငယ်ငယ်တုန်းက ရွာနားတဝိုက်ကကျေးရွာတွေမှာ ဇာတ်ပွဲတွေ လုပ်တယ်။ မှတ်မိရသလောက်ကတော့ ၆နှစ် ၇နှစ်အရွယ် ကတည်းက စကြည့်ဖြစ်တယ်ပေါ့ကွယ်။ ဇာတ်ပွဲငယ်တွေပေါ့။ ရွာတစ်ရွာမှာ ဇာတ်ပွဲလုပ်ရင် အနီးအနား ရွာတွေက လာကြည့်ကြတာပေါ့ကွယ်။ ပြီးတော့ မြိတ်မြို့ပေါ်ကို ပြောင်းတော့ မြိတ်မြို့ရဲ့ ဘုရားငါးဆူကွင်းမှာ နှစ်ကျိပ်ရှစ်ဆူလိုမျိုး ပွဲတော်တွေမှာ ဖိုးချစ်တို့လို ဇာတ်ပွဲတွေကို ကြည့်ဖြစ်ခဲ့တယ်။
DW ။ ဇာတ်ပွဲတွေကို သွားလာခဲ့ပုံနဲ့ ပတ်သက်ပြီး ပြောပြပါလား။
ဖြေ ။ ကျွန်မတို့ ငယ်ငယ်တုန်းကဆို လုံးဝလွတ်လပ်တဲ့အထဲမှာပါတယ်။ ရွာမှာလည်းဖြစ်တယ်။ ဇာတ်ပွဲဆိုတာကလည်း ညနက်ပိုင်းမှ စတယ်ဆိုတော့ ညဦးပိုင်းအလှည့်ကျရင် သီချင်းတွေဖွင့်ထားတယ်။ ပွဲဈေးတန်းတွေမှာ လျှောက်လည် တာ မျိုးတွေ လည်းရှိတယ်။ ဇာတ်ပွဲတွေက ည ၁၀နာရီခွဲ ၁၁နာရီဝန်းကျင်လောက်မှ စမယ်ဆို ကျွန်မတို့က ည၈နာရီလောက်ကတည်းက မိသားစုအလိုက်ခြေကျင်သွားကြတာ။ လမ်းမှာဆိုရင် လူတွေမပြတ်ဘူးပေါ့။ တချို့သူတွေဆို ပွဲစမှလာကြတာမျိုးလည်းရှိတယ်။ တကယ်လို့ ပွဲကြည့်နေရင်းနှင့် အရမ်းအိပ်ငိုက်လို့ အိမ်ပြန်မယ်ဆိုရင် ည ၂နာရီ ၃နာရီမှာလည်း အိမ်ပြန်လာတဲ့သူတွေလည်းရှိတာပေါ့။ အဲဒီတုန်းက လမ်းမှာ သူခိုး၊ ဂျပိုးတွေကိုရော ဘာမှပူစရာ မလိုဘူးလေ။ ရွာနီးချင်းတွေလည်းဖြစ်တယ်။ ပြီးတော့ခေတ်ကာလကလည်း ကောင်းနေကြတဲ့အချိန်ဆိုတော့လေ။ မြိတ်မြို့ပေါ်မှာ ကြည့်တုန်းကလည်းအဲဒီလိုပဲ။ အရမ်းအိပ်ငိုက်လာတဲ့ အခါ ညအချိန်ဆိုလည်း အိမ်ပြန်လာလိုက်တာပေါ့။ ဘာဖြစ်ဖြစ်ကိုယ်ဆန္ဒရှိတဲ့အချိန် ကိုယ်အိမ်ကိုယ်ကို အေးဆေးပြန်လာလို့ရတယ်ပေါ့။ ပွဲပြီးမှပြန်လာမယ်ဆိုလည်း ရတယ်လေ။ ပွဲခင်းလည်ရင်း ည ၈နာရီ ၉နာရီလောက် အိမ်ပြန်မယ်ဆိုလည်းရတယ်။
DW ။ အခုနောက်ပိုင်း ဇာတ်ပွဲတွေကို ကျေးရွာတွေမှာရော မြို့ပေါ်မှာပါ မလုပ်ဖြစ်တော့တာနဲ့ပတ်သက်ပြီး ပြောချင်တာမျိုးရှိလား။
ဖြေ ။ အခုနောက်ပိုင်း ဇာတ်ပွဲတွေကို မတွေ့ရတော့ဘူးပေါ့။ အရင်တုန်းလို မရှိတော့ဘူး။ သတိရတာပေါ့။ ဇာတ်ပွဲတွေကို သွားရင် ဇာတ်ပွဲကြည့်ဖို့လောက်ပဲ မဟုတ်ဘဲ ပွဲဈေးတန်းတွေလည်းရှိတယ်။ ငယ်ငယ်တုန်းကဘဝကို သတိရစေတာပေါ့။ အရင်ကမိသားစုအလိုက် စုံစုံလင်လင်သွားခဲ့ရတာမျိုးတွေကိုရောပေါ့။ တလောက ရှင်ပွဲတစ်ခုမှာ ဇာတ်အသေးငယ် သဘောမျိုးတစ်ခု ငှားထားတယ်ပေါ့။ မင်းသမီးတစ်ယောက်၊ ဆိုင်းဝိုင်းတချို့နဲ့ ဇာတ်ဖြစ်ရုံငှားထားတော့ ဇာတ်သဘောလို ဖြစ်နေတော့ မုန့်ဈေးတန်းနည်းနည်းလေးရှိနေတာကို မြင်ရတာကိုတောင် ငယ်ဘဝရဲ့ခံစားမှုမျိုးကို ပြန်ရခဲ့တာပေါ့။ အရင်ကမျိုး ဇာတ်ပွဲတွေပြန်လုပ်တဲ့အခါကျရင် လူကြီးပိုင်းတွေရော၊ ကျွန်မတို့အသက်အရွယ်တွေရော၊ နောက်မျိုးဆက်သစ်တွေရောအတွက် ခံစားမှုတစ်ခုဖြစ်လာနိုင်တာပေါ့။ လူကြီးတွေဆိုရင် အရင်ကသွားလာခဲ့ကြတာကို ပြန်သတိရစေမယ်။ ကလေးငယ်တွေဆိုရင်လည်း ဇာတ်ပွဲဆိုရင်ဘယ်လိုဖြစ်ကြောင်း ကျွန်မတို့ငယ်ဘဝတုန်းက ရခဲ့တဲ့ ခံစားမှုမျိုးကို ပြန်ရမယ်လို့ထင်တာပေါ့နော်။
DW ။ အခုနောက်ပိုင်း နိုင်ငံရေးအခြေအနေအပါအဝင် ခေတ်ကာလအရ ဇာတ်ပွဲတွေမလုပ်နိုင်တဲ့အပေါ်မှာ ဘယ်လိုမျိုးပြောချင်တာမျိုးရှိလဲ။ ပြီးတော့ ဒီကာလအလွန်မှာရော ဇာတ်ပွဲနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးပြန်ဖြစ်စေချင်လဲ။
ဖြေ ။ ဖြစ်စေချင်တာကတော့ နိုင်ငံကို အရင်တုန်းကလို ညပဲဖြစ်ဖြစ်၊ နေ့ပဲဖြစ်ဖြစ် စိတ်ပူစရာမလိုဘဲ သွားလာလို့ရတာ ဖြစ်စေချင်နေပါတယ်ပေါ့။ အခုက ည ၈နာရီနောက်ပိုင်း ညမထွက်ရနဲ့ ဘာနဲ့ဆိုတော့ အရင်တုန်းကလို မဟုတ်ဘူးပေါ့။ ပြီးတော့ ခေတ်ကာလမကောင်းတော့ ဒုစရိုက်မှုတွေလည်း များလာတာပေါ့။ ကိုယ်အိမ်၊ ကိုယ့်ရပ်မှာနေရင်တောင် မလုံခြုံတော့တဲ့ အခြေအနေဖြစ်လာတော့ ဇာတ်ပွဲလုပ်ဖို့ဆိုတာကလည်း ဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့။ ဇာတ်ပွဲဆိုတာက ညမှလုပ်လို့ရတဲ့ အရာဖြစ်နေတော့ ဖြစ်နိုင်ရင် တစ်နိုင်ငံလုံးကို ခေတ်ကာလကောင်းတဲ့အခြေအနေအတိုင်း ခံစားစေချင်တာပေါ့။ ခေတ်ကာလကောင်းတဲ့အခြေအနေကို ပြန်ရောက်မယ်လို့လည်း ယုံကြည်နေတယ်ပေါ့။ အရင်တိုင်းပြန်ဖြစ်ဖို့လည်း ကျွန်မတို့အားလုံးကြိုးစားရမှာပေါ့။ အချိန်တစ်ခုရောက်ဖို့ သည်းခံကြိုးစားစောင့်ရမှာပေါ့။
DW ။ ဒီကာလနောက်ပိုင်း ဇာတ်ပွဲတွေပြန်လုပ်ဖြစ်ရင် သွားကြည့်ဖြစ်ဦးမလား။
ဖြေ ။ တကယ်လို့ နိုင်ငံရေးနဲ့ ခေတ်ကာလ ကောင်းသွားပြီး ကျွန်မတို့ မြို့ရွာမှာ ဇာတ်ပွဲတွေ လုပ်ဖြစ်ရင် မိသားစုနဲ့ အတူသွားကြည့်ဖြစ်မှာပါ။ ဇာတ်ပွဲနဲ့ မုန့်ဈေးတန်းက မုန့်တွေကို အရမ်းကြိုက်တယ်လေ။ ပြီးတော့ ချားရဟတ်တွေကို အရမ်းသဘောကျတယ်လေ။ ဇာတ်ပွဲနဲ့ ဇာတ်ပွဲရဲ့ ပွဲဈေးတန်းမှာ လည်ရတာအရမ်းကြိုက်လို့လေ။
DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
“အခုကတော့ ရွာမှာ ဇာတ်မကြည့်ရတော့ဘူး။ စစ်ဘေးရှောင်ဖြစ်သွားပြီ”
ရေဖြူမြို့နယ် ဇာဒီကျေးရွာက အသက် ၂၀ အရွယ် စစ်ဘေးရှောင်တစ်ဦး
DW ။ အစ်မ ဇာတ်ပွဲကြိုက်လား။ ဘယ်တုန်းက နောက်ဆုံးပွဲကြည့်ခဲ့ရတာလဲ ။
ဖြေ ။ ဇာတ်ပွဲကြိုက်ပါတယ်။ နောက်ဆုံးပွဲကြည့်ခဲ့ရတာက ရွာက တန်ဆောင်တိုင်ဘုရားပွဲ နောက်ဆုံးပဲပြောရမယ်။ တက်သစ်စပွဲက မင်းသား သီးသန့်ပြန်ထောင်ထားတဲ့ ဇာတ်အဖွဲ့ လာကတာ နောက်ဆုံးကြည့်ခဲ့ရတယ်။ ကိုဗစ်ကာလထဲမှာတော့ ရွာနားနီးချင်းက ဗလာဆိုင်းဝိုင်းနဲ့ ရွာကကလေးတွေ ကတာလောက်ပဲ ရှိတော့တယ်။ ဇာတ်ပွဲတွေ ရွာကိုမလာတော့ဘူး။
DW ။ ပွဲခင်းသွားတာက ဇာတ်ကြည့်ဖို့လား။ လျှောက်လည်ဖို့လား။ မုန့်စားဖို့လား။
ဖြေ ။ ဇာတ်ပွဲကြည့်ဖို့ပဲ။ လျှောက်လည်တာမရှိဘူး။ ပွဲထွက်ချိန်ကို ချိန်းပြီးသွားတာ။ မုန့်လည်း သိပ်မဝယ်စားဖြစ်ဘူး။ တစ်ခါတလေ ဘာမှမဝယ်စားဘဲ ပြန်လာတာတောင် ရှိတယ်။
DW ။ ဇာတ်ပွဲရဲ့ ဘယ်ကဏ္ဍကို ကြိုက်တာလဲ။ ဇာတ်ပွဲကို ဘယ်လောက်တောင်ကြိုက်တာလဲ။
ဖြေ ။ ဇာတ်ပွဲမှာ အပျိုတော်ယိမ်း၊ တေးသရုပ်ဖော်နဲ့ နှစ်ပါးသွားတွေ ကြိုက်တယ်။ ငယ်ငယ်ကတော့ ပြဇာတ်လည်း ကြိုက်တယ်။ လုံးဝမကြိုက်တာတစ်ခုက စတိတ်ရှိုးပဲ။ ပွဲကြိုက်တာကတော့ ရွာမှာ ငါးညပွဲခံရင် သုံးညရောက်ပြီးသားပဲ။
DW ။ ရွာမှာ တစ်နှစ်ပွဲ ဘယ်နှစ်ကြိမ်လောက်ကျင်းပလဲ။
ဖြေ ။ ရွာမှာ တန်ဆောင်တိုင်တစ်ကြိမ်ပဲ မှတ်မှတ်ရရရှိတော့တယ်။ ငယ်ငယ်က သီရိမင်္ဂလာဘုရားတောင်မှာတော့ ပဌာန်းပွဲပြီးရင် တပေါင်းပွဲ လုပ်တယ်တယ်။ နောက်ပိုင်း တပေါင်းပွဲတော် မလုပ်တော့ဘူး။ တစ်နှစ်နေမှ တစ်ကြိမ်ပေါ့။ ဒါပေမဲ့ မိုးရာသီ အနားနီးလာရင် ဇာတ်တွေသိမ်းချိန်ရောက်ရင် ရွှေမင်းဇာတ်ပွဲ ဆိုရွာကို ခဏခဏ (ပွဲ) လာခံတယ်။ ရွာက ပွဲကြိုက်ခင်တွေနဲ့ ဇာတ်ခေါင်းနဲ့လည်း အဆင်ပြေတော့ ပွဲခံကြတယ်။ ဇာဒီမှာ စာသင်ကျောင်း အထက တိုးလိုက်ပြီးမှ စာမေးပွဲရာသီကြောင့် တပေါင်းပွဲနားလိုက်တယ်။ ကိုဗစ်မှာတော့ အားလုံးနားလိုက်ရတယ်။ အရင်က ဗလာဆိုင်းနဲ့ ဇာတ်တစ်ခြမ်းကွဲလောက်ကြည့်ရသေးတယ်။ အခုကတော့ ရွာမှာ ဇာတ်မကြည့်ရတော့ဘူး။ စစ်ဘေးရှောင်ဖြစ်သွားပြီ။
DW ။ ရွာအနီးမှာ နာမည်ကျော် ဘုရားပွဲတော်တွေအထိ ပွဲလိုက်ကြည့်ဖူးလား ။
ဖြေ ။ ကြည့်ဖူးတာပေါ့ ။ နဘုဘယ်ခြေတော်ရာဘုရားပွဲ၊ ကံပေါက်တန်ဆောင်တိုင်၊ ကလိန်အောင်ဆံတော်ရှင်တပေါင်းပွဲ တွေ လိုက်ကြည့်ဖူးတယ်။ အဲဒီဘုရားပွဲတွေက ဇာတ်ကြီးတွေ လာတယ်လေ။ ဖိုးချစ်၊ ဟန်ဇာမိုးဝင်း၊ စွမ်းဇာနည် အကုန်လာဖူးတယ်။ ပြီးတော့ ဖောင်းတော မော်ကြီးဘက်က မွန်အမျိုးသားနေ့ပွဲတော်ဆို အကြီးအကျယ်စည်တယ်။ ချမ်းညီချမ်း၊ သိုက်သံဟာ အဲဒီလို မွန်ဇာတ်ကြီးတွေ နှစ်တိုင်းလာတယ်။ နဘုလယ်ခြေတော်ရာဘုရားပွဲလည်း မော်လမြိုင်ဇာတ်ကြီးတွေ လာတာပဲ။ ညအိပ်ညနေသွားကြည့်ဖူးတယ်။
DW ။ အခု ဇာတ်ပွဲ မကြည့်ရတာကြာတော့ ဇာတ်ပွဲကို လွမ်းရင် ဘယ်လိုဖြေသိမ့်လဲ ။
ဖြေ ။ ရုပ်သံလိုင်းတွေမှာ ဇာတ်ရှာကြည့်ရတာပေါ့။ အရင်က တစ်အိမ်လုံးထိုင်ကြည့်ကြတယ် ။ အခုကတော့ တစ်ယောက်တစ်နေရာစီ မှာရှိနေကြတယ် အတူတူမကြည့်ရတော့ဘူး ။ ခံစားချက်ကမတူဘူးပေါ့လေ ။ ပွဲခင်းထဲသွားထိုင်ကြည့်ရတဲ့ခံစားချက်က ပိုကောင်းတယ်။ နှင်းကျပြီး အေးအေးလေးနဲ့ အဲဒီသဘာဝကို သဘောကျတယ် ။ ပြီးတော့ ဇာတ်ပွဲထွက်ခါနီး ခုနစ်သံချီနဲ့ ပွဲခေါ်သံပေးတာကိုလည်း သဘောကျတယ် ။ ရုပ်သံလိုင်းတွေမှာ ကြည့်ရင် အဲဒီခံစားချက်အရသာမရဘူး ။
DW ။ အခု ထားဝယ်လည်းရောက်နေတယ် ။ ထားဝယ်မှာလည်း သပိတ်မျှောပွဲမှာ ရွှေမင်း ပွဲခံမယ် ။ သွားကြည့်မလား။
ဖြေ ။ လောလောဆယ် ပွဲကြည့်ဖို့ ဆန္ဒမရှိသေးဘူး ။ ပွဲလွမ်းနေတာလောက်ပါပဲ ။
DW ။ တကယ်လို့ တိုင်းပြည်က ရုတ်တရက်အပြောင်းအလဲ ဖြစ်သွားမယ်ဆိုရင် ရွာပြန်ပြီး ရွာသားတွေ ပွဲခံကြမယ်ထင်လား။
ဖြေ ။ အဲဒီလိုတော့ မပြောတတ်ဘူး။ ဒါပေမဲ့ ရွာသားတွေ အားခဲထားတဲ့ ပွဲကတော့ တစ်ပွဲကျန်သေးတယ် ။ ရွာက ကျောင်းလွှတ်ပွဲ ။ ဆရာတော် ကိုယ်တိုင်ကလည်း အကြီးအကျယ်လုပ်ချင်တယ် ။ ဇာတ်အကြီးတွေပဲ ထည့်မယ်အားခဲထားတယ်။ အခုကတော့ ဆရာတော် ကိုယ်တိုင်က စစ်ဘေးကြောင့် ရန်ကုန်မှာနေနေရတယ် ။ တိုင်းပြည်အေးချမ်းရင်တော့ ရွာသားတွေ အဲဒီပွဲအကြီးအကျယ် လုပ်ဖြစ်လိမ့်ကြမယ်ထင်တယ် ။
DW ။ အခုကာလ ပွဲခံမယ့်သူတွေရော ဘာပြောချင်လဲ ။
ဖြေ ။ ပြောစရာမရှိပါဘူး ။ သူတို့လည်းသူတို့လုပ်ချင်တာလုပ်တာပဲကို ။ ကိုယ်တိုင်ကတော့ ကိုယ့်ဆန္ဒကို ထိန်းချုပ်နိုင်သေးတယ်။
DW ။ ပွဲလွမ်းသူတွေအတွက် ဆုတောင်းစကားလေးဖြစ်ဖြစ်ပြောပေးပါ။
ဖြေ ။ တိုင်းပြည် မြန်မြန်အေးချမ်းပြီး အရင်လို ပွဲတော်တွေ အနှစ်သာရရှိရှိ ပြန်လည်ဆင်နွှဲနိုင်ကြပါစေရှင့်။
DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(Dawei Watch စာဖတ်ပရိတ်သတ်တစ်ဦးချင်းစီရဲ့ ဇာတ်ပွဲအမှတ်တရ၊ ဇာတ်ပွဲအတွေ့အကြုံလေးတွေလည်း မျှဝေပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။)