ထားဝယ်ဒေသ၏ ပွဲဦးထွက်ပွဲတော်ဖြစ်သော မမဘုရားပွဲစပြီဖြစ်သည်။
ကိုဗစ်၊ ကိုစစ်နှင့်အတူ ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် ပွဲစျေးငတ်နေသည့် ဒေသခံများအတွက် အာသာပြေသွားနိုင်သည့် ပွဲလမ်းတစ်ခုပင်။
သို့သော် ထားဝယ်ဒေသပွဲစျေးဟု ဆို၍မရတော့။ ပွဲစျေးတန်းတွင် ရောင်းချနေသည့် မုန့်သည်များပင် ဒေသရနံ့ကို မသယ်ဆောင်လာတော့။
ယခုနှစ်မမဘုရား ပွဲစျေး၌ ဒေသမုန့်များအစားတွင် ယိုးဒယားအစားအစာများက နေရာယူလာသလို အခြားဒေသမှ အစားအသောက်များက ပိုမိုလွှမ်းမိုးနေဟုဆိုသည်။
မမဘုရားပွဲစျေးနှင့် နှစ်စဥ် ထိတွေ့နေရသည့် ရှမ္မလည်ဆွဲရပ်ကွက်က အသက်လတ်ပိုင်း အမျိုးသားတစ်ဦးကလည်း ယခုနှစ် ဘုရားပွဲစျေးသည် စည်းကားသော်လည်း ဒေသရိုးရာမုန့်ဆိုင် အားနည်းပြီး အသားကင်နှင့် အခြားအစားအစာများ ပိုတိုး၍ နေရာယူလာသည်ကို မြင်ရကြောင်း ပြောသည်။
“အရင်က မမဘုရားပွဲဆို အာပုံမုန့်သည် သုံးယောက်လာတယ်။ ဘိန်းမုန့်သည်၊ ထိုးမုန့်သည်၊ ကလယ်မော (ကောက်ညှင်း ကျည်တောက်) သည် အဲဒါတွေလည်း အများကြီးလာကြတယ်။ အခုနှစ် အဲဒီမုန့်ဆိုင်တွေက အမျိုးအစားတစ်ခု တစ်ဆိုင်နှုန်းပဲ တွေ့ရတယ်။ ပွဲစျေးစည်နေတာ ယိုးဒယားအသားလုံးကင်စျေးတန်းနဲ့ စည်နေတာ” ဟု သူက ပြောသည်။
မမဘုရားပွဲနှင့် ဒေသမုန့်
ယခုနှစ် မမဘုရားပွဲသည့် ကိုဗစ်ကာလနောက်ပိုင်းကျင်းပသည့် ဘုရားပွဲ လေးနှစ်အတွင်း ပွဲစျေး ပြန်လည်စည်ကားသည့် နှစ်ဖြစ်သည်။
ပုံမှန်အတိုင်းဆိုလျှင် မမဘုရားပွဲ ပထမနေ့ကတည်းကစ၍ ရှမ္မလည်ဆွဲဓာတ်ဆီဆိုင်ရှေ့ရှိ လမ်းဆုံတြိဂံတုံး ပန်းခြံတွင် ကလယ်မော (ကောက်ညှင်းကျည်တောက်) ရောင်းသူများ တစ်ရက်လျှင် အနည်းဆုံးငါးဦးထက်မနည်း တွေ့ရလေ့ရှိကြောင်း ထားဝယ်မြို့၊ ရှမ္မလည်ဆွဲ ရပ်ကွက်က လူငယ်တစ်ဦးက ပြောသည်။
“ကလယ်မော စားချင်လို့ မမဘုရားပွဲကို သုံးရက်ဆက်တိုက်သွားရှာတယ်။ လေးရက်မြောက်နေ့မှ တွေ့တယ်။ သူ့မှာလည်း ပါလာတာ နည်းလို့ ရသလောက်ပဲ ခွဲတမ်းနဲ့ဝယ်စားလာရတယ်” ဟု ၎င်းက ဆိုသည်။
ထားဝယ်မြို့၏ ပွင့်လင်းရာသီ အဖွင့်ပွဲစျေးတန်းတွင် ရန်ကုန်မုန့်ဟင်းခါး၊ ယိုးဒယားသင်္ဘောသီးထောင်း၊ ဆူရှီ၊ ဟောဒေါ့၊ ကုလားပဲစေ့သုပ်၊ ဘယာကြော်၊ ကြက်ဥမုန့်လိပ်၊ ဘိန်းမုန့်၊ အာပုံ၊ အကြော်စုံ၊ အသားကင်၊ ထိုးမုန့်၊ ရေခဲချောင်း၊ ပြောင်းဖူးဖုတ်၊ ကော်ပြန့်လိပ်၊ အအေးဆိုင်၊ ပလာတာဆိုင်များသာ တွေ့ရသည်ဟုဆိုသည်။
ဒေသရိုးရာမုန့် အရေအတွက် အားနည်းနေပြီး ဒေသမုန့်ငတ်သူများ အာသာပြေပင် ဝယ်စားခွင့် မရခဲ့ဟုဆိုသည်။
ယခင်က ကလယ်မောကို မမဘုရားပွဲတွင် စျေးကွက်စဖွင့်၍ မိုးရာသီ ကဆုန်ညောင်ရေသွန်းပွဲအထိ ပွဲတော်ရာသီ တောက်လျှောက် ရောင်းရလေ့ရှိကြောင်း ကလယ်မောစျေးသည်များထံမှ သိရသည်။
ကလယ်မောနှင့် ပတ်သက်၍ ထားဝယ်မြို့ခံ စာပေချစ်သူတစ်ဦးက “ကလယ်မောဆိုတာ ထား၀ယ်ဒေသမှာဆို မမဘုရားပွဲကနေ စပြီး ရောင်းရ၊ စားရတာလေ။ အဲဒါ ထားဝယ်ဓလေ့တစ်ခုပဲ” ဟု ဆိုသည်။
ဒေသမုန့် အခက်
ဒေသမုန့်များ ပျောက်လာရခြင်းမှာ အကြောင်းအရင်း တစ်ခုတည်းကြောင့် မဟုတ်ဘဲ အကြောင်းရင်းများစွာက တွန်းပို့နေ၍ဖြစ်ကြောင်း တွေ့ရသည်။
အဓိကကျသည့် အချက်များမှာ ဒေသမုန့် စျေးကွက်ပျောက်လာခြင်း၊ ကုန်ကြမ်းစျေးတက်ခြင်း၊ အလုပ်သမားရှားလာပြီး အကျိုးအမြတ်နည်းလာခြင်းတို့ဖြစ်သည်။
ဒေသရိုးရာမုန့်များကို ထားဝယ်ဒေသ အလှူ၊ မင်္ဂလာပွဲများတွင် မျက်နှာပန်းလှသည့် မုန့်များအဖြစ် ထည့်သွင်း တည့်ခင်းလေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင် အလှူ၊ မင်္ဂလာကျင်းပသူများက ဒေသရိုးရာမုန့်ထက် အခြားအစားထိုးမုန့်များကို ပို၍ အသုံးပြုလာသည်ဟု ဒေသမုန့်လုပ်သူများက ဆိုသည်။
“ထိုးမုန့်ထက် ကိတ်မုန့်တွေအမှာ များလာတယ်။ သယ်သူပို့ဆောင်ရလွယ်လို့ဖြစ်မယ်။ အလှူတွေအတွက် ထိုးမုန့်ထက် ကိတ်မုန့်တွေ အစားထိုးဝယ်လာကြတယ်” ဟု ထိုးမုန့် အော်ဒါလက်ခံသည့် ထားဝယ်မြို့က မုန့်တိုက်ပိုင်ရှင်တစ်ဦးက ပြောသည်။
ဒေသထွက်မုန့်များ အော်ဒါနည်းလာခြင်း၏ အခြားအကြောင်းတစ်ခုမှာ စျေးနှုန်းဖြစ်သည်။
ကျပ်ငွေတန်ဖိုး ကျဆင်းမှုနှင့်အတူ ကုန်ကြမ်းစျေးနှုန်းမြင့်လာခြင်းကြောင့် ဒေသထွက်မုန့်များ၏ စျေးနှုန်းများ မဖြစ်မနေ လိုက်တက်လာရကြောင်း စျေးတက်သော်လည်း ချိန်ဆပြီးတက်ရသဖြင့် အမြတ်နည်းလာကြောင်း မုန့်လုပ်သူများက ဆိုကြသည်။
“မုန့်ကုန်ကြမ်းက နို့ဆီ၊ သကြားနဲ့ အုန်းသီး အားလုံးက စျေးအဆမတန် တက်နေတယ်။ ဒါပေမဲ့ မုန့်ကိုပြန်ရောင်းရင် စျေးက အဆမတန်တင်လို့မရဘူး။ အဲဒီလိုနဲ့ မကာမိတော့လို့ ဖောက်သည်ယူတာ ရပ်လိုက်တဲ့ စျေးသည်တွေရှိတယ်။ အခုဆို ဖောက်သည်ယူနေတာ သုံးယောက်ပဲကျန်ပြီ။ အရင်က ကိုယ်တိုင်လည်း အိမ်မှာခင်းရောင်းတယ်။ အခုတော့ မကာမိလို့ နားတာကြာပြီ” ဟု ထိုးမုန့်အော်ဒါယူရောင်းသည့် အမျိုးသမီးက ဆက်ပြောသည်။
ယခုပွင့်လင်းရာသီမတိုင်မီတွင် မုန့်တစ်ဗန်း အနည်းဆုံးစျေး ကျပ်သုံးသောင်းဝန်းကျင်တွင် ရှိနေသည်ဟု မုန့်အော်ဒါလက်ခံသူများထံက သိရသည်။
ယခင်က မုန့်တစ်ဗန်းလျှင် ကျပ်နှစ်သောင်းဝန်းကျင်သာပေးရရာမှ ကျပ်တစ်သောင်းကျော် ခုန်တက်သွားခြင်းဖြစ်သည်။
စားသုံးသူဘက်ကလည်း ဒေသရိုးရာမုန့် ဝယ်စားရာတွင် ငွေများများပေး၍ မုန့်နည်းနည်းသာ ရတော့သည်ဟုဆိုကြသည်။
“အခုက ဘာမုန့်ဝယ်ဝယ်၊ မုန့်တစ်တုံး ငါးရာ၊ တစ်ထောင်ဖြစ်နေတယ်။ ဆီထမင်းဝယ်ရင်လည်း ငါးရာဖိုးအောက်ထစ်ပဲ ဝယ်ရတော့တယ်။ မုန့်ဗိုင်းတောင့် (မုန့်ကြေးကြာ) ဆိုရင် တစ်ထောင်ဖိုးမှရတယ်။ စားချင်တဲ့လူကတော့ အခုထိ စျေးကြီးပေးပြီး ရအောင်ရှာဝယ်စားနေတုန်းပဲ” ဟု ဒေသရိုးရာမုန့် နှစ်သက်သည့် ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။
ယခင်က ရာဂဏန်းဖြင့် ရောင်းချသည့် ကလယ်မောမှာ ယခုနှစ် စျေးကွက်တွင် အငယ်တစ်လုံး တစ်ထောင့်ငါးရာကျပ်ဖြင့် ရောင်းချပြီး ကလယ်မောအကြီး တစ်လုံးလျှင် ကျပ်ငါးထောင်ဝန်းကျင်ဖြင့် ရောင်းချကြောင်း ကလယ်မောရောင်းသူက ပြောဆိုသည်။
မုန့်စျေးများ တက်သွားသော်လည်း အမြတ်ကျန်လှသည့် မဟုတ်သဖြင့် ဒေသမုန့်လုပ်ရောင်းသူ နည်းလာခြင်းဟု မုန့်လုပ်သူများထံမှ သိရသည်။
အုန်းသီးရှားသည့် ကမ်းရိုးတန်းဒေသ
တနင်္သာရီတိုင်းမှာ ပင်လယ်ကမ်းရိုးတန်း ဒေသဖြစ်သည့်အလျှောက် အုန်းပင်များပေါများသလို အုန်းသီးပေါသည့် ဒေသဖြစ်ရာ ဒေသထွက်မုန့်များမှာ အုန်းသီးကို အခြေခံသည်က များသည်။
သို့သော်ယခုနှစ်တွင် ဒေသမုန့်လုပ်သူများအတွက် အကြီးမားဆုံးရင်ဆိုင်ရသည့် အခက်အခဲမှာ အုန်းသီးရှားပါးပြီး စျေးမြင့်နေခြင်းဖြစ်သည်။
အုန်းသီးရှားပါးသဖြင့် ထိုးမုန့်အော်ဒါကို ကန့်သတ်၍သာ လက်ခံတော့သည်ဟု ထိုးမုန့်လုပ်ငန်းရှင် တစ်ဦးကပြောသည်။
“အော်ဒါပမာဏရဲ့ သုံးပုံတစ်ပုံပဲ လက်ခံရဲတော့တယ်။ အဓိက အုန်းသီးရှားလို့ စျေးကြီးပေးဝယ်ရင်တောင် ဝယ်ရခက် နေတော့ အော်ဒါလက်ခံပြီးမှ မလုပ်ဖြစ်ရင် အားနာလို့ အများကြီးအော်ဒါ လက်မခံတော့တာပါ။ နောက်တစ်ခုက အလုပ်သမားလည်း အားနည်းလာတယ်” ဟု သူကပြောပြသည်။
မြိတ်နှင့် တနင်္သာရီမြို့နယ်တို့တွင်လည်း အုန်းသီးဝယ်ယူရခက်၍ ဈေးကြီးပေးဝယ်နေရသည်ဟု ရိုးရာမုန့်လုပ်သူတို့က ဆိုသည်။
“ခေါသရပ်မုန့် (တစ်နှစ်တွင် ဝါခေါင်လပြည့်ကျော် ၃ ရက်နှင့် ၄ရက်တွင်သာ ပြုလုပ်သည့်တနင်္သာရီရိုးရာမုန့်) လုပ်တဲ့ နေ့ကဆို အုန်းသီးပမာဏ တော်တော်လျှော့ထည့်ရတယ်။ ဝယ်ရလည်းခက်တယ်။ ဈေးလည်းကြီးတယ်။ မုန့်ထဲ ထည့်တဲ့ အခြားပစ္စည်းတွေထက် (အုန်းသီးက) သိသိသာသာကို ဈေးတက်လာတယ်။ အုန်းသီးတစ်လုံး သုံးထောင်ကျော် အထိ ပေးဝယ်နေရတယ် ” ဟု မြိတ်မြို့က ထိုးမုန့်နှင့် ရိုးရာမုန့်ရောင်းသူ အမျိုးသမီးတစ်ဦးကပြောသည်။
ထားဝယ်မမဘုရားပွဲတွင် တစ်ဦးတည်းသော ကလယ်မောရောင်းသူအမျိုးသမီးက ကလယ်မောလုပ်ရန် တင်းဝါးခုတ်ယူ၍ သယ်ဆောင်ရသည့် အခက်အခဲနှင့် အုန်းသီးစျေးတက်မှုတို့ကြောင့် ကလယ်မော လုပ်သူနည်းသွားကြောင်း ဆိုသည်။
“ဝါးသွားခုတ်ပြီး ရောင်းပေးမယ့်သူလည်း နည်းလာတယ်၊ နယ်မြေအနေအထားကြောင့်ပေါ့။ အုန်းသီးကလည်း ရှားတယ်။ လက်တန်းဝယ်ရင် ငါးထောင် (ကျပ်) ပေးရတယ်။ ကိုယ့်ခူးသမားနဲ့ကိုယ် အုန်းပင်တက်ခူးရင် သုံးထောင်နဲ့ ရသေးတယ်။ ကောက်ညှင်းဆန်ကလည်း မသိမသာစျေးတက်တယ်။ အဲဒါကြောင့်ပဲ မကိုက်လို့ နားလိုက်ကြတာ” ဟု ၎င်းက ဆိုသည်။
ယခင်နှစ်များကလည်း အုန်းသီးရှားပါးမှု ကြုံခဲ့ရသော်လည်း ယခုနှစ်ကဲ့သို့ ခက်ခက်ခဲခဲ ဝယ်ယူရသည်အထိမဖြစ်ခဲ့ဟု မုန့်လုပ်သူတို့ကဆိုသည်။
အုန်းသီးရှာပါးရခြင်းသည် ရာသီဥတုဒဏ်ကြောင့် အုန်းသီးအထွက်နည်းသလို ရန်ကုန်၊မန္တလေး အဝယ်ဒိုင်များက ကမ်းရိုးတန်းအုန်းသီးကို တိုက်ရိုက်ဆင်းဝယ်သည့် ပမာဏများခြင်းတို့ကြောင့် ဒေသစျေးကွက်တွင် အုန်းသီးရှားလာခြင်းဖြစ်ကြောင်း အုန်းသီးလုပ်ငန်းရှင်များကဆိုသည်။
ထားဝယ်ဒေသထွက်မုန့်များအားလုံးသည် အုန်းသီးကို မဖြစ်မနေထည့်၍ ပြုလုပ်ကြသဖြင့် အုန်းသီးဝယ်ရခက်လာခြင်း သည်လည်း ဒေသရိုးရာမုန့် အားနည်းလာသည့် အကြောင်းအရင်းတစ်ခု ဖြစ်နေသည်။
“အုန်းသီးက ရှားတုန်းပဲ ။ အခုနည်းနည်းရသလောက်ပြန်ဝယ်ထားတာ တစ်လုံး ၂၅၀၀ (ကျပ်) စျေးနဲ့ နည်းနည်းရှိနေတယ် ။ အရင်က မမဘုရားပွဲဆို (အဓိဌာန်ဖြင့် အုန်းသီးပစ်ခွဲပူဇော်ခြင်းအတွက်) ပစ်ခွဲဖို့သက်သက် အလုံးရာဂဏန်းနဲ့လာဝယ်တယ်။ အခုနှစ်တော့ အဲဒီလိုလာဝယ်သူမရှိတော့ဘူး” ဟု ထားဝယ်မြို့က အုန်းသီးခြစ်လုပ်ငန်းလုပ်သူအမျိုးသမီးကပြောပြသည်။
ကျွမ်းကျင်ဝန်ထမ်းရှားလာ
အခြားပြဿနာတစ်ခုမှာ ဒေသထွက်ရိုးရာမုန့်များမှာ ကျွမ်းကျင်သည့် မုန့်လုပ်သူများကို အားပြုလုပ်ကိုင် ကြခြင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခများစွာကြောင့် ကျွမ်းကျင်လုပ်သားရှားပါးလာနေသည်။
ထိုးမုန့် လုပ်ငန်းတစ်ခု လည်ပတ်ရန် မုန့်ထိုးကျွမ်းကျင်သည့် အမျိုးသား၊ အမျိုးသမီးဝန်ထမ်း အနည်းဆုံးလေး၊ငါးဦး ဖြင့် လည်ပတ်ရကြောင်း ထိုးမုန့်လုပ်ငန်းရှင်တစ်ဦးကဆိုသည်။
“မုန့်က ထိုးတဲ့စက်ရှိပေမယ့် မတွင်ကျယ်ဘူး။ လူနဲ့ထိုးမှအားရတယ်။ အရင်က ပွင့်လင်းရာသီဆို မုန့်ထိုးကြတယ်။ အလုပ်သမား လေးငါးယောက်နဲ့ အခုက မုန့်ထိုးတတ်တဲ့ ယောက်ျား (အလုပ်သမား) ရှားလာတယ်။ စစ်မှုထမ်းစနစ်ကြောင့် ယောက်ျားတွေ အရွယ်စုံနီးပါးပျောက်ကုန်တော့တယ်” သူကပြောသည်။
အလုပ်သမား အင်အား နည်းပါးသဖြင့် ကသီသည့် (လုပ်ရလက်ဝင်သည့်) မုန့်အမျိုးအစားများကို နောက်ပိုင်းတွင် ရပ်နားလိုက်ရသည်ဟု ထိုးမုန့်လုပ်သူများထံကသိရသည်။
“ကသီတဲ့မုန့် ဥပမာ ပီလောပီနံဟာလဝါ တို့လို မုန့်တွေဆို ဖြုတ်လိုက်တာကြာပြီ” ဟု ထိုးမုန့် အော်ဒါလက်ခံသူ အမျိုးသမီးတစ်ဦးကပြောသည်။
ထားဝယ်ဒေသတွင် ကလယ်မော ထုတ်လုပ်ရာတွင် နာမည်ကျော်သည့် လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်ရွာနှင့် ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်က ကလယ်မောများကိုမူ ယခုနှစ်စျေးကွက်တွင် မတွေ့ရတော့ပေ။
တောင်မင်းပြောင်ရွာက ကလယ်မောလုပ်သူများက ကိုဗစ်ကာလကတည်းက ကလယ်မောမလုပ်တော့ဘဲ အခြားကျပန်း အလုပ်များ လုပ်ကိုင်နေကြကြောင်း Dawei Watch က ၂၀၂၀ ခုနှစ်က မြေပြင်တွင် သွားရောက်မေးမြန်းရာတွင် ကလယ်မောရောင်းသည့် ဒေသခံတို့က ဖြေကြားခဲ့ကြသည်။
တောင်မင်းပြောင်ရွာသည် ယခုနှစ် ဇူလိုင်လတွင် စစ်ဘေးဘဏ်သင့်ခဲ့ပြီး စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရသည်။
ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်က ကလယ်မောရောင်းသူများကို အဆက်အသွယ် မရသဖြင့် ယခုနှစ် စျေးကွက်သို့ မရောက်လာသည့် အကြောင်းအရင်းကို မသိရသေးပေ။
ထားဝယ်မြို့ခံ အဝေးရောက် ကလယ်မောစျေးသည်တစ်ဦးကမူ “ကလယ်မောရောင်းသမား ရှမ်းပြည် (ထိုင်း) ရောက်သွား လို့ပါရှင့်။ ပြန်လာရင် လာရောင်းမယ်ရှင့်” ဟု ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားထားသည်။
အသက်ငင်နေသည့် ဒေသမုန့်
ယခုနှစ် မမဘုရားပွဲတွင် ရှားရှားပါးပါးတွေ့ခဲ့ရသည့် ကလယ်မောသည်မှာ တိုက်ပွဲများနှင့်အတူ ပဋိပက္ခပြင်းထန်နေသော ထားဝယ်အရှေ့တောဒေသက ဖြစ်သည်။
“ကျွန်မက ပွဲတော်အသံကြားရင် မရောင်းဘဲ မနေနိုင်လို့ ရောင်းနေတာပါ။ အခုစျေးနဲ့ အမြတ်လည်းမကျန်ပါဘူး။ ဆက်တော့ ရောင်းနေပါဦးမယ်” ဟု ကလယ်မောရောင်းသူ အဆိုပါအမျိုးသမီးက ပြောသည်။
ဒေသမုန့်များမှာ ပုံမှန်အချိန်တွင် ရောင်းချသူနည်းပါးပြီး အလှူပွဲများနှင့် ပွဲစျေးတန်းများတွင်သာ စားသောက်ခွင့်ရကြသည်။
ယင်းကြောင့်ပွဲစျေးများ၏ အနှစ်သာရတွင် ဒေသမုန့်များ ဝယ်ယူစားသုံးခွင့် ရခြင်းကလည်း အရေးပါလှသည်။
ပွဲစျေးလျှောက်ရင်း ဒေသထွက်မုန့်များ ဝယ်ယူစားသောက်သူများအတွက် ယခုပွဲစျေးများက အနှစ်သာရ မရှိတော့ဟု ဆိုကြသည်။
ဒေသထွက်မုန့်ရောင်းသူ နည်းပါးလာသဖြင့် ဒေသထွက်မုန့်များ စားချင်ပါက အလှူအတန်းဖိတ်မည်ကိုသာ စောင့်နေရကြောင်း ထားဝယ်ဒေသခံများက ဆိုကြသည်။
အလှူအတန်းများတွင် ဒေသထွက်မုန့်ကျွေးပါက ခပ်စောစောအရောက်သွားကြရပြီး နောက်ကျပါက ကုန်သွားလေ့ရှိသည်အထိပင် ကြုံနေရဟုဆိုသည်။
ထားဝယ်တွင်သာ စားရလေ့ရှိသည့် ထားဝယ်ဆီထမင်းမှာ ရောင်းသူမရှိသဖြင့် အလှူသာမျှော်နေရဟုဆိုသည်။
ထားဝယ်ဒေသ၏ ပွင့်လင်းရာသီ ပွဲဦးထွက်ပွဲတော် မမဘုရားပွဲသည် အောက်တိုဘာလဆန်းတွင် ပြီးဆုံးသွားပြီဖြစ်ပြီး ပွင့်လင်းရာသီတောက်လျှောက် ပွဲတော်များ ဆက်တိုက်ရောက်ရှိလာတော့မည် ဖြစ်သည်။
ဒေသမုန့်များကတော့ ဖုတ်လှိုက်ဖုတ်လှိုက်ဖြင့် အသက်ငင်နေ၍ ပျောက်ကွယ်သွားမည့် အခြေအနေကို စောင့်နေရသည့် အနေအထားဖြစ်နေသည်။
ဒေသမုန့်လုပ်သူများကလည်း အခက်အခဲများစွာကြောင့် ရပ်သူများလာပြီး တောင့်ခံပြီး ဆက်လုပ်သူ အချို့သာရှိတော့သည်။
ထိုးမုန့်အော်ဒါလုပ်ပေးသည့် အမျိုးသမီးတစ်ဦးက အကျိုးအမြတ်နည်းပါးသော်လည်း ဆက်လုပ်ဖြစ်ရသည့် အကြောင်းကို ယခုလိုဆိုသည်။
“အခုက မိရိုးဖလာလုပ်ငန်းလေး အဆက်မပြတ်သွားအောင်ပဲ ဆက်လုပ်ဖြစ်နေတယ်”