BREAKING
October 16, 2024

စစ်ကောင်စီတပ်က ပုလော၊ ခန္တီကျေးရွာအုပ်စုကို စစ်ကြောင်းထိုး၊ အရပ်သား ၃၀ ခန့် ကိုဖမ်းဆီးရိုက်နှက်

October 14, 2024

ပုလောမြို့နယ်၊ ခန္တီကျေးရွာအုပ်စုရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး အရပ်သား ၃၀ ခန့်ကို ဖမ်းဆီးရိုက်နှက်နေကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာ ၁၄ ရက်(ယနေ့ )နံနက် ၈နာရီခွဲဝန်းကျင်က အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီတပ်သားများက လှေငယ် ၃ စီးဖြင့် ခန္တီကျေးရွာအုပ်စုရှိ တောင်ခေါင်းလောင်းရွာနှင့် ကုလားမခေါင်းကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ဒေသခံများက ဆိုသည်။

“ပြေးတဲ့သူကပြေးပြီး ပြေးမလွတ်တဲ့သူနဲ့ ရွာမှာရှိနေတဲ့ လူငယ်သုံးဆယ်လောက်ကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းသလို ရိုက်နှက်တာတွေလည်း လုပ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ ဖမ်းဆီးသည့်အပြင် ရွာအတွင်းရှိ နေအိမ်များကို ဖောက်ထွင်းဝင်ရောက်ကာ ပစ္စည်းများကို ရှာဖွေနေကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

ယင်းအပြင် စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် လှေတွင်အသုံးပြုသည့် စက်များအတွက် အင်ဂျင်ဝိုင် ၄ လုံး ပေးရမည်ဟုပြောဆိုခဲ့ကြောင်း ၎င်းက ပြောသည်။

၎င်းတို့တောင်းသည့် အင်ဂျင်ဝိုင် မပေးနိုင်ပါက ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသခံများက ဆိုသည်။

ထိုကဲ့သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ခန္တီကျေးရွာအုပ်စုနေ ဒေသခံအချို့က ပြောဆိုကြသည်။

ပြီးခဲ့သည့်လကလည်း ခန္တီကျေးရွာအုပ်စုအတွင်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာသဖြင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးကြရသည်။