BREAKING
January 28, 2025

ကော့သောင်း-ရနောင်းနယ်စပ်မှ ထိုင်းသို့အလည်ဗီဇာဖြင့် ဝင်သူများကို စစ်ကောင်စီအဖွဲ့ ငွေညှစ်

October 14, 2024

ပုံစာ - ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ ကော့သောင်း-ရနောင်းပို့ဆောင်ပေးနေသည့် ပဲ့ချိတ်ဆိပ်အား တွေ့ရစဉ်။

ကော့သောင်း-ရနောင်းနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ အလည်အပတ်ဗီဇာ(Tourist Visa) ဖြင့် ဝင်မည့်သူများကို စစ်ကောင်စီ၏ လဝကဝန်ထမ်းများနှင့် သတင်းရဲတပ်ဖွဲ့(SB)က အမျိုးမျိုးပြဿနာရှာပြီး ငွေညှစ်နေကြောင်း ခရီးသွားအချို့ထံမှ သိရသည်။

ကော့သောင်းမြို့ ကမ်းနားလမ်းရှိ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ထုတ်ပေးရေးရုံးရှိ စစ်ကောင်စီဝန်ထမ်းများက အကြောင်းမျိုးစုံပြပြီး ငွေကြေးတောင်းခံနေခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ရက် ၆၀ သက်တမ်းရှိ အလည်အပတ်ဗီဇာလျှောက်ပြီးနောက် PV အမျိုးအစား နိုင်ငံကူးလက်မှတ်ဖြင့် ကော့သောင်း-ရနောင်း နယ်စပ်လမ်းမှ ဖြတ်သန်းဝင်ရောက်မည့်သူများကို ပြီးခဲ့သည့်အပတ်မှစကာ စည်းကမ်းချက်အမျိုးမျိုးထုတ်ပြီး တင်းကြပ်နေကြောင်း နယ်စပ်နေ မြန်မာအချို့က ပြောသည်။

ထိုသို့ နယ်စပ်မှဖြတ်သန်းဝင်ရောက်ပါက ထိုင်းနိုင်ငံအတွင်း သွားမည့်မြို့နှင့် ရနောင်းမြို့ အသွားအပြန် ကားလက်မှတ်၊ သွားမည့်မြို့ရှိ ဟိုတယ်ဘိုကင်၊ Show Money အဖြစ် ဘတ် ခုနစ်သောင်း စသည့် အချက်အလက်များကို တောင်းခံနေကြောင်း ယခုရက်ပိုင်းအတွင်း ဖြတ်သန်းသွားလာခဲ့သူတစ်ဦးက ဆိုသည်။

ယခင်ကမူ အထက်ပါအချက်အလက်များမလိုအပ်ဘဲ ထိုင်းသံရုံးမှ အတည်ပြုထုတ်ပေးသည့် အလည်အပတ်ဗီဇာဖြင့်ပင် သွားလာနိုင်သည်။

“ထိုင်းနိုင်ငံထဲ သွားလာမယ့်အချက်အလက်တွေက သူတို့နဲ့ဘာမှဆိုင်တာမဟုတ်ဘူး။ ငွေလိုချင်လို့ သက်သက်ညစ်နေတာ”ဟု အဆိုပါ သွားလာခဲ့သူက ပြောသည်။

ထိုအချက်အလက်များ ပြသနိုင်ခြင်းမရှိပါက ဘတ် ၄၀၀၀ မှ ၅၅၀၀ အထိ တောင်းခံနေပြီး ငွေပေးနိုင်မှ ဖြတ်သန်းခွင့်ရနေကြောင်း ၎င်းက ဆိုသည်။

တောင်းသည့် ငွေပေးလိုက်ပါက အထက်ပါအချက်အလက်များ မလိုအပ်တော့ဘဲ မြန်မာဘက်မှ အထွက်တုံးထုပြီး သွားလာခွင့်ပြုကြောင်း ကြုံခဲ့ရသည့် ကာယကံရှင်က ပြောသည်။

ထိုင်းသံရုံးတွင် အလည်အပတ်ဗီဇာလျှောက်ထားပြီး လေကြောင်းကတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်ပါက Show Money အဖြစ် ဘတ် နှစ်သောင်းသာ ထိုင်းလေဆိပ်တွင် လဝက ဝန်ထမ်းများကို ပြသရန်လိုအပ်သည်။

စစ်ကောင်စီဝန်ထမ်းများက ၎င်းတို့နှင့်မသက်ဆိုင်သည့် အချက်အလက်များကို တောင်းခံကာ ငွေညှစ်နေခြင်းပင်ဖြစ်ကြောင်း ၅၅၀၀ ဘတ်လာဘ်ငွေပေးပြီး လာခဲ့ရသူတစ်ဦးကို ကူညီခဲ့သည့် အမျိုးသားတစ်ဦးက Dawei Watch ကို ပြောသည်။

“သက်သက်ကို ဂွင်ဖန်နေကြတာ။ ထိုင်းသံရုံးကတောင် ခွင့်ပြုထားပြီးကိစ္စကို မြန်မာဘက်က အမျိုးမျိုးညစ်ပြီး ငွေရှာစားကြတာ”ဟု အဆိုပါ အမျိုးသားက ဆိုသည်။

ထိုင်းသံရုံးက အတည်ပြုထုတ်ပေးသည့် ရက် ၆၀ သက်တမ်းရှိ အလည်အပတ်ဗီဇာဖြင့် ထိုင်းနိုင်ငံအတွင်း နေထိုင်နိုင်ပြီး ထိုင်းငွေ ၁၉၀၀ ဘတ် တရားဝင်ပေးဆောင်ကာ ရက် ၃၀ ထပ်မံနေထိုင်ခွင့်ရှိသည်။

ပုံမှန်အားဖြင့် ကော့သောင်းအိမ်ထောင်စုစာရင်းရှိသူများကိုသာ ထုတ်ပေးပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရှိသော နယ်စပ်ဖြတ်သန်းခွင့်စာအုပ်(BP)နှင့် ၇ ရက်သက်တမ်းရှိ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ကိုင်ဆောင်ထား သူများကိုမူ စစ်ကောင်စီအဖွဲ့က ပုံမှန်အတိုင်း ဝင်ထွက်ခွင့်ပြုထားကြောင်း စုံစမ်းသိရှိရသည်။