BREAKING
October 18, 2024

သံဖြူဇရပ်တွင် ဖမ်းဆီးခံ လူမှုကူညီရေးအသင်းဝင်သုံးဦး အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ခံရ

October 14, 2024

ပုံစာ - ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း၏ အရေးပေါ်လူနာတင်ယာဉ်တစ်စီးကို တွေ့ရစဉ်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့ဟု အမည်ရသော လူမှုကူညီရေးအသင်း၏ ဥက္ကဋ္ဌနှင့် အသင်းဝင်နှစ်ဦးကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀ ည (ငွေကြေးထောက်ပံ့မှု) ဖြင့် အမှုဖွင့်လိုက်ကြောင်း အသင်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးရဲမင်းထိုက်နှင့် အသင်းဝင်ရှစ်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယအပတ်အတွင်းက ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများအနက် ဥက္ကဋ္ဌ ဦးရဲမင်းထိုက်နှင့် အသင်းဝင် ကိုဝင်းကြည်၊ ကိုတူးတို့ သုံးဦးကို စစ်ကောင်စီက သံဖြူဇရပ် မြို့မရဲစခန်းတွင် ပုဒ်မ-၅၀ (ည) ဖြင့် အောက်တိုဘာလ ၉ရက်နေ့က အမှုဖွင့်ကြောင်း အသင်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။

“PDF တွေကို ငွေကြေးထောက်မှုတွေလုပ်နေတယ်ဆိုပြီးတော့ အသင်းဥက္ကဋ္ဌနဲ့ နောက်ထပ်နှစ်ဦးကို အကြမ်းဖက်မှု ဥပဒေ ပုဒ်မနဲ့ အမှုဖွင့်လိုက်တာပါ။ သံဖြူဇရပ်မြို့မရဲစခန်းမှု အမှုဖွင့်ထားတယ်။ သူတို့လည်း အဲဒီမှာပဲ ရှိနေတယ်” ဟု အသင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အသင်း ဥက္ကဌနှင့် အသင်းဝင် နှစ်ဦးကို ဝဲခမိတပ်နယ်မှ သံဖြူဇရပ်မြို့မရဲစခန်းသို့ ပြောင်းလဲချုပ်နှောင်ထားပြီး အမှုရင်ဆိုင် နေရကြောင်းလည်း နီးစပ်သူတို့ထံမှ သိရသည်။

အသင်း ဥက္ကဋ္ဌ ဦးရဲမင်းထိုက်၊ ဦးဇော်ဝမ်း၊ ကိုရဲလှိုင်နှင့် အခြားအသင်းဝင် နှစ်ဦးတို့ကို စက်တင်ဘာလ ၁၈ ရက်နေ့ ညက သံဖြူဇရပ်မြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အသင်းရုံးတွင် စစ်ကောင်စီတပ်တို့က ဝင်ရောက် ဖမ်းဆီးခဲ့သည်။

ယင်းအပြင် စက်တင်ဘာလ ၂၁ ရက်နေ့တွင်လည်း နောက်ထပ် အသင်းဝင်သုံးဦးကို စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီး ခဲ့သည်။ ယင်းအနက် အသင်းဝင် သုံးဦးကို စစ်ကောင်စီတပ်က စက်တင်ဘာလ နောက်ဆုံးအပတ်တွင် ပြန်လွှတ်ပေးခဲ့သည်။

အောက်တိုဘာလ ၇ ရက်နေ့တွင်လည်း အသင်းဝင် ကိုရဲလှိုင်ဦး၊ ကိုဇော်ဝမ်းနှင့် အခြားအသင်းဝင်တစ်ဦးတို့ကို ထပ်မံလွှတ်ပေးခဲ့ကြောင်း အသင်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။

မွန်တွင် တော်လှန်ရေးအဖွဲ့များနှင့် ဆက်နွှယ်ပတ်သတ် ထောက်ပံ့ကူညီသည်ဆိုကာ မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲတပ်ဖွဲ့ ဝင်များ၊ ရှေ့နေများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ အရပ်သားပြည်သူများကို စစ်ကောင်စီက ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်လုပ်ဆောင်နေသည်။

လဂွန်းအိမ်စာစဉ်က ထုတ်ပြန်ထားသည့်အချက်အလက်များအရ မွန်တွင် အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှုနှင့် အဓမ္မ စစ်သားစုဆောင်းခံရမှု သိသိသာသာမြင့်တက်လာပြီး စက်တင်ဘာလ တစ်လအတွင်း ဖမ်းဆီးခံရသူ ၅၀ နီးပါးရှိကြောင်း သိရသည်။