အပိုင်း – ၆
အာဖရိကနိုင်ငံများကို ဥရောပတိုက်သား မျက်နှာဖြူလူမျိုးများ နယ်ချဲ့သိမ်းပိုက်ပြီးနောက် ၁၈ ရာစုနှစ်အတွင်း အာဖရိကတိုက်သို့ မိသားစုအလိုက် ပြောင်းရွှေ့အခြေချနေထိုင်သူ ဥရောပတိုက်သားမိသားစုများ အများအပြား တိုးပွားလာခဲ့သည်။
ထိုမိသားစုများ၏ လိုအပ်ချက်အရ ပညာရေးအတွက် ကျောင်းများမှ ဖတ်စာအုပ်များ၊ သင်ခန်းစာများကို မိခင်နိုင်ငံမှ မိမိနေထိုင်ရာ မြို့များမှ သက်ဆိုင်ရာ ကျောင်းများက ပို့ပေးကြသည်။ အစောပိုင်းတွင် စာတိုက်များ၏ စာပို့ခမှာ အလွန်ဈေးကြီး၏။
အာဖရိကရောက် မျက်နှာဖြူမိသားစုများအတွက် ကြီးလေးသည့် စာပို့ခနှင့် ပညာရေးဖြည့်ဆည်းမှုက အဆင်မပြေ။ သို့ရာတွင် သူတို့အတွက် ကံကောင်းခြင်းလက်ဆောင်ကို အင်္ဂလန်နိုင်ငံက ဖန်တီးလိုက်သည်။
၁၈၄၀ မေလမှ စတင်၍ အင်္ဂလန်နိုင်ငံသည် Penny Postage ဟူသည့် စာပို့စနစ်ကို တီထွင်လိုက်သည်။ Penny Postage စာပို့စနစ်ကြောင့် စာပို့ခမှာ များစွာ သက်သာသွားခဲ့သည်။ တချိန်တည်းတွင် စာပေးစာယူသင်ယူလိုသည့် အာဖရိကရှိ ဥရောပတိုက်သားမိသားစုများ များစွာ တိုးပွားလာနေခဲ့သည်။
သည်လိုနှင့် စာပေးစာယူစနစ်နှင့် ပညာသင်ကြားပေးသည့် Correspondence School များ၊ ကောလိပ်များ စတင်ပေါ်ပေါက်လာခဲ့သည်။ သည်နည်းနှင့် ဥရောပတိုက်သားများ ပညာကို အရယူနိုင်ခဲ့ကြသည်။
ထိုက်သင့်သည့် ဝီရိယနှင့် သာမန်ဉာဏ်ရည်ရှိသူ မည်သူမဆို စာသင်ခန်း၏ အဝေးမှနေ၍ ပညာကို အရယူနိုင်သည့်နည်းလမ်းကို ဥရောပတိုက်သားများအကျိုးအတွက် ရည်ရွယ်ကာ ဥရောပတိုက်သားများက တီထွင်နိုင်ခဲ့သည်။
သည်စနစ်နှင့် ပညာဆည်းပူးရသည်က မလွယ်ကူပါ။ လေ့လာသူဘက်က အနည်းငယ် ကြိုးစားမှ ရသည်။
သို့သော် ခက်လှသည်တော့လည်း မဟုတ်ပါ။
သည်ရွာလေးတွင် သူ အင်္ဂလိပ်စာသင်ပေးလာခဲ့သည်မှာ သုံးလကျော်ကြာခဲ့ပြီ။ အင်တာနက်လိုင်းမကောင်း၊ လမ်းပန်းဆက်သွယ်ရေး သိပ်မကောင်းသည့် သည်ရွာလေးကနေ အနီးဆုံးကျေးရွာသို့ တောင်ပေါ် ကျောက်ခင်းလမ်းကြမ်းအတိုင်း ခက်ခက်ခဲခဲသွားလာရသည်။
သည်ရွာတွင် သုံးလကျော်ကြာပြီးသည့်အချိန် သူ့တွင် စိတ်ကူးတစ်ခု ရလာသည်။ သည်ရွာကလေးနှင့် အလှမ်းကွာမှု အနည်းဆုံးကျေးရွာ ၇ ရွာခန့်တွင် အင်္ဂလိပ်စာလေ့လာလိုသည့် လူငယ်များအား အကူအညီပေးလိုသည့် သူ့စိတ်ကူး…။
စစ်အာဏာသိမ်းမှုနောက်ပိုင်း စာသင်ခန်းနှင့် ဝေးကွာခဲ့ရပြီး ပညာသင်ယူခွင့် ဆုံးရှုံးခဲ့ရသည့် လူငယ်ကလေးများ သည်ရွာနှင့် အနီးတဝိုက် ကျေးရွာများတွင် ရှိနေသည်။
ထိုလူငယ်ကလေးများအနက် ပညာရေးအာသီသ ပြင်းထန်၍ အခက်အခဲများကြားမှ အင်္ဂလိပ်စာကို ဆရာလွတ်လေ့လာခွင့်ရမည်ဆိုလျှင် ဆက်လက်လေ့လာနေမည့်လူငယ်ကလေးများ ရှိသည်ဟု သူ ယူဆသည်။ ထိုသို့သော လူငယ်ကလေးများအတွက် သူ့ စိတ်ကူးထဲက အစီအစဉ်အတိုင်း သူ အကောင်အထည် ဖော်ပေးလိုသည်။
သူ့အစီအစဉ်မှာ အရင်ဆုံး ထိုရွာများမှ အင်္ဂလိပ်စာလေ့လာလိုသည့် လူငယ်များကို ရွာတစ်ရွာချင်းစီအလိုက် သူ စုစည်းမည်။
ထိုလူငယ်များလေးအတွက် သူတို့၏ ရွာတစ်ရွာချင်းစီအလိုက် လျှို့ဝှက်စာဖတ်ဝိုင်းလေးများ ဖန်တီးပေးမည်။ ထိုစာဖတ်ဝိုင်းများအတွက် အင်္ဂလိပ်စာလေ့လာရေးစာအုပ်များ စီစဉ်ပေးထားမည်။
သူ ငယ်စဉ်က လေ့လာခဲ့သည့်အတိုင်း အင်္ဂလိပ်စာကို စာအုပ်တွေဖတ်ရင်း ဆရာလွတ်လေ့လာနိုင်စေရန် စီစဉ်ပေးသည့်သဘော ဖြစ်သည်။ သည်နည်းမှာ သူ ငယ်ငယ်က သုံးခဲ့သည့်နည်းဖြစ်၍ သည်နည်းဖြင့် လေ့လာတတ်မြောက်နိုင်သည်ကို သူ မျက်မြင်ဒိဌိသိသည်။
သည်နည်းမှာ အာဖရိကရောက် ဥရောပတိုက်သားများ သုံးခဲ့သည့်နည်းနှင့်လည်း ဆင်သည်။ ရွာတစ်ရွာချင်းစီအလိုက် လူငယ်များ စာဖတ်ဝိုင်းအတွက် စာအုပ်များ ဝယ်ပေးပြီးလျှင်၊ အင်္ဂလိပ်စာလေ့လာရေးစာအုပ်များ ပါဝင်သည့် study pack များကို သူတို့ လူငယ်တစ်ဦးစီ၏ လက်ထဲအရောက်ထည့်ပေးချင်သည်။
စာကြည့်တိုက်တစ်ခုစာ စာအုပ်အများအပြား မရှိသည့်တိုင်အောင် လူငယ်စာဖတ်ဝိုင်းနှင့် Individual study pack တစ်ခုချင်းစီအတွက် စာအုပ်များ ဝယ်ပေးနိုင်လျှင်ပင် အတော်ဟန်ကျပြီဟု သူ ယုံကြည်သည်။
သူ လက်ရှိစာသင်နေသည့်ရွာကလေးတွင် တစ်ပတ်ငါးရက် စာသင်ရင်း ကျောင်းပိတ်ရက်တွင် သူတို့လူငယ်များရှိရာ ရွာတွေဆီ သူ သွားမည်။
ရွာတစ်ရွာချင်းစီကို အနည်းဆုံး တစ်ပတ်တစ်ကြိမ်စီ သူ သွားမည်။ သူတို့လူငယ်များ အဆင်ပြေသည့် တနေရာတွင် သူတို့ လူငယ်များနှင့် တွေ့ပြီး သူတို့ကို အဆိုင်းမင့်ဆန်ဆန် တစ်ပတ်စာ ဖတ်ထားရန်လိုသည်များ လမ်းညွှန်ပေးမည်။
နောက်တစ်ပတ် ပြန်တွေ့သည့်အချိန်တွင် တစ်ပတ်စာ သူတို့ ဖတ်ထားသည်များမှ နားမလည်သည်တို့ကို သူတို့ နားလည်သည်အထိ သူ ရှင်းပြမည်။
ထိုက်သင့်သည့် ဇွဲလုံ့လ၊ ဝီရိယစိုက်ထုတ်မှုသာရှိလျှင် သူတို့လေးတွေသည်လည်း သူ
စာအုပ်တွေအားကိုးဖြင့် အင်္ဂလိပ်စာကို ဆရာလွတ်လေ့လာတတ်ကျွမ်းနိုင်သည်ဟု သူ့ရင်ထဲမှ လေးလေးနက်နက် ယုံကြည်သည်။
သူ အခုရောက်နေသည့်ရွာနှင့် အနီးတဝိုက် ကျေးရွာ ၇ ရွာခန့်တွင် သူ့စိတ်ကူးအကောင်အထည်ဖော်နိုင်ခဲ့လျှင် မြို့နယ်အတွင်းရှိ သူ လက်လှမ်းမှီသလောက် ကျေးရွာများတွင်လည်း သည်ပုံစံအတိုင်း ဆက်အကောင်အထည်ဖော် လုပ်ဆောင်ပေး သွားချင်သည်။ သူတို့လူငယ်တွေအနေနှင့် သူ့ဆီ ဆက်သွယ်၍ သိချင်တာ မေးနိုင်စေရန် တယ်လီဂရန်ချန်နယ်တစ်ခုလည်း ဖန်တီးထားမည်။
သူ့အတွေးထဲက ဆင်ခေါင်းခွေးချီ စီမံကိန်း ဖြစ်မြောက်ရေးအတွက် သူ စိတ်အားထက်သန်နေသည်။ အရင်ဆုံး သည်ကျေးရွာ ၇ ရွာတွင်ပင် အကောင်အထည် ဖော်နိုင်အောင် ရန်ပုံငွေ သူ ရှာရဦးမည်။ လူ့ပြည်အမှောင်ကမ္ဘာမှ ပညာငတ်ရပ်ဝန်းလေးအတွက် စာအုပ်ဖိုးကို အဘယ်သိကြားမင်းက မတည်ပေးမည်နည်း။
ပင်လယ်ထဲမှ ကြယ်ငါးကလေးများ ကမ်းစပ်သဲသောင်တွင် အဆုံးအစမဲ့ လာတင်နေသည်။ တစ်ယောက် ယောက်ကသာ ရေထဲ ပြန်မချပေးနိုင်ခဲ့လျှင် ဇီဝိန်ကြွေ အသက်ဆုံးရှုံးရတော့မည့် ကြယ်ငါးကလေးများ။
ကမ်းစပ်တွင် အသက်ငင်နေသည့် ကြယ်ငါးကလေးများကို လမ်းလျှောက်ရင်း တွေ့သူတစ်ဦးက ကောက်ယူကာ သူ နိုင်သလောက် ပင်လယ်ထဲ ပစ်ချပေးသွားခဲ့သည်။
ကမ်းစပ်တွင် သောင်တင်နေသည့် ကြယ်ငါးကလေးများ၏ ဧရာမပမာဏနှင့် နှိုင်းစာလျှင် သူ ကယ်ဆယ်လိုက်သည့် ကြယ်ငါးကလေးများ၏ အရေအတွက်မှာ ဘာမျှမဟုတ်။
သို့သော် သူ နိုင်သလောက် ပစ်ချပေးခဲ့သည်။
သူ ကြယ်ငါးကောက်သူ ဖြစ်ချင်သည်။
သူ နိုင်သလောက် ကြယ်ငါးကလေးတွေကို ပင်လယ်ထဲ ပစ်ချပေး ခဲ့ချင်သည်။ တကယ်တမ်းမှာတော့ တိုင်းပြည်၏ အနာဂတ် ပညာငတ်ကြယ်ပွင့်များ…။
သည်ကြယ်ပွင့်လေးများ ကြယ်လားမြောက်လာစေရန် ပညာက စွမ်းဆောင်နိုင်သည်။ ပညာက စာသင်ခန်း၏ လေးဘက်လေးတန် နံရံများအကြားမှာသာ ရှိသည်မဟုတ်။
စာသင်ခန်းနှင့် ဝေးနေသူအဖို့ ပညာကို စာအုပ်ထဲကလည်း ရနိုင်သည်။ စာအုပ်သည် ကိုယ့်ကို ဘယ်တော့မှ မမာန်မဲတတ်သည့် ဆရာ။
တစ်ဖက်က သူ့ထက်ငယ်သူများကို စာသင်ပေးရင်း အခြားတစ်ဖက်မှာ အားလပ်ချိန်တွင် စာအုပ်တွေ ဖတ်ရင်း ကိုယ့်ကိုယ်ကိုယ် စာပြန်သင်နေရသူတစ်ယောက်ပီပီ ဒါကို သူ အပြည့်အဝလက်ခံသည်။
သူ ရည်ရွယ်သည့် လူငယ်လေးများအတွက် စီမံကိန်းမှာ စာအုပ်တွေ ဝယ်ပေးနိုင်ရေး လုံလောက်သည့် ပိုက်ဆံရှိဖို့သာ လိုသည်။
လိုအပ်သည့် ရှင်းလင်းချက် မှတ်စုများ မိတ္တူကူးဖြန့်ဝေပေးရန် printer တစ်လုံးလည်း လိုအပ်သည်။ အရင်ဆုံးသူ့မှာ စာဖတ်ဝိုင်းအတွက် အင်္ဂလိပ်စာလေ့လာရေး စာအုပ်များဝယ်ယူပေးနိုင်ရေးအတွက် လိုအပ်သည့် ငွေပမာဏအတွက် ခေါင်းခဲနေရသည်။ စေတနာ၊ လုပ်အား၊ အချိန်နှင့် လိုအပ်သည့် စွန့်စားမှု …။
ဒါတွေ သူ့ဘက်က ပေးနိုင်သည်။
သူ့မှာ မရှိသည်က ပိုက်ဆံ….ပိုက်ဆံ။
ဪ…လူ့ဘဝ ၊ လူ့အရေး ၊ လူ့အရာတွေကြား အသံတိတ်စကားပြောသည့် ငွေစက္ကူများ…။ အမေရိကန်အစိုးရကို အလွန်မုန်းသည့် အိုစမာဘင်လာဒင်လိုလူမျိုးက အမေရိကန်ဒေါ်လာကို အင်မတန် လိုချင်သည်မှာ ဒါကြောင့်ပင် ဖြစ်မည်။
သည်စီမံကိန်းက သူ့အဖို့မှာ မလွယ်ကူပါ။
“ဆင်ခေါင်းခွေးချီ” စီမံကိန်းဟုပင် ပြောနိုင်သည်။ သို့သော် ခက်လှသည်တော့မဟုတ်။ ကြိုးစားလျှင် ဖြစ်နိုင်သည့် စီမံကိန်း။
ဆာဟာရသဲကန္တာရမှာ မိုးသစ်တောစိုက်မယ့် စီမံကိန်းမျိုးမဟုတ်။
သည်စီမံကိန်းအကောင်အထည်ဖော်ရန် လိုအပ်သည့် ရန်ပုံငွေပမာဏ အမိအရ မရမက ရှာနိုင်ဖို့သာ အရေးကြီးသည်။
အနိမ့်ဆုံးအနေဖြင့် ရွာတစ်ရွာအတွက် စာအုပ်ဝယ်ပေးရန် ပိုက်ဆံ ၅ သိန်း လျာထားလျှင် ရွာ ၆ ရွာအတွက် ဆိုလျှင် လိုအပ်ငွေမှာ သိန်း ၃၀။ ရွာ ၁၀ ရွာအတွက်ဆိုလျှင် သိန်း ၅၀။
ဒါက စာအုပ်သက်သက်အတွက် လိုအပ်သည့် ငွေ။
ဓာတ်ဆီဈေးနှုန်းကြီးမြင့်လွန်းသည့် အခုလို အနေအထားတွင် သူ့အဖို့ သွားရာလာရာတွင် ကုန်ကျမည့် ဆိုင်ကယ်ဆီဖိုးတို့ မပါသေး။
စာအုပ်သက်သက်အတွက် ရွာတစ်ရွာလျှင် မြန်မာငွေ ငါးသိန်းသုံးနိုင်လျှင်ပင် အတော်အလုပ်ဖြစ်နေပြီ။
လိုအပ်သည့် ငွေပမာဏကို ဘယ်လိုရနိုင်မည်ဆိုသည်ကို သူ ခေါင်းခြောက်အောင် စဉ်းစားနေသည်။ သူ့မှာ အချိန်ကလည်း အကန့်အသတ်ရှိနေသည်။
သန္ဓေတည်ပြီးသား သည်မျှော်လင့်ချက်လေး လက်တွေ့ဘဝထဲ ရောက်လာဖို့ မလွယ်သေး..။
သို့သော် အားတင်းမိသည်…။
သည်ကိစ္စက ဘုရားဆုပန် စီမံကိန်းမဟုတ်။
လိုအပ်သည့်ငွေပမာဏရရှိပြီး သူ့ဘက်က ကြိုးစားအကောင်အထည်ဖော်လျှင် အဟုတ်ဖြစ်နိုင်သည်ဟု သူ အလေးအနက် ယုံကြည်သည့် စီမံကိန်း။ ရန်ပုံငွေရရန်သာ လိုသည်။
သူ့ဘက်က စေတနာ ၊ လုပ်အား ၊ အချိန် ၊ စွမ်းအင် ပေးဖို့ အဆင်သင့်။ သည်ကာလှမှာ အရာရာကျပ်တည်း ခက်ခဲနေမှန်း သိသည်။ သို့သော် သူ ရင်ဆိုင်ကျော်လွှားချင်သည်။
တစ်ခုရှိသည်က အန္တရာယ်ရနံ့ တဝေဝေနှင့် တည်ငြိမ်မှုကင်းမဲ့နေသည့် နယ်မြေအခြေအနေ။ သည်ဧရိယာတဝိုက်သည် လွတ်မြောက်နယ်မြေ မဟုတ်။
ဖက်ဆစ်စစ်သားများက သည်နယ်မြေရှိ ကျေးရွာများကို အဝင်အထွက် ပြုနေဆဲ။ သူ့အတွက် အန္တရာယ်မှာ မသေး။ စစ်ကြောင်းထိုးသံ အမြဲနားစွင့်နေရသည်။
“နားစွင့်ကြားဟန် ရင်ခုန်သံ”ဟူသည့် နိုင်ငံခြားဘာသာပြန်ဝတ္ထုတစ်ပုဒ်၏ နာမည်နှင့် ခပ်ဆင်ဆင် “နားစွင့်ကြားဟန် စစ်ကြောင်းသံ”ဟုပင် အာဝဇ္ဇန်းရွှင်ပြချင်လိုက်သေးသည်။
အကန့်အသတ်၏ ဖိစီးခြင်းခံနေရသည့် သူ့အချိန်များထဲမှ နာရီများကို ဖဲ့ထုတ်ယူရင်း သူ့မှာ ရှိသည့် ဉာဏစွမ်းအား ၊ ဇီဝအက်နာဂျီနှင့် သည်ကိစ္စကို အကောင်အထည် ဖော်လိုသည်။
အရင်ဆုံး သူ့မှာ လိုအပ်နေသည်က ငွေ။ ငွေ…ငွေ…ငွေ။ သည်ငွေကို သူ ဘယ်လိုရယူနိုင်မည်နည်း။
သူ့ကိုယ်စောင့်နတ်က သူ့ကို မဖြေ…။
■ ဈာန်ဟိန်း
အပိုင်း (၆) ပြီး။