BREAKING
January 11, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

September 14, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်အထိ

တိုင်းနဲ့ပြည်နယ်ခြောက်ခုမှာ ရေကြီးလို့ လူရာဂဏန်းသေဆုံး၊ လူသိန်းချီပြောင်းရွှေ့ရ

တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်ခဲ့တဲ့ စူပါတိုင်ဖွန်း ယာဂိမုန်တိုင်းအရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ်ခြောက်ခုမှာ ရေကြီးပြီး လူတစ်ရာကျော်သေဆုံးခဲ့သလို လူသိန်းနဲ့ချီလည်း အရေးပေါ်ပြောင်းရွှေ့ခဲ့ရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေတွေ မြင့်တက်တာကြောင့် မန္တလေး၊ ပဲခူး၊ ရှမ်း၊ ကရင်၊ မွန်၊ ရခိုင် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်ပေါင်း ၃၀ကျော်မှာ စက်တင်ဘာလ ၉ရက်နေ့ကစလို့ ရေကြီးရေလျှံခဲ့တာပါ။

မန္တလေးတိုင်းထဲက ရမည်းသင်း၊ ပျော်ဘွယ်၊ ကျောက်ဆည် မြို့နယ်တွေအပြင် စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်က ပျဉ်းမနား၊ တပ်ကုန်းအပါအဝင် မြို့နယ်တွေမှာ ရေဘေးဒဏ် ဆိုးဆိုးဝါးဝါး ကြုံတွေ့ခဲ့ရပါတယ်။ ရမည်းသင်းမြို့နယ်ထဲက ရွှေတူးဖော်ရေးလုပ်ကိုင်ကွက်တွေရှိတဲ့ ကျေးရွာတချို့ဆိုရင် ရွာလုံးကျွတ် နစ်မြုပ်ပျက်စီးခဲ့ပါတယ်။

ရှမ်းမှာ အရှေ့ပိုင်း၊ တောင်းပိုင်းက မြို့နယ်တချို့၊ ကရင်မှာဆိုရင် မြဝတီမြို့၊ ပဲခူးတိုင်းက တောင်ငူ၊ မွန်မှာ ဘီးလင်းနဲ့ ကျိုက်ထို၊ ရခိုင်မှာ တောင်ကုတ်နဲ့ အမ်း စတဲ့မြို့နယ်တွေမှာလည်း ရေဘေးဒဏ်ကို ခံခဲ့ရပါတယ်။

ရေစီးနဲ့မျောပါတာ၊ မြေပြိုတာ စတာတွေကြောင့် သေဆုံးသူ တစ်ရာကျော်ရှိတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါ တယ်။ ရှမ်းပြည်နယ် ကလောမြို့မှာဆိုရင် လူအသေအပျောက်များခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အတည် မပြုနိုင်သေးတဲ့ ပျောက်ဆုံးမှုတွေလည်း ရှိနေသေးသလို ပိတ်မိနေသူတွေလည်း များစွာရှိနေပါသေးတယ်။ စစ်ကောင်စီရဲ့ စက်တင်ဘာလ ၁၃ရက် ထုတ်ပြန်ချက်မှာဆိုရင် မြို့နယ် ၃၄ခုမှာ ရေဘေးသင့်ပြီး လူနှစ်သိန်းသုံးသောင်းကျော် အရေးပေါ် ပြောင်းရွှေ့ခဲ့ရတယ်လို့ ဖော်ပြပါတယ်။

အိမ်တွေ မျောပါသွားတာ၊ နေအိမ် အဆောက်အအုံတွေ နစ်မြုပ် ပျက်စီးတာ၊ စစ်ဘေးရှောင်တဲတွေ မျောပါ ပျက်စီးတာ၊ တံတားတွေကျိုးတာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ရေဘေးနဲ့ပတ်သက်လို့ စစ်ကောင်စီက ကြိုတင်သတိပေးမှု အားနည်းတာကြောင့် အခုလို အထိအခိုက်များတာလို့ ထောက်ပြဝေဖန်မှုတွေ ရှိနေပါတယ်။

စက်တင်ဘာလ ၁၄ရက်အထိ တချို့မြို့နယ်တွေမှာ ရေပြန်ကျလာပြီဖြစ်ပြီး တချို့နေရာတွေမှာတော့ ရေဘေးအန္တရာယ်ရှိနေဆဲဖြစ်ပါတယ်။

……………………………………..

မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ် တစ်သိန်းကျော်ရှိလာ

ပုံစာ – ချင်းပြည်နယ် တီးတိန်မြို့က လူနေအိမ်တွေကို ပြီးခဲ့တဲ့ မေလကုန်ပိုင်းက စစ်ကောင်စီတပ် မီးရှို့ခဲ့ပါတယ်။

စစ်အာဏာသိမ်းကာလအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ် အရေအတွက်ဟာ တစ်သိန်းကျော်ရှိလာပြီဖြစ်ပါတယ်။

အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လကုန်အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားတွေရဲ့ နေအိမ် တစ်သိန်းတစ်ထောင်ကျော် ပျက်စီးခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က စက်တင်ဘာလ ၁၀ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အခု ၂၀၂၄ ခုနှစ် ခုနစ်လတာကာလအတွင်းမှာဆိုရင် နေအိမ်နှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဖော်ပြပါတယ်။ အဲဒီထဲက အိမ်ခြေ တစ်ထောင်ကနေ ငါးထောင်ကြား ပျက်စီးတာကတော့ ကောလင်း၊ ကလေး၊ ဘူးသီးတောင်၊ မြင်းခြံနဲ့ မုံရွာမြို့နယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ခုခံတော်လှန်စစ်အားကောင်းတဲ့ နယ်မြေတွေ၊ မြို့သိမ်းတိုက်ပွဲဆင်နွှဲတဲ့ မြို့ရွာဒေသတွေနဲ့ တော်လှန်အင်အားစုတွေကို ထောက်ခံတဲ့ရွာတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် လက်နက်ကြီး၊ လေကြောင်းနဲ့ စစ်သင်္ဘော တွေကနေ ပစ်ခတ်မှုတွေကြောင့်လည်း မီးလောင်ပျက်စီးတယ်လို့ ဆိုပါတယ်။

……………………………………..

ဆေးသင်တန်းသား ၁၈ဦး ရေထဲမျောပါသေဆုံးမှု ကရင်နီတပ် စုံစမ်းစစ်ဆေးမယ်

ဆေးသင်တန်းသား ၁၈ဦး လေ့ကျင့်ရေးလုပ်နေချိန် မတော်တဆ ရေထဲမျောပါသေဆုံးသွားတာကို စုံစမ်းစစ်ဆေးမယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းက လေ့ကျင့်ရေးလုပ်နေချိန် ချောင်းတစ်ဖက်ကို ဖြတ်ကူးရာကနေ တောင်ကျရေနဲ့  မျောပါ သေဆုံးခဲ့တာပါ။ ဆေးသင်တန်းသားတွေရဲ့ နာရေးကိစ္စပြီးရင် ဒီသေဆုံးမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီး စုံစမ်းစစ်ဆေးမှု ရလဒ်ကို ထုတ်ပြန်သွားမယ်လို့ KNDF က စက်တင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရေကြီးနေတာကြောင့် လေ့ကျင့်ရေးလုပ်တာကို ပြန်နောက်ဆုတ်ဖို့ ကြီးကြပ်သူတွေက သင်တန်းတာဝန်ခံဆီကို တင်ပြခဲ့ပေမယ့် သင်တန်းတာဝန်ခံက ရှေ့ဆက်ဖို့ အမိန့်ပေးခဲ့တာလို့ စစ်ရေးသတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ဘီဘီစီမြန်မာပိုင်း သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

……………………………………..

လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီဆက်တိုက်လုပ်

ပုံစာ – ရခိုင်ပြည်နယ် မောင်တောမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ အကျဉ်းသားတွေကို ထိန်းသိမ်းထားတဲ့​နေရာ စက်တင်ဘာလ ၉ရက်ညက လေကြောင်းတိုက်ခိုက်ခံခဲ့ရပါတယ်။

ပြည်သူတွေ ရေဘေးကြောင့် အခက်အခဲဒုက္ခများစွာနဲ့ ကြုံတွေ့နေရချိန် စစ်ကောင်စီက နယ်မြေတွေ လက်လွတ် မဆုံးရှုံးရဖို့ အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ဩဂုတ် လကုန်ပိုင်းနဲ့ စက်တင်ဘာလ ပထမအပတ်တွေမှာ ရှမ်း၊ ကရင်နီ၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ချင်း စတဲ့ တိုင်းနဲ့ ပြည်နယ်ထဲက မြို့နယ် ၁၀ကျော်ကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သား ၄၀ ကျော် သေဆုံးခဲ့ပါတယ်။

အခုသီတင်းပတ်အတွင်းမှာတော့ နိုင်ငံတစ်ဝန်း ရေဘေးဒဏ်ခံနေရချိန်မှာလည်း လေကြောင်း တိုက်ခိုက်မှုတွေကို နေ့စဉ် ရက်ဆက်ရှိနေခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုကလည်း ဆက်လက် မြင့်တက်နေပါတယ်။

အခုသီတင်းပတ်မှာ ရှမ်းပြည်နယ်ထဲက နောင်ချိုနဲ့ လားရှိုး၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ဆိုင်းတောင်ကျေးရွာ၊ ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်တွေမှာ လေယာဉ်၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဖားကန့် ဆိုင်းတောင်ရွာမှာဆိုရင် စစ်ကောင်စီ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် ရခိုင်ပြည်နယ်က မောင်တောနဲ့ ပေါက်တောမြို့နယ်တွေမှာ ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ အကျဉ်းသားတွေကို ထိန်းသိမ်းထားတဲ့​နေရာနဲ့ ဆေးကုသပေးနေတဲ့နေရာတွေ လေကြောင်းကနေ ဗုံးကြဲခံရတာကြောင့် ဖမ်းဆီးထိန်းသိမ်းထားသူ ၆၀ ကျော် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေက လက်နက်ကိုင်အဖွဲ့တွေကို လက်တုံ့ပြန်မယ်လို့ ပြောဆိုပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

……………………………………..

မိုးကြီးလို့ ပုဂံမှာ ရှေးဟောင်းဘုရားတချို့ပြိုကျ

မိုးသည်းထန်စွာရွာသွန်းပြီး ရေစိမ့်ဝင်တာတွေကြောင့် ပုဂံမှာ ရှေးဟောင်းဘုရားစေတီနဲ့ အဆောက်အအုံတချို့ ပြိုကျပျက်စီးခဲ့ပါတယ်။

ငှက်ပစ်တောင်က သီဟိုဌ်ပုံဘုရား ပစ္စယံအောက်ပိုင်း ပဲ့ကျတာ၊ ဆင်က ဂူဘုရား ပြိုကျတာ၊ ရွှေစည်းခုံ၊ သဗ္ဗညု၊ ထီးလိုမင်းလို ဘုရားတွေမှာ မုခ်ဦး၊ စောင်းတန်း၊ အုတ်တံတိုင်း ပြိုကျပျက်စီးတာ စတာတွေ ဖြစ်ပွားခဲ့တာပါ။ ဒါ့အပြင် ဘုရားတချို့မှာ ရေဝင်ရောက်လို့ ရေစုပ်စက်တွေနဲ့ စုပ်ထုတ်ခဲ့ရပါတယ်။

​ညောင်ဦးမှာ စက်တင်ဘာလ ၁၂ ရက်နေ့က နှစ် ၆၀ အတွင်း စံချိန်တင် မိုးရေချိန်လက်မအဖြစ် ၈ဒသမ ၅၁ လက်မအထိ ရှိခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

……………………………………..