BREAKING
January 12, 2025

ကန်ချနဘူရီတွင် လက်နက်များနှင့် စခန်းချနေထိုင်သော ကရင်လူမျိုး ၃၀ ခန့်ကို ထိုင်းရဲဖမ်းဆီး

September 14, 2024

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် လက်နက်များနှင့်အတူ နယ်မြေကျူးကျော်၍ စခန်းချနေထိုင်နေသည်ဆိုသော ကရင်လူမျိုး ၃၀ ဦးကို စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်းများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ကန်ချနဘူရီခရိုင် စီစဝက်ဒေသရှိ အမျိုးသားဥယျာဉ်တောထဲတွင် ဆံရှည်ကရင်လူမျိုးများ စခန်းချ၍ နေထိုင်နေကြပြီး အချို့သူများသည် လက်နက်များသယ်ဆောင်၍ ရွာသားများကို လိုက်လံခြိမ်းခြောက်နေသဖြင့် ရွာသားများက လာရောက်တိုင်ကြားကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ထို့နောက် ဥယျာဉ်တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းရှာဖွေရာ ကရင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၀ ဦးနှင့် ကလေးငယ် ၉ ဦးကို တွေ့ရှိရပြီး အားလုံးတွင် လဝကအထောက်အထား စာရွက်စာတမ်းများ မတွေ့ရှိရကြောင်း ဖော်ပြထားသည်။

၎င်းတို့နှင့်အတူ စခန်းထဲတွင် သေနတ် ၅ လက်၊ ကျည်ကာ၊ ဓါးများ၊ လွှများ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် ဖုန်းများကဲ့သို့ အခြားပစ္စည်းများကိုလည်း တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသော ကရင်လူမျိုးများသည် ထိုင်း သို့မဟုတ် မြန်မာနိုင်ငံမှ ဖြစ်နိုင်ကြောင်း အထောက်အထား စာရွက်စာတမ်းများ မတွေ့ရကြောင်း ဖော်ပြထားသည်။

၎င်းတို့သည် တောထဲတွင် စခန်းချ၍ ဘာသာရေးဂိုဏ်းတစ်ခုကဲ့သို့ ဖွဲ့စည်းထားပြီး ဘာသာရေးခေါင်းဆောင်တစ်ဦး၏ ထူးဆန်းသော ရိုးရာဓလေ့များကို လူအများ လက်ခံလာရန် အနီးနေပြည်သူများကို ခြိမ်းခြောက်နေကြကြောင်း ရွာသားများက ဖြေကြားထားသည်။

သို့သော်လည်း ရွာသားများက လက်မခံနိုင်ကြသဖြင့် ပြဿနာဖြစ်လာရာမှ လုံခြုံရေးကို စိုးရိမ်သဖြင့် ထိုင်းအာဏာပိုင်များကို တိုင်ကြားခဲ့ကြဟုဆိုသည်။

၎င်းတို့၏ ဘာသာရေးဂိုဏ်းအကြောင်းနှင့် ပတ်သက်၍ တိတိကျကျ မသိရသေးပေ။

ဖမ်းဆီးခံရသူများကို စီစဝက်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး အားလုံးကို နယ်မြေကျူးကျော် ဝင်ရောက်နေထိုင်မှုနှင့် တရားမဝင် ဝင်ရောက်မှုဖြင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

Ref: The Nation Thailand, INN news, PPTV