BREAKING
September 19, 2024

ဘောလုံးပွဲ ဆက်မကန်ပါက ဖမ်းမည်ဟု ကော့သောင်းမြို့နယ်ရဲမှူး ခြိမ်းခြောက်

September 14, 2024

ပုံစာ - အဏ္ဏဝါအသင်းနှင့် ရွှေပြည်စိုးအသင်းတို့ ‌ဗိုလ်လုပွဲကစားနေကြစဉ်

ကော့သောင်းမြို့တွင် စက်တင်ဘာလ ၁၂ ရက်က ကျင်းပသည့် ဘောလုံးပြိုင်ပွဲတွင် ဘောလုံးဆက်မကန်ပါက ဖမ်းဆီးပြီး အချုပ်ထဲထည့်မည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ခရိုင်အဆင့် ရပ်ကွက်ကျေးရွာပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရွှေပြည်စိုးအသင်းနှင့် အဏ္ဏဝါအသင်းတို့ ယှဉ်ပြိုင်နေကြစဉ် ရွှေပြည်စိုးအသင်း သွင်းလိုက်သည့်ဂိုးမှာ ဂိုးဝင်၊ မဝင်ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး နှစ်ဖက်အသင်းသားများ အငြင်းပွားမှု ဖြစ်ပွားခဲ့ကြကြောင်း မြို့ခံတို့က ပြောသည်။

“ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်က ဂိုးပေးလိုက်တယ်။ အဲဒီအချိန်မှာ အဏ္ဏဝါအသင်းက ကန့်ကွက်တော့ ပြဿနာဖြစ်ကြတယ်။ အဲဒီဂိုးကို ဂိုးအဖြစ်သတ်မှတ်မယ်ဆို သူတို့က ( အဏ္ဏဝါအသင်းက) ဆက်မကန်တော့ဘူးဆိုပြီး ပြောကြတာ။ ကွင်းဘေးမှာ ပြောနေဆိုနေတာတောင် မိနစ်သုံးလေးဆယ်လောက် ကြာတယ်” ဟု အငြင်းပွားမှုဖြစ်သည့် အကြောင်းအရင်းကို ကိုယ်တိုင်ဘောလုံးပွဲ သွားကြည့်သူ အမျိုးသားတစ်ဦးက ရှင်းပြသည်။

‌ထိုကဲ့သို့ အငြင်းပွားမှုဖြစ်ပြီး နှစ်ဖက်အသင်းသားများ ညှိနှိုင်းမရဖြစ်ကာ ဘောလုံးပွဲ ဆက်မကန်ကြသဖြင့် ပွဲပျက်မည့်အခြေအနေဖြစ်လာကြောင်း မြို့ခံတို့ကပြောသည်။

“အဲဒီမှာမြို့နယ်မှူး( မြို့နယ်ရဲတပ်ဖွဲ့မှူး)က ဆက်မကန်ရင် အကုန်ဖမ်းပြီး အချုပ်ထဲ ထည့်ပစ်မယ်ပြောလို့ ပြန်ကန်ပေးလိုက်ကြရတယ်” ဟု အထက်ပါအမျိုးသားက ဆိုသည်။

ကွင်းလယ်ဒိုင်နှင့် စည်းကြပ်ဒိုင်က ဂိုးအဖြစ်သတ်မှတ်ထားသည်ကို ပွဲကြည့်စင်တွင် ကြည့်ရှူနေကြသည့် ပွဲတာဝန်ရှိသူတို့က ဂိုးအဖြစ်ကနေပယ်ဖျက်ပြီး ပြန်ကန်ခိုင်းခြင်းဖြစ်ကြောင်း၊ ရွှေပြည်စိုးအသင်းသားတို့က မကျေနပ်ကြသော်လည်း အဖမ်းခံရမည်စိုးသဖြင့် ပြန်ကန်ပေးလိုက်ကြရကြောင်း မြို့ခံအချို့က ပြောသည်။

“မှားသည်‌ဖြစ်စေ၊ မှန်သည်ဖြစ်‌စေ တစ်ကယ်ဆိုရင် ဘောလုံးပွဲတစ်ပွဲမှာ ကွင်းလယ်ဒိုင်က အဓိကပဲ။ သူကဂိုးပေးထားပြီးသားကို အပြင်ကကြည့်နေတဲ့လူတွေ ဝင်ဆုံးဖြတ်ပေးခွင့်မရှိဘူး။ အခုက ဒိုင်တွေကလည်း ဘာမှဆုံးဖြတ်ခွင့်မရှိဘူး။ အာဏာနဲ့ ဆုံးဖြတ်၊ ခြိမ်းခြောက်ပြီးပြန်ကန်းခိုင်းတာ ကျွန်တော်တို့ မြန်မာပြည်မှာပဲရှိမယ်ထင်တယ်” ဟု မြို့ခံ လူငယ်တစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

ယင်းကဲ့သို့ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တို့ကြောင့် အဏ္ဏဝါအသင်းက ရွှေပြည်စိုးအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိဗိုလ်စွဲသွားခဲ့ကြောင်း မြို့ခံတို့က ပြောဆိုသည်။