BREAKING
September 19, 2024

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

September 14, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ

ကင်ညာတွင် ကျောင်းမီးလောင်မှု ကျောင်သား ၁၇ ဦး သေဆုံး

ကင်ညာနိုင်ငံမှာ ကျောင်းအိပ် ကျောင်းစား အခြေခံမူလတန်းကျောင်းဆောင်တစ်ခု မီးလောင်ခဲ့လို့ အနည်းဆုံး ကျောင်းသား ၁၇ ဦး သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၆ ရက်နေ့က ဖြစ်ခဲ့တဲ့ ကျောင်းသားအဆောင် မီးလောင်မှုကြောင့် နောက်ထပ် ကျောင်းသား ၁၃ ဦး လည်း မီးလောင်ဒဏ်ရာရရှိခဲ့ပါတယ်။

မီးလောင်ခဲ့တဲ့ အကြောင်းရင်းကို စုံစမ်း စစ်ဆေးနေဆဲဖြစ်တယ်လို့ အစိုးရက ကြေညာပါတယ်။

ကင်ညာနိုင်ငံက ကျောင်းအိပ် ကျောင်းစား စာသင်ကျောင်းတွေမှာ မကြာခဏ မီးလောင်မှုဖြစ်ပွားလေ့ရှိတယ်လို့ဆိုပါတယ်။

ကင်ညာသမ္မတ ဝီလီယံ ရူတိုကလည်း စိတ်မကောင်းဖြစ်ကြောင်း ပြောဆိုလိုက်ပြီး တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ ပြောကြားထားပါတယ်။

Ref: BBC

………………………………..

ဂျပန်နှင့် တောင်ကိုးရီးယားခေါင်းဆောင်များ တွေ့ဆုံ

ဂျပန်နဲ့ တောင်ကိုရီးယားခေါင်းဆောင်နှစ်ဦး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ စက်တင်ဘာလ ၆ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက တောင်ကိုရီယား နိုင်ငံကို ၂ ရက်ကြာခရီးစဥ်နဲ့ သွားရောက်ခဲ့တာပါ။

တွေ့ဆုံမှုကနေ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ကိစ္စတွေ ဆွေးနွေးကြတယ်လို့ ဆိုထားပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး အဆင်မပြေတာတွေ ရှိခဲ့ပေမဲ့ ဒါတွေကို ဖြေရှင်းကျော်လွှားပြီး အနာဂတ်မှာ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ကြိုးစားကြမယ်လို့ ဂျပန်ဝန်ကြီးချုပ်က ဆိုပါတယ်။

တရုတ်နဲ့ တင်းမာနေချိန်နဲ့ မြောက်ကိုရီယားရဲ့ နျူးကလီးယားရန်ပြုမှု များလာချိန် ဂျပန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုခိုင်မာအောင် ကြိုးစားလာကြတာဖြစ်ပါတယ်။

Ref: AP

………………………………..

၁၆ လကြာလာသော ဆူဒန်စစ်ကြောင့် အနည်းဆုံး လူနှစ်သောင်းကျော် သေဆုံး

ဆူဒန်နိုင်ငံမှာ ၁၆ လကျော်လာသော စစ်ပွဲတွေကြောင့် အနည်းဆုံး လူပေါင်း နှစ်သောင်းကျော် သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလတည်းက နိုင်ငံထဲမှာ စစ်ပွဲတွေ ဆက်တိုက်ဖြစ်လာခဲ့တာပါ။

သေဆုံးသူတွေ ဒီထက်ပိုတိုးလာနိုင်တယ်လို့ ကုလသမဂ္ဂဘက်က ဆိုပါတယ်။

အင်အားကြီး ပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ the Rapid Support Forces နဲ့ နိုင်ငံစစ်တပ်တို့ ကြား တင်းမာမှုကနေ နိုင်ငံတဝန်း စစ်ပွဲတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။

တိုက်ပွဲတွေက မြို့တော် ကာတွန်အထိ ရောက်လာခဲ့တာပါ။

တိုက်ပွဲကြောင့် အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အဦးတွေ ထိခိုက်ခဲ့သလို ကျန်းမာရေးစောင့်ရှောက်မှုစနစ်လည်း ထိခိုက်ခဲ့ပါတယ်။

အခြေခံလိုအပ်ချက်တွေမရှိတာကြောင့်လည်း ဆေးရုံ ဆေးခန်းအတော်များများကို ပိတ်ထားရပါတယ်။

Ref: ABC News

………………………………..

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် စပိန်တွင် ခုံလှုံခွင့်တောင်း

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် အဒ်မူဒို ဂွန်ဇလက်ဟာ စက်တင်ဘာလ ၈ ရက်နေ့က စပိန်နိုင်ငံကိုရောက်ရှိလာပြီး ခိုလှုံခွင့်တောင်းခံထားတယ်လို့ စပိန်အာဏာပိုင်တွေက ဆိုပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ ရွေးကောက်ပွဲကြောင့် နိုင်ငံရေးနဲ့ သံတမန်ရေး အကြပ်အတည်းတွေကြုံနေချိန်မှာပဲ ဝရမ်းထုတ်ခံထားရလို့ အတိုက်အခံခေါင်းဆောင်က တိုင်းပြည်က ထွက်သွားခဲ့တာပါ။

ရွေးကောက်ပွဲမှာ သမ္မတ နီကိုလက် မာဒူရိုက သူနိုင်တယ်လို့ ကြေညာခဲ့ပြီး အတိုက်အခံ ခေါင်းဆောင် ဂွန်ဇလက်က လက်မခံခဲ့ရာကနေ ရွေးကောက်ပွဲအငြင်းပွားမှုတွေ ဖြစ်လာခဲ့ပါတယ်။

နောက် သူနဲ့ ဇနီးဖြစ်သူတို့ စပိန်စစ်အခြေစိုက်စခန်း တစ်ခုကို ဆိုက်ရောက်လာတယ်လို့ စပိန်ဘက်က ထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲပြီးတဲ့နောက် ဗင်နီဇွဲလားနိုင်ငံ ဒီမိုကရေစီစနစ်အတွက် ဝမ်းနည်းစရာကောင်းတဲ့နေ့လို့ အီးယူနဲ့ အနောက်နိုင်ငံတွေက ဆိုခဲ့ပါတယ်။

Ref: BBC

………………………………..

အစ္စရေးတိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံထဲ သေဆုံးသူ ၁၈ ဦးအထိရှိ

အစ္စရေးနိုင်ငံရဲ့ စက်တင်ဘာလ ၈ ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံထဲ သေဆုံးသူ ၁၈ ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုက ဂါဇာစစ်ပွဲစတင်ခဲ့တဲ့နောက်ပိုင်း လူသေဆုံးမှုအများဆုံးတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

ဟစ်ဘိုလာလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ ဆီးရီးယားနိုင်ငံထဲက နေရာတွေကို အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်နေတာပါ။

ဆီးရီးယားဘက်ကတော့ အရပ်သားတွေရဲ့နေရာတွေကိုလည်း ပစ်မှတ်ထား ခံခဲ့ရတယ်လို့ ပြောပါတယ်။

အစ္စရေးတပ်နဲ့ ဟစ်ဘိုလာလက်နက်ကိုင်တို့ကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိလာပြီးတဲ့နောက် ဆီးရီးယားနိုင်ငံထဲကို အစ္စရေးက ခပ်စိပ်စိပ် ပစ်ခတ်တိုက်ခိုက်လာတာဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

Yagi မုန်တိုင်းကြောင့် ဗီယက်နမ်တွင် လူ ၁၇၉ ဦးထက်မနည်း သေဆုံး

စက်တင်ဘာလ ၇ ရက်နေ့က တိုင်ဖုန်းမုန်တိုင်း Yagi စတင်ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ လူပေါင်း ၁၇၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မုန်တိုင်းကြောင့် မိုးသည်းထန် ရေကြီး ရေလျှံခဲ့ပြီး မြေပြိုမှုတွေကြောင့် သေဆုံးမှုတွေ ပိုများခဲ့ရတာပါ။

မြို့တော် ဟနွိုင်းမှာလည်း လူပေါင်း သောင်းချီ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

လေတိုက်နှုန်း တစ်နာရီ ၁၀၀ မိုင်နှုန်းကျော်နဲ့ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Yagi မုန်တိုင်းက နှစ် ၃၀ အတွင်း အင်အားအပြင်းဆုံးဖြစ်တယ်လို့ ဗီယက်နမ်ဘက်က ကြေညာပါတယ်။

မုန်တိုင်းကြောင့် တံတားတွေကျိုးပြီး အဆောက်အဦးတွေနဲ့ စက်ရုံတွေပါ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

Ref: BBC

………………………………..

အိန္ဒိယတွင် လူမျိုးရေးပဋိပက္ခကြောင့် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူပြည်နယ်ရဲ့ နေရာအချို့မှာ လူမျိုးရေး ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေလို့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ၅ ရက်ကြာဖြတ်တောက်လိုက်ပါတယ်။

ဒီပြည်နယ်ထဲမှာ ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေလည်း ပြင်းထန်နေတာပါ။

ဒါအပြင် အကန့်အသတ်မရှိ ညမထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်ထားပါတယ်။

အစိုးရနဲ့ ပုဂ္ဂလိက ကောလိပ်တွေကိုလည်း ယာယီပိတ်ကြဖို့ကို ကြေညာချက်ထုတ်ပြန်ထားပါတယ်။

လူများစုဖြစ်တဲ့ မတေးနဲ့ လူနည်းစုဖြစ်တဲ့ ကူကီးတွေကြား စက်တင်ဘာလ ၁ ရက်နေ့က ပဋိပက္ခတွေ စခဲ့ပါတယ်။

အဲဒီနေ့က ဒရုန်းတွေကတဆင့် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကိုပစ်ချ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၁ ဦး သေဆုံးခဲ့ရပါတယ်။

ဒါနဲ့ ဆန္ဒပြပွဲတွေ များလာလို့ ဒေသဆိုင်ရာ အစိုးရက အင်ဖာချိုင့်ဝှမ်းနဲ့ အနီးတစ်ဝိုက်ရှိ ခရိုင်တွေမှာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ပြီး အင်တာနက်နဲ့ ဖုန်းလိုင်းတွေကိုပါ ဖြတ်တောက်လိုက်တာပါ။

ဒီဒရုန်းတွေကို ကူကီးစစ်သွေးကြွတွေက အသုံးပြုတယ်လို့ ရဲ့တပ်ဖွဲ့က သံသယရှိနေပေမဲ့ ကူကီးတွေကတော့ ငြင်းဆန်ထားပါတယ်။

Ref: DW

………………………………..

အမေရိကန်တွင် အကြမ်းဖက်တိုက်ခိုက်ခံရမှု ၂၃ နှစ်ပြည့် အောက်မေ့ဖွယ်နေ့ကျင်းပ

အမေရိကန်ပြည်ထောင်စုမှာ စက်တင်ဘာလ ၁၁ ရက်နေ့ အယ်လ်ခိုင်းဒါး အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် လူပေါင်း ၃၀၀၀ နီးပါး သေဆုံးခဲ့ရမှု ၂၃ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားတွေကို စက်တင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က နယူးယောက်မြို့မှာရှိတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ မိုးမျှော်တိုက်တွေကို ပြန်ပေးဆွဲလေယာဉ်တွေနဲ့ ဝင်တိုက်ခဲ့တာပါ။

ဒီဖြစ်ရပ်ဖြစ်ခဲ့တဲ့ Ground Zero အောက်မေ့ဖွယ်နေရာမှာ သေဆုံးခဲ့ရသူတွေရဲ့ ဆွေမျိုး မိသားစုဝင်တွေ စုစည်းခဲ့ကြတာ ဖြစ်ပါတယ်။

အောက်မေ့ဖွယ်အခမ်းအနားကိုတော့ သမ္မတ ဂျိုးဘိုင်ဒင်က ဒုတိယသမ္မတ ကယ်မလာ ဟဲရစ်နဲ့အတူ တက်ရောက်ခဲ့ပါတယ်။

တဖက်မှာလည်း ပြိုင်ဖက်သမ္မတ ဒေါ်နယ်ထရမ့်လည်း တက်ရောက်ခဲ့ပါသေးတယ်။

စက်တင်ဘာလ ၁၁ ရက် အယ်လ်ခိုက်ဒါး တိုက်ခိုက်ခံခဲ့ရတဲ့ နောက်နေရာတွေဖြစ်တဲ့ Shanksville က နေရာနဲ့ အမေရိကန်စစ်ဌာနချုပ် Pentagon တို့ကိုလည်း သမ္မတနဲ့ ဒုသမ္မတတို့ သွားရောက်ခဲ့ကြပါတယ်။

Ref: Fox News

………………………………..

အစ္စရေး-ဂါဇာစစ်ပွဲအတွင်း ကုလစာသင်ကျောင်းထိမှန်သဖြင့် အနည်းဆုံး ၁၈ ဦးသေဆုံး

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုက ဂါဇာဒေသထဲက အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ပါလက်စတိုင်းမိသားစုတွေ သောင်းနဲ့ချီ ခိုလှုံရာ ကုလသမဂ္ဂစာသင်ကျောင်း ထိမှန်ခဲ့လို့ အနည်းဆုံး ၁၈ ဦး သေဆုံးခဲ့ရပါတယ်။

သေဆုံးခဲ့ရသူတွေထဲ ကုလသမဂ္ဂဝန်ထမ်း ၆ ဦးလည်း ပါဝင်ခဲ့ပါတယ်။

အစ္စရေးက စက်တင်ဘာလ ၁၀ ရက်ကနေ ၁၁ ရက်အထိ နှစ်ရက်နီးပါး ဂါဇာဒေသကို လေကြောင်းက တိုက်ခိုက်ခဲ့တာပါ။

သေဆုံးခဲ့ရတဲ့အထဲမှာ အမျိုးသမီးနဲ့ကလေးငယ်တွေလည်း ပါဝင်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ဂါဇာ အလယ်ပိုင်း နူစိန်ရတ်ဒုက္ခသည်စခန်းထဲက ကုလသမဂ္ဂဖွင့်လှစ်ထားတဲ့ Al-Jaouni အထက်တန်းကျောင်း တိုက်ခိုက်ခံရလို့ လူပေါင်း ၁၈ ဦး သေဆုံးပြီး ကျန်လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် ခန်းယွန်းနစ်အနီးက အိမ်တစ်လုံးကိုထိမှန်ခဲ့ပြီး လူ ၁၁ ဦး သေဆုံးခဲ့တဲ့ထဲမှာ မောင်နှမ ၆ ဦးလည်း ပါဝင်ပါသေးတယ်။

Ref: The Guardian

………………………………..

ပုပ်ရဟန်းမင်းကြီး စင်ကာပူနိုင်ငံရောက်ရှိ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း စင်ကာပူနိုင်ငံကို စက်တင်ဘာလ ၁၁ ရက်နေ့မှာ ရောက်ရှိလာခဲ့ပါတယ်။

စင်ကာပူယဉ်ကျေးမှုဝန်ကြီး အဒ်ဝင်း တွန်းအပါအဝင် စင်ကာပူအကြီးတန်းအရာရှိတွေက ချန်ဂီလေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။

ခရီးစဉ်ထဲ ပုပ်ရဟန်းမင်းကြီးက နိုင်ငံရေးအာဏာပိုင်တွေကို မိန့်ခွန်းပြောကြားခဲ့ပြီး လူပေါင်း ၅ သောင်းခွဲလောက် တက်ရောက်ခဲ့တဲ့ တရားဟောပွဲကို အမျိုးသားအားကစားရုံမှာ ကျင်းပခဲ့ပါတယ်။

စင်ကာပူနိုင်ငံထဲက ရွှေ့ပြောင်းအလုပ်သမားတွေကို အလေးထားဖို့နဲ့ တန်ဖိုးထားဖို့ မှာကြားခဲ့ပါသေးတယ်။

စင်ကာပူနိုင်ငံမှာ လူဦးရေ ၅ ဒဿမ ၉၂ သန်း ရှိတဲ့အနက် ကက်သလစ်ဘာသာဝင်က ၃ သိန်း ၇ သောင်းလောက်ရှိပါတယ်။

စင်ကာပူမတိုင်ခင် ပုပ်ရဟန်းမင်းကြီးက အရှေ့တီမောနိုင်ငံကို သွားရောက်ခဲ့ပြီး လူ ၆ သိန်းလောက် တက်ရောက်ခဲ့တဲ့ တရားပွဲကို ကျင်းပခဲ့ပါသေးတယ်။

Ref: The Strait Times

………………………………..