ကော်သူးလေတပ်မတော် ဗိုလ်ကော်လဖိုးဦးစီးအဖွဲ့က ထားဝယ်အရှေ့တောဒေသ ရမ္မဇူ၊ လိပ်ကြယ်ပြောင် ကျေးရွာများရှိ အရက်ဆိုင်များမှ ဘီယာနှင့်အရက်များကို ဖျက်ဆီးခဲ့သလို အဓမ္မငွေတောင်းခံခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယနေ့(စက်တင်ဘာ ၁၄)မနက်က ဗိုလ်ကော်လဖိုးဦးဆောင်သည့် အဖွဲ့သည် ဝကုန်းရွာမှ ရမ္မဇူ၊ လိပ်ကြယ်ပြောင်ကျေးရွာများဘက်သို့ ဝင်လာပြီး ဆိုင်အချို့ကို ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ရမ္မဇူကျေးရွာရှိ အရက်ဆိုင် သုံးဆိုင်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး ဆိုင်ရှေ့တွင် အရက်၊ ဘီယာများကိုပုံထားကြောင်း၊ ယင်းနောက် အရက်၊ ဘီယာရောင်းသည့် ဆိုင်များကို ငွေကျပ် သိန်း ၁၀၀ မှ သိန်း ၂၀၀ အထိ ပေးဆောင်ရန်ပြောဆိုကြောင်း ရမ္မဇူဒေသခံတစ်ဦးက ပြောသည်။
“တောင်းတဲ့ငွေကြေးက အရမ်းများတော့ ရွာသားတွေက ငိုပဲငိုနေကြတယ်” ဟု၎င်းက ပြောသည်။
ကော်လဖိုးအဖွဲ့နှင့် ဒေသခံများ ညှိနှိုင်းပြောဆိုအပြီး အရက် ဘီယာရောင်းသည့် ဆိုင်တစ်ဆိုင်မှာ ငွေကျပ် ဆယ်သိန်းပေးရန် သဘောတူခဲ့ပြီး ကျန်နှစ်ဆိုင်အတွက် ကျပ်သိန်းသုံးဆယ်ပေးခဲ့ရသည်ဟု ဒေသခံများက ပြောဆိုသည်။
“မနက်တုန်းက လာလုပ်ဆောင်သွားတဲ့ပုံစံကြောင့် ရွာသားတွေက အရမ်းကိုဝမ်းနည်းကြေကွဲပြီး ကျန်ခဲ့တယ်။ ဒီဆိုင်ပေါ်တင်ထားတာကလည်း စစ်တပ်နဲ့ပတ်သက်တဲ့ အရက် ဘီယာတွေ လုံးဝ မရှိဘူး။ ပိုက်ဆံလည်း လာကောက်သွားတယ်။ အရက် ဘီယာတွေလည်း ရိုက်ခွဲပစ်ခဲ့ကြတယ်” ဟု အထက်ပါကျေးရွာရှိ ဒေသခံက ပြောသည်။
အရက် ဘီယာမရောင်းရန် ကြိုတင်သတိပေးခြင်းမျိုးမရှိဘဲ ဗိုလ်ကော်လဖိုးဦးဆောင်အဖွဲ့က ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ရမ္မဇူကျေးရွာမှ အခြားအမျိုးသားတစ်ဦးက ပြောဆိုသည်။
“သူတို့ကတော့ ဒီနားမှာ အရက်မသောက်ခိုင်းဘူး၊ မရောင်းခိုင်းဘူးဆိုတဲ့သဘောပေါ့နော်။ ဝကုန်းကနေ သူတို့ဆင်းလာတာကို ရွာသားတွေကလည်းတခြားကိစ္စနဲ့ လာတယ်ပဲထင်နေတာ၊ ဆိုင်တွေထဲကို ဝင်ပြီး မွစာကျဲရှာတယ်၊ အရက်တွေ၊ ဘီယာတွေရောင်းလို့ ဒဏ်ကြေးဆောင်ရမယ်ဆိုပြီး ပိုက်ဆံတွေရှာထားဆိုပြီးပြောတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။
လိပ်ကြယ်ပြောင်ရွာရှိ အရက်ဆိုင်တစ်ဆိုင်ကိုလည်း ရမ္မဇူရွာမှာကဲ့သို့ပင် လုပ်ဆောင်ခဲ့သည်ဟု ယင်းကျေးရွာ ဒေသခံတစ်ဦးက ပြောဆိုသည်။
သို့သော်ငွေကြေးမည်မျှ ကောက်ခံသွားသည်ကိုမူ အတိအကျမသိကြောင်း အထက်ပါ ဒေသခံက ပြောသည်။
ဒေသခံများ၏ ပြောဆိုချက်များနှင့် ပက်သက်ပြီး ကော်သူးလေတပ်မတော်မှ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းကို Dawei Watch က ဆက်သွယ်မေးမြန်းခဲ့ရာ “အဲ့ဒီကိစ္စကိုတော့ ကျွန်တော်တို့ဆီမှာ တရားဝင်စာပို့ထားတာ မရှိသေးဘူး။ ကျွန်တော်တို့ အဲ့ဒါလေးကို သေချာပြန်ပြီးတော့ စိစစ်ပြီးမေးပေးပါ့မယ်”ဟု ပြောဆိုသည်။
ကော်သူးလေအာမီက နေလင်းရောင်စစ်ကြောင်းအမည်ဖြင့် မြေပြင်ကိုစစ်ကြောင်းထွက်နေသည့် သုံးလတာကာလတွင် အခြားအဖွဲ့အစည်းများ၏ ပုံဖျက်လုပ်ဆောင်ခံရသည့် ကိစ္စများရှိသဖြင့် ယခုကိစ္စကို အမြန်ဆုံး စုံစမ်းပေးမည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
ထားဝယ်-ထီးခီးလမ်းမှာ ကော်သူးလေတပ်ဖွဲ့များ လှုပ်ရှားသည့် နေရာဒေသတစ်ခုဖြစ်ပြီး အရှေ့တောဒေသရှိ ပြည်သူလူထု၏ အားပေးထောက်ခံမှုကိုလည်း အထိုက်အလျောက်ရရှိထားသည်။
ယင်းသို့သောအခြေအနေမျိုးတွင် ဒေသခံများအပေါ် ယခုလိုလုပ်ဆောင်ခဲ့သဖြင့် တော်လှန်ရေးအဖွဲ့များအပေါ် ပြည်သူလူထု၏ အားပေးထောက်ခံမှုများ ကျဆင်းသွားနိုင်ပြီး စစ်တပ်ဘက်ကို ယိမ်းသွားနိုင်သည့် အနေအထားများရှိသည်ဟု ရမ္မဇူရွာမှ ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။