BREAKING
January 15, 2025

ရေဖြူမြို့နယ်တွင် အမျိုးသားနှစ်ဦးပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး

September 14, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဇာဒီကျေးရွာအုပ်စုတွင် ယနေ့ စက်တင်ဘာလ ၁၄ရက် နံနက် ၇ နာရီခွဲခန့်က အမျိုးသားနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရသူနှစ်ဦးမှာ ဇာဒီရွာမှ ဦးသက်မောင်နှင့် ခေါင်ပြန်ရွာမှ ဦးကြည်စိုးတို့ဖြစ်ကြပြီး ကျည်ထိမှန်ဒဏ်ရာဖြင့် ဦးကြည်စိုး သေဆုံးခဲ့ကာ ဦးသက်မောင်တွင် လက်မောင်း ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။

အမည်မသိ အမျိုးသားသုံးဦး ဆိုင်ကယ်တစ်စီးဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဇာဒီရွာသားတစ်ဦးက ပြောဆိုသည်။

“ဦးကြည်စိုးက သူ့အိမ်ရှေ့မှာ ပစ်ခံရတာ။ (ဦး) သက်မောင်က ရွာလယ်က လက်ဘက်ရည်ဆိုင်မှာ ခေါ်ထုတ်ပြီး ပစ်မလို့ လုပ်တာ ထွက်ပြေးသွားတယ်။ လှမ်းပစ်တော့ လက်မောင်းမှာထိတယ်” ဟု ၎င်းက ပြောသည်။

ဦးသက်မောင်သည် အာဏာမသိမ်းမီကပင် လက်ရှိအချိန်အထိ ဇာဒီကျေးရွာတွင် စာရေးအဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

၎င်းတို့နှစ်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကိုမူ အတည်မပြုနိုင်သေးပေ။

ပစ်ခတ်ခံရပြီးနောက် ပယရွာ၊ ရှားကုန်းရပ်ကွက်တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်သားများ ကား၂စီးဖြင့် ဇာဒီရွာသို့ရောက်ရှိနေပြီး ကားဖြင့်ကင်းလှည့်နေကြောင်း ရွာသားများကပြောသည်။

ဇာဒီကျေးရွာအုပ်စုတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး၊ စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးတို့ ပစ်ခတ်ခံရဖူးပြီး စစ်ကောင်စီတပ်နှင့် နီးစပ်သူမှာ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ကလည်း ပြီးခဲ့သည့် ဇူလိုင်လတွင် ဇာဒီကျေးရွာအုပ်စုမှ ဘဝါရွာအထိ စစ်ကြောင်းထိုးခံခဲ့သည်။