‘ငရဲပြည်ရဲ့ တံခါးဝ’ လို့ နာမည်ကျော်တဲ့ ဧရာမချိုင့်ကြီးတည်ရှိရာ ဒီနိုင်ငံမှာ တိုင်းသူပြည်သားတွေရဲ့ လူမှုဘဝ မကျေနပ်ချက်တွေဟာ မီးခိုးမထွက်ဘဲ လောင်ကျွမ်းနေတယ်။
မြင်းစီးစစ်သည်တော်တွေရဲ့ ရုပ်တုကြီးတွေ၊ စကျင်ကျောက်ဖြူတွေနဲ့ ခမ်းခမ်းနားနား ဆောက်လုပ်ထားပြီး လူမနေတဲ့ အဆောက်အအုံတွေ၊ တိုင်းပြည်အကြီးအကဲတွေရဲ့ ပုံတူရွှေစင်ရုပ်တုကြီးတွေဟာ နိုင်ငံမြို့တော်ရဲ့ နေရာအနှံ့မှာ ဝင့်ကြွားနေတယ်။
အဲဒါဆိုရင်တော့ တာ့ခ်မင်နစ္စတန်နိုင်ငံက ကြိုဆိုပါတယ်။
မြို့တော်ရဲ့ လမ်းမတွေဟာ စကျင်ကျောက်တွေနဲ့ လှပခမ်းနားစွာ အနားသတ်ထားပြီး ကမ္ဘာပေါ်က ‘စကျင်ကျောက်မြို့တော်’လို့ သတ်မှတ်ခြင်း ခံရတယ်။ ဒါဟာ နိုင်ငံရဲ့ ပုံရိပ်ကို မော်ကြွားဖို့ ဗန်းပြတည်ဆောက်ထားတဲ့ အပေါ်ယံခမ်းနားမှုတွေသက်သက်ပါပဲ။ အခြားမျက်နှာစာမှာတော့ လူဦးရေ ၆ သန်းနီးနီးရှိတဲ့ ပြည်သူတွေဟာ ကမ္ဘာပေါ်က အဆိုးရွားဆုံးလို့ ဆိုနိုင်မယ့် အာဏာရှင်အုပ်ချုပ်မှုအောက်မှာ ပြားပြားဝပ် အတွင်းကြေဖိနှိပ်ခံနေရပါတယ်။
ကမ္ဘာ့အဖိနှိပ်ဆုံး အာဏာရှင်တွေလို့ ပြောလိုက်ရင် မြောက်ကိုရီးယားလို နိုင်ငံတွေကိုပဲ လူတွေ ပြေးမြင်တတ်ကြပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးနဲ့ အဆက်ဖြတ်တံခါးပိတ်ထားတဲ့ အင်မတန်ထူးဆန်းတဲ့ အာဏာရှင်နိုင်ငံတစ်ခုဟာ အာရှတိုက်ဗဟိုဒေသရဲ့ ကာရာကွမ်သဲကန္တာရကြားမှာ တိတ်ဆိတ်စွာ မင်းမူနေပါတယ်။ သတင်းအချက်အလက် ပေါက်ကွဲနေတဲ့ ဒီနေ့ခေတ်မှာ လူတွေ သိပ်မသိကြတဲ့ ထူးဆန်းတဲ့ အာဏာရှင်နိုင်ငံတစ်ခုပါ။
ဆိုဗီယက်ယူနီယံကြီး ဖုန်တထောင်းထောင်းထ ပြိုကွဲသွားဖို့ တစ်နှစ်အလို ၁၉၉၀ ခုနှစ်မှာ တာ့ခ်မင်နစ္စတန်နိုင်ငံဟာ ဆိုဗီယက်လက်အောက်ကနေ လွတ်မြောက်လာခဲ့ပါတယ်။
တိုင်းပြည်မှာ ပထမဆုံးသမ္မတဖြစ်လာတဲ့ နစ်ယာဇော့ဗ်က အတုအယောင်လူထုဆန္ဒခံယူပွဲကျင်းပပြီး သူ့ကိုယ်သူ ‘ရာသက်ပန်သမ္မတ’အဖြစ် ကြေညာခဲ့ပါတယ်။ ‘Turkmenbashi (တာ့ခ်မန်အမျိုးသားအားလုံးရဲ့ ဖခင်ကြီး)’ လို့ ဘွဲ့တံဆိပ်တော်ခံယူပြီး သူ့ရဲ့ ပုံတူရွှေသားရုပ်တုကြီးတွေကို နိုင်ငံအနှံ့မှာ စိုက်ထူခဲ့ပါတယ်။
တိုင်းပြည်ရဲ့ အားလပ်ရက်နာမည်တွေကို သူ့နာမည်နဲ့ သူ့မိသားစုဝင်နာမည်တွေ ပေးခဲ့ပါတယ်။ အများပြည်သူပိုင်နေရာတွေကိုလည်း သူ့နာမည်ပေးခဲ့ပါတယ်။
ဒီလိုနဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနဲ့ တာ့ခ်မင်အမျိုးသားရေးဝါဒကို အခြေခံတဲ့ အကြွင်းမဲ့အာဏာရှင်စနစ်ဟာ ဒီနိုင်ငံမှာ အမြစ်တွယ်လာခဲ့ပါတယ်။ တိုင်းပြည်က လွတ်လပ်ရေးရခဲ့ပေမယ့် ပြည်သူတွေရဲ့ ဘဝကတော့ မလွတ်မြောက်သွားခဲ့ပါဘူး။ ဆိုဗီယက်ကွန်မြူနစ်သံလက်သီးအောက်ကနေ လွတ်မြောက်လာချိန်ကစပြီး ပြည်သူတွေဟာ အမျိုးသားရေးအာဏာရှင်ရဲ့ သံလက်သီးအောက်မှာ ပြားပြားဝပ်လာခဲ့ရတာ ဒီကနေ့အချိန်အထိပါပဲ။
အင်မတန်ဂွတီးဂွကျနိုင်တဲ့ ဥပဒေတွေဟာ ဒီနိုင်ငံရဲ့ နေ့စဉ်ဘဝမှာ အသားကျနေတယ်။
လူမြင်နိုင်တဲ့ နေရာတွေမှာ အဝတ်လှမ်းတာ၊ ပြတင်းပေါက်ဖွင့်ထားတာမျိုးလို ကိစ္စတွေကိုတောင် တားမြစ်တဲ့အထိ ဖိနှိပ်မှု ပြင်းထန်တဲ့နေရာ ဖြစ်ပါတယ်။
လူတွေရဲ့ ရုပ်ရည်အသွင်အပြင်နဲ့ အပြုအမူတွေကိုပါ အစိုးရက ထိန်းချုပ်ကန့်သတ်ထားပါတယ်။ နိုင်ငံသားတွေရဲ့ ရုပ်ရည်အသွင်အပြင်နဲ့ အမူအရာတွေအထိ အစိုးရက ထိန်းချုပ်ကန့်သတ်ပါတယ်။ အမျိုးသမီးတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားတဲ့ တာ့ခ်မင်ရိုးရာဝတ်စုံကိုပဲ ဝတ်ဆင်ရပါတယ်။ အသားအရေအလှကို ပေါ်လွင်စေတဲ့ အဝတ်အစားမျိုး ဝတ်ဆင်တာကို တားမြစ်ထားပါတယ်။
မီနီစကတ်၊ ဂျင်းဘောင်းဘီနဲ့ အင်္ကျီလက်ပြတ်တွေ ဝတ်ဆင်တာ၊ ဆံပင်ဆေးဆိုးတာကိုလည်း တားမြစ်ထားပါတယ်။ မိတ်ကပ်ခပ်ထူထူလိမ်းတာကိုလည်း ပိတ်ပင်ထားပါတယ်။ မိတ်ကပ်ထူထူထဲထဲလိမ်းထားတာကို တွေ့ရှိရင် ကာယကံရှင်အမျိုးသမီးဟာ စစ်ဆေးမေးမြန်းပြီး အပြစ်ပေးခံရနိုင်ပါတယ်။ အစိုးရက သတ်မှတ်ထားတဲ့ ရိုးရာဆံပင်ပုံစံတွေပဲ အမျိုးသမီးတွေမှာ ထားခွင့်ရှိပါတယ်။
အမျိုးသားတွေဟာ အသက် ၇၀ မကျော်မချင်း မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးထားခွင့် မရှိပါဘူး။ လူငယ်တွေ ဆံပင်ရှည်ထားခွင့် မရှိပါဘူး။ မော်တော်ကားထဲမှာ ရေဒီယိုနားထောင်လို့ မရဘူး။ ဗီဒီယိုဂိမ်းဆော့လို့ မရဘူး။
အိမ်မွေးခွေးမွေးတာတောင် အစိုးရက ကန့်သတ်ထားတဲ့ ခွေးအမျိုးအစားတွေကို မွေးခွင့်မရှိပါဘူး။ ဆရာဝန်နဲ့ သတင်းထောက်တွေဟာ တိုင်းပြည်ပြင်ပကို ထွက်ခွင့်လုံးဝမရှိပါဘူး။
၂၀၁၅ ခုနှစ်မှာ တာ့ခ်မင်နစ္စတန်နိုင်ငံထဲကို အနက်ရောင်ကားတွေ တင်သွင်းတာကို တားမြစ်လိုက်ပါတယ်။ အကြောင်းကတော့ လက်ရှိ ခေါင်းဆောင်ရဲ့ အမြင်မှာ အနက်ရောင်ဟာ ကံဆိုးခြင်းတွေ ယူဆောင်လာတယ်လို့ ယုံကြည်ထားလို့ပါပဲ။
ရာသက်ပန် သမ္မတ နစ်ယာဇော့ဗ် ကွယ်လွန်ပြီးနောက် သူ့ကို ဆက်ခံတဲ့ သမ္မတ ဘန်ဂူလီဘာဒီမူဟမ်မက်ဒေါကလည်း နစ်ယာဇော့ဗ်ရဲ့ ခြေရာကို နင်းပြီး သူ့ရဲ့ ပုဂ္ဂိုလ်ရေးဩဇာအရှိန်အဝါကို ပိုတိုးချဲ့တည်ဆောက်လာခဲ့ပါတယ်။
‘နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ’ ဆိုသလို အက်ရှ်ဂါဘတ်မြို့ရဲ့ အစိတ်အပိုင်းတွေကို ဖြိုချဖျက်ဆီးပြီး ကြီးကျယ်ခမ်းနားတဲ့ သူ့ရဲ့ကိုယ်ပိုင်နန်းတော်ကြီးကို တည်ဆောက်ခဲ့ပါတတယ်။ သူကိုယ်တိုင် ‘Ruhnama’ ဆိုတဲ့ စာအုပ်တစ်အုပ်ကို ၂၀၀၁ ခုနှစ်မှာ ရေးသားခဲ့ပါတယ်။
အဲဒီစာအုပ်မှာ သူ့ရဲ့ သမိုင်းဆိုင်ရာ ၊ ကျင့်ဝတ်ဆိုင်ရာအမြင်တွေကို ရောစပ်ရေးသားထားပြီး တာ့ခ်မင်နစ်စတန်ရဲ့ ကျောင်းသင်ရိုးတွေမှာ ထည့်သွင်းပြဌာန်းစေခဲ့ပါတယ်။ နိုင်ငံသားတိုင်း မဖတ်မနေရ အမိန့်ထုတ်ခဲ့ပါတယ်။
ပြည်သူတွေဟာ ဆန္ဒပြပွဲတွေ လုပ်ဖို့ နေနေသာသာ ဆန္ဒပြပွဲတွေက ဘာဆိုတာတောင် မသိကြတော့ပါဘူး။ အစိုးရအပေါ် မကျေနပ်ချက်တွေကို အိမ်ထဲမှာတောင် တီးတိုးမဝေဖန်ရဲတော့ပါဘူး။
တာ့ခ်မင်နစ္စတန်နိုင်ငံမှာ ဘယ်ပြည်သူမဆို အချိန်မရွေး ဖမ်းဆီးထောင်ချခံရနိုင်ချေ ရှိပါတယ်။ မှားယွင်းတဲ့ စွပ်စွဲချက်တွေနဲ့ အဖမ်းဆီးအကျဉ်းချခံနေရရတဲ့ လူတွေကလည်း ဒုနဲ့ဒေးပါပဲ။ အစအနရှာမရ ပျောက်ကွယ်နေတာတွေလည်း ရှိပါတယ်။
နိုင်ငံအတွင်းမှ လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုမျှ မရှိတဲ့အတွက် ဒီကိန်းဂဏန်းတွေကို ဘယ်သူမှ တိတိကျကျမသိနိုင်ပါဘူး။ ၂၀၀၂ မှာ သမ္မတနစ်ယာဇော့ဗ်ကို လုပ်ကြံဖို့ ကြိုးစားမှုဖြစ်ခဲ့ပြီးနောက်မှာ ထောင်နဲ့ချီတဲ့ လူတွေဟာ အကြောင်းရင်း တိတိပပမပြနိုင်ဘဲ ထောင်ထဲအထည့်ခံလိုက်ရပါတယ်။
တိုင်းပြည်ခေါင်းဆောင်အဆက်ဆက်ဟာ ဒီကနေ့အချိန်အထိ တာ့ခ်မင်နစ္စတန်နိုင်ငံပြင်ပကမ္ဘာကြီးကနေ အဆက်ဖြတ်ပြီး အထီးကျန်နိုင်ငံဖြစ်အောင် ဖန်တီးခဲ့ကြပါတယ်။ တိုင်းပြည်အတွင်းကို နိုင်ငံခြားသားတွေ ဝင်မလာနိုင်အောင် တတ်နိုင်သမျှ ပိတ်ဆို့ထားသလို နိုင်ငံသားတွေ ပြည်ပထွက်ခွာခွင့်ကိုလည်း တတ်နိုင်သမျှ ကန့်သတ်ထားတယ်။
ဒီမိုကရေစီရဲ့ အသက်ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ သတင်းမီဒီယာကို ကားစင်တင်ထားလိုက်တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီနိုင်ငံမှာ အုပ်ချုပ်သူတွေ ကောင်းကောင်းလက်ခံထားတဲ့ အယူအဆတစ်ခုရှိတယ်ဆိုတာ ထင်ရှားပါတယ်။
ဒါဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ နာနာကျင်ကျင် ရင်းနှီးခဲ့ရပြီးသား အတွေ့အကြုံတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကတော့ အစိုးရလုပ်သူတွေရဲ့ ပြည်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကမ္ဘာက အာရုံစိုက်မလာဖို့အတွက် နိုင်ငံတကာနဲ့ အဆက်ဖြတ်၊ တံခါးပိတ်ပြီး အထီးတကျန် ရပ်တည်နေရမယ်ဆိုတဲ့ အယူအဆပါပဲ။
လွတ်လပ်ရေးရလာချိန်ကစပြီး အကြွင်းမဲ့အာဏာရှင်စနစ် ရှင်သန်လာတဲ့ တာ့ခ်မင်နစ္စတန်နိုင်ငံမှာ ဒီမိုကရေစီနဲ့ ပြုပြင်ပြောင်းလဲရေးဂီတသံချိုချိုကို မကြားခဲ့ရပါဘူး။ နောင်လာမယ့် သိပ်မဝေးတဲ့ အနာဂတ်မှာလည်း ကြားရဖို့ မဖြစ်နိုင်ပါဘူး။
ဒီမိုကရေစီစနစ်ဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးနဲ့ မရေရာဆုံးနိုင်ငံရေးစနစ်ဖြစ်ပါတယ်။ အာဏာရှင်နိုင်ငံတွေမှာ မရနိုင်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အသုံးချပြီး အစိုးရကို ထိန်းကျောင်းနိုင်တဲ့အတွက် ဒီမိုကရေစီစနစ်ကို လူကြိုက်များပါတယ်။
ဒီမိုကရေစီရဲ့ အောက်ဆီဂျင်ဖြစ်တဲ့ မီဒီယာဟာ တာ့ခ်မင်နစ်စတန်မှာ ကြိုးကွင်းစွပ်ခံထားရပါတယ်။ သတင်းတင်ဆက်မှုတွေမှာ ‘အစိုးရအကြောင်း မကောင်းပြောတာ မပါစေရ’ ဆိုတဲ့ ကတိကဝတ်ခံပြီးမှ ထုတ်လွှင့်တင်ဆက်နေရပါတယ်။
တိုင်းပြည်အတွင်းက ပြဿနာတွေအကြောင်း စုံစမ်းဖော်ထုတ်တဲ့ ဂျာနယ်လစ်တွေဟာ ဓားသွားပေါ်မှာ လမ်းလျှောက်နေရပါတယ်။ အစိုးရကို ဝေဖန်တဲ့ သတင်းသမားတွေဟာ ဆယ်စုနှစ်နဲ့ချီပြီး ထောင်ချခံရပါတယ်။
သူတို့ကို ဖမ်းမမိရင် သူတို့ရဲ့ မိသားစုဝင်တွေကို အန္တရာယ်ပေးပါတယ်။ မြောက်ကိုရီးယားနဲ့ အီရီထရီးယားပြီးရင် တာ့ခ်မင်နစ်စတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ မီဒီယာလွတ်လပ်ခွင့်အဆိုးရွားဆုံးနိုင်ငံ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ ဘဝဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိတ်သုဉ်းနေတဲ့အပြင် ကမ္ဘာ့ဘယ်နေရာနဲ့မှ မတူတဲ့ ဖိနှိပ်အုပ်ချုပ်မှုကို ခံစားနေရပါတယ်။ လွတ်လပ်စွာ စုဝေးခွင့်နဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ဆိုတာကို အိပ်မက်ထဲတောင် ထည့်မမက်ရဲကြတဲ့ ဘဝတွေပါပဲ။ ပြည်သူတွေရဲ့ ပုဂ္ဂလိကနေ့စဉ်ဘဝတွေတောင်မှ စောင့်ကြည့်ခံရတာကနေ မလွတ်ပါဘူး။
အစိုးရရဲ့ ဖိနှိပ်မှုလက်တံဟာ တိုင်းပြည်ရဲ့ နည်းပညာဆက်သွယ်ရေးကဏ္ဍအထိ လွှမ်းခြုံထားပါတယ်။ တာ့ခ်မင်နစ်စတန်နိုင်ငံမှာ အင်တာနက်အမြန်နှန်းက အင်မတန်နှေးကွေးသလို အသုံးပြုရတာလည်း အင်မတန်ဈေးကြီးပါတယ်။
နိုင်ငံလူဦးရေရဲ့ ငါးရာခိုင်နှုန်းလောက်ကပဲ အင်တာနက်အသုံးပြုနိုင်ချေရှိကြပါတယ်။ အစိုးရက ဝက်ဆိုဒ်ပေါင်း တစ်သိန်းကျော်ကို ပိတ်ပင်ထားသလို VPN အသုံးပြုမှုဟာ ဥပဒေချိုးဖောက်မှုအဖြစ် အပြစ်ဒဏ်ကျခံရနိုင်ပါတယ်။ end-to-end encryption အသုံးပြုထားတဲ့ ဆက်သွယ်ရေးစာတိုပို့ အက်ပလီကေးရှင်းတွေ အသုံးပြုမှုကို တားမြစ်ထားပါတယ်။ ဒါဟာ နိုင်ငံသားတွေရဲ့ ပုဂ္ဂလိကဆက်သွယ်ပြောဆိုမှုတွေကိုပါ စောင့်ကြည့်လိုတဲ့ အာဏာရှင်အစိုးရရဲ့ စိတ်နေသဘောထားကို လှစ်ဟပြနေသလိုပါပဲ။
အွန်လိုင်းပေါ်မှာ ရေးသားပြောဆိုသမျှ အကြောင်းအရာတွေကို အစိုးရအာဘော်နဲ့ အဟပ်မိအောင် နောက်ကွယ်ကနေ ကြိုးဆွဲနေပါတယ်။ အစိုးရရဲ့ အာဘော်နဲ့ ကွဲလွဲပြီး ရေးသားပြောဆိုသူတွေဟာ ဖမ်းဆီးထိန်းသိမ်းခံရမယ့်ဘေးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အခြေခံလူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေရတဲ့ ပြည်သူတွေမှာ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ထိန်းချုပ်ခံနေရတာကလည်း မဆန်းတော့ပါဘူး။ နိုင်ငံသားတွေရဲ့ ကိုယ်ပိုင်ငွေကြေးသုံးစွဲမှုကိုပါ ထိန်းချုပ်ကန့်သတ်တာမျိုး လုပ်ပါတယ်။
အစိုးရဝန်ထမ်းတွေဟာ မိမိလစာထဲကနေ နိုင်ငံတော်စီမံကိန်းတွေအတွက် ရန်ပုံငွေ ပုံမှန်ပြန်ထည့်ပေးနေရပါတယ်။ လွတ်လပ်စွာ ခရီးသွားလာခွင့်ကိုပါ ထိန်းချုပ်ကန့်သတ်ခံနေရတယ်။ နိုင်ငံကူးလက်မှတ်စာအုပ်တွေကို သိမ်းယူတဲ့အထိ ပြောင်ပြောင်တင်းတင်းဖိနှိပ်လာပါတယ်။
အစ္စလာမ်ဘာသာကို လူအများစုက ကိုးကွယ်ကြတဲ့ ဒီနိုင်ငံမှာ လူနည်းစုခရစ်ယာန်ဘာသာဝင်တွေဟာ ဘာသာရေးအရ ဖိနှိပ်ခံနေရပါတယ်။ လူနည်းစုလူမျိုးစုတွေ အထူးသဖြင့် ဘလော့ချ်လူမျိုးစုတွေအပေါ် ဆက်ဆံပုံကလည်း အာဏာရှင်တွေရဲ့ ဖိနှိပ်တတ်တဲ့စရိုက်ကို ဖော်ပြနေပါတယ်။
ခမ်းနားလှပတဲ့ စကျင်ကျောက်ဖြူအဆောက်အအုံကြီးတွေနဲ့ အပေါ်ယံချမ်းသာကြွယ်ဝမှုကို ဗန်းပြထားပေမယ့် နိုင်ငံသားတွေဟာ အစားအစာပြတ်လပ်မှုတွေ ရင်ဆိုင်နေရပါတယ်။ ငွေကြေးဖောင်းပွမှုကလည်း အကြီးအကျယ်နှိပ်စက်နေပြီး အလုပ်လက်မဲ့ပြဿနာကလည်း ပြည်သူတွေရဲ့ ဘဝကို နှိပ်စက်နေပါတယ်။
လူဦးရေရဲ့ တစ်ဝက်ခန့်ဟာ အလုပ်လက်မဲ့ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။ ပြည်သူတွေရဲ့ ဘဝဟာ ဆင်းရဲတွင်းထဲ နစ်ဝင်နေပြီး မိသားစုတော်တော်များများဟာ သူတို့ရသမျှ ဝင်ငွေရဲ့ ရာခိုင်နှုန်းတော်တော်များများကို အစားအစာဝယ်ခြမ်းဖို့အတွက်ပဲ အသုံးပြုနေရပါတယ်။
တိုင်းပြည်ရဲ့ အမှန်တကယ်အလုပ်လက်မဲ့နှုန်းကို အစိုးရ ကိန်းဂဏန်းတွေက တိတိကျကျ မဖော်ပြပါဘူး။ နိုင်ငံရဲ့ လုပ်သားဦးရေတစ်ဝက်ခန့်ဟာ အလုပ်လက်မဲ့ပြဿနာနဲ့ ထိခိုက်ခံစားနေရတယ်လို့ ယူဆရပါတယ်။
တစ်ဖက်မှာလည်း ကောက်ရိတ်သိမ်းချိန်ရောက်လာရင် ကလေးသူငယ်တွေ အပါအဝင် နိုင်ငံသားတွေဟာ လုပ်အားခမရဘဲ အတင်းအကျပ်လုပ်အားပေးခိုင်းစေခံနေရပါတယ်။ ကောက်ရိတ်သိမ်းချိန်ရောက်လာရင် ကလေးသူငယ်တွေအပါအဝင် နိုင်ငံသားတွေဟာ ဝါစိုက်ခင်းတွေမှာ အခကြေးငွေမရဘဲ အတင်းအကျပ်လုပ်အားပေးခိုင်းစေခံပါတယ်။
အကျင့်ပျက်ခြစားမှုကလည်း အင်အားပြထကြွနေသလို ပွင့်လင်းမျှတမှုမရှိတဲ့ တရားစီရင်ရေးစနစ်အောက်မှာ အိမ်တွင်းအကြမ်းဖက်မှုပြဿနာကလည်း ကြီးထွားလာနေပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာ့ခ်မင်နစ်စတန်နိုင်ငံ ကို နိုင်ငံတကာက ဖိအားပေးတာကလည်း အင်မတန်နည်းပါးလှပါတယ်။ တာ့ခ်မင်နစ်စတန်ခေါင်းဆောင်တွေဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို မခံရအောင် အစဉ်တစိုက် ကြိုးစားလာခဲ့ကြပါတယ်။
နိုင်ငံတကာမျက်နှာစာမှာ အသံသိပ်မထွက်ဘဲ သိုသိုသိပ်သိပ် နေလာခဲ့ကြပါတယ်။ ရုရှား၊ တရုတ်၊ အီရန်လို ပြင်ပအင်အားကြီးနိုင်ငံတွေနဲ့ ပြဿနာမတက်မိအောင်လည်း အစဉ်တစိုက် ဂရုတစိုက် ထိန်းထိန်းသိမ်းသိမ်းနေလာခဲ့ကြပါတယ်။
တာ့ခ်မင်နစ်စတန်ဟာ အီရန်၊ အာဖဂန်နစ္စတန်၊ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး ကမ္ဘာပေါ်မှာ ဆဌမမြောက် သဘာဝဓာတ်ငွေ့ထွက်ရှိမှုအများဆုံးနိုင်ငံဖြစ်ပါတယ်။
ဒါပေမယ့် သဘာဝဓာတ်ငွေ့က ရတဲ့ ဝင်ငွေတွေဟာ ကမ္ဘာပေါ်မှာ အဖိနှိပ်တတ်ဆုံး တာ့ခ်မင်နစ်စတန်အစိုးရကို ကိုယ့်ပြည်သူတွေကို နှိပ်ကွပ်လို့ရအောင် ထောက်ပံ့ပေးထားသလိုပါပဲ။
အစိုးရဟာ နိုင်ငံခြားအကျိုးစီးပွားတွေ ပါဝင်ယှက်နွယ်နေတဲ့ နိုင်ငံခြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို တတ်နိုင်သမျှ လက်ရှောင်ပြီး သံတမန်ရေးမျက်နှာစာမှာ ကြားနေဘက်မလိုက်မူဝါဒကို ကျင့်သုံးပါတယ်။
နိုင်ငံတကာသံတမန်ရေးရာကိစ္စတွေမှာ ခပ်လျှိုလျှို သိုသိုသိပ်သိပ်နေခြင်းအားဖြင့် ပြည်တွင်းမှာ နိုင်ငံခြားတိုင်းပြည်တွေရဲ့ ပါဝင်စွက်ဖွက်မှုမရှိအောင် တာ့ခ်မင်နစ်စတန်အစိုးရက တောက်လျှောက်ကြိုးပမ်းလာခဲ့ပါတယ်။
ပြည်တွင်းမှာ ကျင့်သုံးနေတဲ့ ထူးဆန်းဆန်း ဂွကျကျ ကြောင်တောင်တောင်ဥပဒေတွေကို နိုင်ငံတကာက အာရုံမစိုက်မိလာအောင် တတ်နိုင်သမျှ ကမ္ဘာကြီးနဲ့ အဆက်ဖြတ် တံခါးပိတ်နေလာခဲ့ပါတယ်။
တာ့ခ်မင်နစ်စတန်အစိုးရက လက်ခံထားတဲ့အချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အတတ်နိုင်ဆုံး ရှောင်ကြဉ်တာက ပြည်တွင်းမှာ မိမိဘာသာ စိတ်ကြိုက်လွှမ်းမိုးခြယ်လှယ်လို့ရစေတယ်ဆိုတဲ့ အယူအဆပါပဲ။
အာဏာရှင် နိုင်ငံလို့ ပြောရင် တာ့ခ်မင်နစ္စတန်ကို အားလုံးကတော့ ခပ်မေ့မေ့ပါပဲ။ ဒီလိုပဲ ဖြစ်အောင် လုပ်ထားတယ်။
ဈာန်ဟိန်း